နေပြည်တော် မေ ၉
ငါးကဏ္ဍဖွံ့ဖြိုးမှု
အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မေ(၆)ရက် နံနက်ပိုင်းက
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း
အဖွဲ့ချုပ်ရုံးတွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာအောင်သူ တက်ရောက် ဆွေးနွေးသည်။
အခမ်းအနားသို့
ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ရန်ကုန်တိုင်းဒေသကြီး
ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ
ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးက
နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးအတွက်ဒုတိယ အရေးကြီးသော သားငါးကဏ္ဍကို စိုက်ပျိုးရေးကဏ္ဍနှင့်အတူ
တပြိုင်တည်း ဖွံ့ဖြိုးလာစေရေးအတွက် ခေတ်စနစ်နှင့် ကိုက်ညီစေမည့် ဥပဒေ၊နည်း ဥပဒေပိုင်း
ဆိုင်ရာ ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်ပေး နိုင်ရေး၊
နည်းပညာမြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတိုးချဲ့ ဆောင်ရွက်နိုင်ရေးတို့ကို
ဘက်စုံထောင့်စုံမှ အားပေးကူညီလျက် ရှိပါကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့် အရင်းအမြစ်များ
အခြေအနေများနှင့် ကိုက်ညီမှုရှိသည့် လုပ်ငန်းများ ကိုဦးစားပေး အဆင့်အလိုက် လက်တွေ့ အကောင်အထည်ဖော်
ဆောင်ရွက်ကြစေ လိုကြောင်း၊ မည်သည့် လုပ်ငန်းတွင်မဆို ပြဿနာ အနည်း အများကို ရင်ဆိုင်ကျော်လွှားရသည်
ချည်းဖြစ်ရာမိမိတို့၏ အတွေ့အကြုံများ ၊ အကြံဉာဏ်များ ၊ လေ့လာတွေ့ ရှိချက်များကို အခြေခံပြီး
အကောင်းဆုံးအဖြေရှာနိုင်မှု စွမ်းရည်သည် ကြီးမားသော အင်အား တစ်ခုဖြစ်သည်ကို သတိပြုကြစေလိုကြောင်းဖြင့်
ဆွေးနွေးပြောကြားသည်။
၂၀၁၇-၂၀၁၈
ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ငါးလုပ်ငန်း ဆောင်ရွက်မှု အနေဖြင့် ငါးသားပေါက် ကောင်ရေ
၆၃၁၁ ဒသမ ၆၈၅ သိန်း ထုတ်လုပ်နိုင်ခဲ့ပြီး ငါးသားပေါက် ကောင်ရေ ၅၂၉၀.၉၄၁ သိန်း ရောင်းချနိုင်ခဲ့ကာ
၊ ငါးသားပေါက် ကောင်ရေ ၁၀၂၀ ဒသမ ၇၄၄ သိန်း မျိုးစိုက်ထည့်ပေးနိုင်ခဲ့သည်။ ရေထွက်ပစ္စည်း
ထုတ်လုပ်မှုအနေဖြင့် ငါးတန်ချိန် ၃၉၄၁၃၅ ဒသမ ၈ မက်ထရစ်တန်၊ ပုစွန်တန်ချိန် ၁၅၉၀၅ ဒသမ
၄၄ မက်ထရစ်တန်၊ အခြားရေထွက်ကုန် တန်ချိန် ၁၅၈၁၈၆ ဒသမ ၀၉ မက်ထရစ်တန် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့သဖြင့်
အမေရိကန်ဒေါ်လာ ၇၁၁ ဒသမ ၇၁၇ သန်းကိုရေထွက် ပစ္စည်း ထုတ်လုပ်မှုမှ ရှာဖွေနိုင်ခဲ့ကြောင်း
သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment