နေပြည်တော်
မေ ၉
e-Government
အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်
၉ နာရီခွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ
e-Government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ အဖွင့်အမှာစကား ပြောကြား၍ e-Government
အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မှ အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင်
လုပ်ငန်းကော်မတီဥက္ကဋ္ဌက e-Government လုပ်ငန်းစဉ်များ အောင်မြင်မှု နည်းပါးရသည့် အကြောင်းရင်းများကို
ပြောကြားခဲ့ပြီး ဆက်လက်၍ e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက်
ဦးဆောင်ကော်မတီမှ ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း
ကွပ်ကဲကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ဥပဒေမူဘောင်၊ မူဝါဒများ
နှင့် စံချိန်စံနှုန်း သတ်မှတ်ချက်များကို အမြန်ရေးဆွဲ ပြဌာန်း သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်
တိုက်တွန်းလိုပါကြောင်း၊ Myanmar e-Governance Master Plan တွင် ပါရှိသော လုပ်ငန်းစဉ်မူဘောင်နှင့်
လမ်းပြမြေပုံများအား အခြေပြုပြီး ရှေ့ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ပုံဖော်ဆောင်ရွက်သွားကြရမည်
ဖြစ်ပါကြောင်း၊ ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် Quick Win
ဖြစ်စေမည့် လုပ်ငန်းများကို ရွေးချယ်သတ်မှတ်၍ သွက်လက်မြန်ဆန်စွာ စတင်ဆောင်ရွက်သွားကြရန်
လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်များကို သတ်မှတ်ပေးနိုင်ရေးအတွက် ပထမဦးစွာ အစိုးရဌာနများ၏
e-Government လုပ်ငန်းများကို စစ်တမ်း ကောက်ယူသွားမည်ဖြစ်ပြီး CIO များအား အစည်းအဝေး
ခေါ်ယူ၍ ရှင်းလင်းသွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့်
Ne-ID စနစ် တည်ဆောက်ခြင်း လုပ်ငန်းအား ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်မည်
ဖြစ်ကြောင်း၊ တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအဖွဲ့ (Sub
Committee) များ လိုအပ်သလို ဖွဲ့စည်းသွားနိုင်ရေး ကိစ္စကိုလည်း ယနေ့ အစည်းအဝေးတွင် ဆွေးနွေးသွားစေလိုပါကြောင်း၊
အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်မှုမရှိခြင်း၊
Project duplicate ဖြစ်ခြင်းများကို
ရှောင်ကြဉ်နိုင်ရေးနှင့် နိုင်ငံ၏ အမှန်တကယ် လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး အကျိုးကျေးဇူး
ထိထိရောက်ရောက် ရရှိစေရေး စနစ်တကျ စိစစ်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်
ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး
e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က
မြန်မာနိုင်ငံတွင် e-Government စနစ်အောင်မြင်စွာ အကောင်အထည် ဖေါ်ဆောင်သွားနိုင်ရေး
ဦးစီးလမ်းညွှန် သွားနိုင်ရန် e-Government ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီကို ၂၀၁၈၊
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင်
e-Government စနစ်အကောင်အထည်ဖော်ရာ၌ ဌာနများမှ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပြီး
သီးခြားစီ အကွဲကွဲအပြားပြား ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသဖြင့် ဦးဆောင်ကော်မတီနာယက
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်နှင့် အညီ ပူးပေါင်းဆောင်ရွက်သွားကြရန်
လိုအပ်ပါကြောင်း။ Myanmar e-Governance Master Plan ကို အခြေခံပြီး လုပ်ငန်းများကို
ပေါင်းစပ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
e-Governance
လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်(၃) ခု ရှိပါကြောင်း၊ ပထမလုပ်ငန်းစဉ်
အနေဖြင့် ဥပဒေမူဘောင် ချမှတ်သွားရမှာဖြစ်ကြောင်းနှင့် လက်ရှိတွင် Cyber Legal and
Policy Framework (Cyber Law) ကို ရေးဆွဲသွားနိုင်ရန် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး
၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဥပဒေမူကြမ်း ရရှိစေရန် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊
ဒုတိယလုပ်ငန်းစဉ်မှာ ICT Infrastructure ပိုင်းဖြစ်ပြီး ၎င်းအပိုင်းတွင် မိုဘိုင်း ဆက်သွယ်ရေး
ကွန်ယက်သည် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံပြီးဖြစ်သည့်အတွက် ၎င်းအခြေအနေကောင်း
များကို ထိရောက်စွာ အသုံးချပြီး Mobile Application များကို ဦးစားပေး ဆောင်ရွက်သွားရန်
အထူး လိုအပ်မည်ဖြစ်ပါကြောင်း၊ Data Center တည်ဆောက်သည့် အပိုင်းတွင်လည်း သီးခြားစီ
တည်ဆောက် အသုံးပြုကြမည့် အစား စုစည်းတည်ဆောက်ပြီး မျှဝေအသုံးပြုခြင်းအားဖြင့် တစ်စုတစ်ဝေးတည်း
စီမံခန့်ခွဲနိုင်ပြီး လုံခြုံမှု ပိုမိုကောင်းမွန်လာမည် ဖြစ်တဲ့အတွက် နိုင်ငံတကာ အဆင့်မှီ
e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်း စီမံကိန်းကို အစိုးရဌာန
အားလုံးမှ အသုံးပြု သွားနိုင်အောင် ရည်ရွယ်ပြီး ကိုးရီးယားသမ္မတနိုင်ငံ၏ EDCF ချေးငွေနှင့်
ဆောင်ရွက်လျက်ရှိကြောင်း၊ ICT Infrastructure သည် e-Government စနစ် တည်ဆောက်ရာတွင်
အခြေခံကျသော အပိုင်း ဖြစ်သောကြောင့် အကျိုးအမြတ်ရရှိရေးကို ဦးစားမပေးဘဲ ပြည်သူလူထုအတွက်
အကျိုးသက်ရောက်မှု ရှိစေရေးကို ရှေးရှု၍ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တတိယ လုပ်ငန်းစဉ်မှာ
Application Software များဖြင့် ပြည်သူသို့ e-Service များ ဝန်ဆောင်မှု ပေးနိုင်ရန်
ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယင်းတွင် သဘောသဘာဝတူညီသည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနက
တာဝန်ယူ အကောင်အထည် ဖော်ပြီး အားလုံးမျှဝေ အသုံးပြုနိုင်အောင် ဆောင်ရွက်ရမည့် လုပ်ငန်း
(Common and Shared Application) အပိုင်းနှင့် သဘောသဘာဝ မတူညီသည့် လုပ်ငန်းများကို
သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်သွားရမည့် (Ministry Specific Applications) အပိုင်းတို့
ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အချင်းချင်း အပြန်အလှန် လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်သွားနိုင်ရန်
စံသတ်မှတ်ချက်များကို ချမှတ်၍ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အစိုးရဌာန အသီးသီး၏
e-Government လုပ်ငန်းများကို စစ်တမ်းကောက်ယူပြီး ပြန်လည်ဆန်းစစ်လေ့လာရန်နှင့် စဉ်ဆက်မပြတ်
စောင့်ကြည့်သွားရန် အတွက် Monitoring အဖွဲ့တစ်ခုကို ပထမဦးစွာ ဖွဲ့စည်းသွားရန် လိုအပ်မည်
ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊
ဦးသိန်းဆွေက e-ID စီမံကိန်းလုပ်ငန်းတွင် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား
Unique ID တစ်ခုစီ ထုတ်ပေးခြင်းနှင့် National Database တည်ဆောက်ခြင်း လုပ်ငန်းနှင့်
နိုင်ငံသား စိစစ်ခြင်းလုပ်ငန်းတို့ ပါဝင်မည် ဖြစ်ပါကြောင်း၊ National Database တည်ဆောက်ခြင်း
လုပ်ငန်းသည် e-ID စနစ်တစ်ခုလုံး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံတော်အတွင်း နေထိုင်သောသူ
တစ်ဦးချင်းစီ၏ Biometric Data နှင့် Biographic Data များအား ကောက်ယူ၍ Electronic စနစ်ဖြင့်
National Database တွင် သိမ်းဆည်းပြီး ကိုယ်ပိုင်နံပါတ်တစ်ခုစီ Unique Identity
(UID) ထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ UID ရပြီးသူများအား နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းကို
ဆက်လက် ဆောင်ရွက်၍ နိုင်ငံသားကတ် Smart Card ကို ပြောင်းလဲ ထုတ်ပေးနိုင်သည့် စနစ်ကို
အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားကာ e-ID စနစ်အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရေးအတွက် လေ့လာတွေ့ရှိချက်များ၊ နိုင်ငံတကာ၌ Smart Card အသုံးပြု ဆောင်ရွက်နေမှုများနှင့်
အားနည်းချက်၊ အားသာချက်များ၊ Unique Identity (UID) စနစ် စတင်ဆောင်ရွက်၍ ပြည်သူများအတွက်
ဝန်ဆောင်မှုပေးနိုင်မည့် အခြေအနေများ၊ Smart Card ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်မည့်
အစီအစဉ်များ၊ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေး အတွက် အဆိုပြုမူကြမ်း
တို့ကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍
တက်ရောက်လာသည့် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဝင်များ ဖြစ်သည့် ဝန်ကြီးဌာနများမှ
တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ အထူး ဖိတ်ကြားထားသည့်
ပညာရှင်များ တို့မှ ဆွေးနွေး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများမှ လိုအပ်သည်များအား
ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment