နေပြည်တော် မေ ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး HE. Smt.
Sushma Swaraj အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင်
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ရခိုင်ပြည်နယ်
ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့်
ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် အိန္ဒိယနိုင်ငံမှ
ပါဝင်ကူညီပံ့ပိုးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ
ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး HE. Shri Vikram Misri နှင့် အိန္ဒိယကိုယ်စားလှယ်
အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံမှုအပြီးတွင်
မြန်မာ- အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချုပ်နှင့် နားလည်မှုစာချွန်လွှာများ
လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားသို့
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်သည်တော် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးတို့
တက်ရောက်သည်။
အခမ်းအနားတွင် အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
နှင့် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး HE. Smt. Sushma Swaraj တို့က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့်
အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့၏ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူ
စာချုပ်ကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနှင့်
အိန္ဒိယသံအမတ်ကြီး HE. Shri Mr. Vikram Misri တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့်
အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့အကြား ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော
စေတီပုထိုးများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း
အသီးသီး လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ
သဘောတူစာချုပ်အရ သက်တမ်းရှိ ဗီဇာ/ အီလက်ထရွန်နစ် ဗီဇာ ကိုင်ဆောင် ထားသော မြန်မာနိုင်ငံသား၊
အိန္ဒိယနိုင်ငံသားများနှင့် တတိယနိုင်ငံသားများသည် သတ်မှတ်ထားသည့် တမူး (မြန်မာ) -မိုရေး
(အိန္ဒိယ) နှင့် ရိခေါဒါရ် (မြန်မာ)- ဇိုခေါသာ (အိန္ဒိယ) နယ်စပ် ဝင်/ထွက်ပေါက်များမှ
ဝင်ထွက်သွားလာနိုင်မည် ဖြစ်ပြီး ဗီဇာ သတ်မှတ်ရက်အတိုင်း နေထိုင်ခွင့်ရမည် ဖြစ်သကဲ့သို့
နှစ်နိုင်ငံ နယ်စပ်ဒေသနေ ပြည်သူများသည် တစ်နှစ် သက်တမ်းရှိ နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ်
လျှောက်ထား၍ တစ်ဖက်နိုင်ငံသို့ ဝင်ထွက်သွားလာနိုင်မည် ဖြစ်သည်။
ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့်
ပြိုကျပျက်စီးခဲ့သော ဘုရားများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ နားလည်မှု
စာချွန်လွှာအရ အဆိုပါဘုရားများအား မြန်မာနိုင်ငံ၊ သာသနာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတို့နှင့် အိန္ဒိယနိုင်ငံ
Archaeological Survey of India (ASI)တို့ ပူးတွဲလျက် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစီမံကိန်းများကို
အကောင်အထည်ဖော် ဆောင်ရွက်ကြမည် ဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံသက်ဆိုင်ရာ
တာဝန်ရှိသူများက လက်မှတ်ရေးထိုး ထားသော ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူ ညီချက်/
နားလည်မှု စာချွန်လွှာများ ဖြစ်ကြသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး
ဗဟိုဌာန(NRPC) တွင် အသုံးပြုရန်အတွက် အိန္ဒိယနိုင်ငံမှ မော်တော်ယာဉ် (၁၀) စီး ထောက်ပံ့ပေးအပ်ရေးဆိုင်ရာ
နားလည်မှု စာချွန်လွှာ၊ အိန္ဒိယ နိုင်ငံ အကူအညီဖြင့် သထုံမြို့တွင် ဖွင့်လှစ်သွားမည့်
Indo-Myanmar Industrial Training Centre တည်ထောင်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
အိန္ဒိယနိုင်ငံ အကူအညီဖြင့် မုံရွာမြို့တွင် ဖွင့်လှစ်သွားမည့် Indo-Myanmar
Industrial Training Centre တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံ၊
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ၊
ပြည်ပရေးရာ ဝန်ကြီးဌာန၊ India Foreign Service Institute တို့အကြား မြန်မာသံတမန်များအတွက်
စွမ်းရည်မြှင့် တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် အိန္ဒိယနိုင်ငံ
အကူအညီဖြင့် မြင်းခြံမြို့တွင် ဖွင့်လှစ်ထားသည့် Indo-Myanmar Industrial Training
Centre မွမ်းမံ ပြင်ဆင်ရန် (၅) နှစ် စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ စာလွှာတို့အား
အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
Ref; Myanmar
State Counsellor Office

No comments:
Post a Comment