၂၀၁၈
ခုနှစ်၊ မေလ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အစ္စလာမ်မစ် ပူးပေါင်း
ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ထုတ်ပြန်ခဲ့သော
ဒါကာကြေညာချက်တွင် မြန်မာလုံခြုံရေး တပ်ဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ
အပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါသည်။
ယင်းကြေညာချက်မှာ
ဟန်ချက်ညီမျှမှု၊ တရားမျှတမှု ကင်းမဲ့သည့်အပြင် ယနေ့ကြုံတွေ့နေရသည့် လူသားချင်းစာနာမှု
အခြေအနေများကို စတင်ဖြစ်ပွားစေခဲ့သော Arakan Rohingya Salvation Army (ARSA) အမည်ရှိ
အကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက်မှုများကိုမူ ရှုတ်ချခြင်း အလျဉ်းမရှိကြောင်း
တွေ့ရှိရပါသည်။
ရခိုင်ပြည်နယ်၏
ဖြစ်စဉ်များအား “လူမျိုးစုသုတ်သင်ရှင်းလင်းမှု”၊ “အစိုးရအားပေးသည့် အကြမ်းဖက်မှု” ဟူသော
အသုံးအနှုန်းများဖြင့် တာဝန်မဲ့စွာ ဖော်ပြခြင်းအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာ
ပယ်ချပါသည်။ မောင်တောဒေသတွင် မွတ်စလင် အသိုက်အဝန်းမှာ လူများစုဖြစ်ပြီး၊ ယင်း၏ (၅၀)
ရာခိုင်နှုန်းကျော်မှာ ယင်းကျေးရွာများတွင် ဆက်လက်နေထိုင်နေကြဆဲ ဖြစ်ပါသည်။
အစိုးရအနေဖြင့်
လူ့အခွင့်အရေး ချိုးဖောက်မှုမှန်သမျှကို ခွင့်လွှတ်မည်မဟုတ်ကြောင်း ကြိမ်ဖန် များစွာ
ပြောကြားထားပြီး ဖြစ်ပါသည်။ ခိုင်မာသော အထောက်အထားရှိသည့် စွပ်စွဲပြောကြားချက် များနှင့်ပတ်သက်၍
စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ပါသည်။
ဒါကာကြေညာချက်တွင်
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံ သဘောတူညီချက် အတိုင်း
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား အမြန်ပြန်လည် လက်ခံရေးလုပ်ငန်း စတင်ရန် အရေးတကြီး
လိုအပ်နေမှုနှင့် ရခိုင်ပြည်နယ်တွင် သဟဇာတဖြစ်မှု မြှင့်တင်ရေးနှင့် ရေရှည်ဖွံ့ဖြိုး
တိုးတက်ရေးအတွက် ဦးတည်သည့် အကြံပြုမှုများ တစ်လုံးတစ်ပါဒမျှ ဖော်ပြထားခြင်း မရှိသည်မှာ
အထူး စိတ်မကောင်းဖွယ်ရာ ဖြစ်ပါသည်။
ယခုအခါ
မုတ်သုန်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား
ဆောလျင်စွာ စတင်နိုင်ရန် ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။ ထို့ကြောင့် နှစ်နိုင်ငံ
သဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် လိုအပ် သည့် လုပ်ငန်းအဆင့်ဆင့်ကို
ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြန်မာနိုင်ငံက တိုက်တွန်း ပါသည်။
မြန်မာနိုင်ငံအနေဖြင့်
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား မိမိဆန္ဒအလျောက် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ
နေရပ်ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အဆင်သင့်ရှိကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၈
ခုနှစ်၊ မေလ ၉ ရက်။
No comments:
Post a Comment