Tuesday, May 22, 2018

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ မေ ၂၁
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ဒုတိယဥက္ကဋ္ဌ H. E. Mr. Wang Zhengwei နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်ဆောင် Talk Room ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံအကြား ပြည်သူအစိုးရ၊ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများ မျှဝေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် CPPCC ၏ ဖွဲ့စည်းတည်ဆောက်မှုနှင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးကဏ္ဍတို့တွင် ပါဝင်ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော်ရေးရာ ကော်မတီများဖြစ်သည့် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ အမျိုးသားလွှတ်တော် မြန်မာ-တရုတ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment