နေပြည်တော် မေ ၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး
လုပ်ငန်းနှင့် Joint Venture of NEWJEC Inc. and Nippon Koei Co., Ltd. တို့အကြား ဘီလူးချောင်းအမှတ် (၁) နှင့်
ဆည်တော်ကြီး ရေအားလျှပ်စစ် စက်ရုံများ၏ အလုံးစုံပြုပြင်မွမ်းမံခြင်း စီမံကိန်းအတွက်
“Contract for Consultants’ Services” စာချုပ်လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊
အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်
တာဝန်ရှိသူများ၊ JICA Myanmar Office နှင့် Joint Venture of NEWJEC Inc. and
Nippon Koei Co., Ltd. တို့မှ တာဝန်ရှိသူများ
တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဝန်ကြီးဌာန
လက်အောက်ရှိ စက်လည်ပတ်မှုသက်တမ်း (၂၅) နှစ်ကျော် ကြာမြင့်နေသည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ
အနက်မှ ဘီလူးချောင်း အမှတ်(၁)နှင့် ဆည်တော်ကြီးစက်ရုံများ၏ အလုံးစုံပြုပြင်မွမ်းမံရေး
စီမံကိန်းကို ဂျပန်နိုင်ငံ ချေးငွေ ODA, Yen Loan၊ ယန်းသန်းပေါင်း (၁၀,၇၈၇) ဖြင့် ၂၀၁၈-၂၀၁၉
မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့
ဆောင်ရွက်ခြင်းမှာ ဆည်တော်ကြီး စက်ရုံသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် ၁၉၈၄
ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် စက်စတင်လည်ပတ်ခဲ့ရာ ယနေ့ထိ သက်တမ်း (၂၈)
နှစ်ရှိပြီဖြစ်ပါကြောင်း၊ ထို့အတူ ဘီလူးချောင်းအမှတ် (၁) စက်ရုံမှာလည်း ဂျပန် ODA ချေးငွေဖြင့်
၁၉၈၇ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၉၂ခုနှစ်တွင် စက်စတင်လည်ပတ်ခဲ့ရာ ယနေ့အထိ သက်တမ်း
(၂၅) နှစ် ရှိပြီဖြစ်ပါကြောင်း၊
စက်ရုံသက်တမ်း (၂၅) နှစ်ကျော်ကြာ ကာလအတွင်း အကြီးစား ပြုပြင်မှု
လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသဖြင့် ဓာတ်အားပေးစက်များမှာ မကြာခဏ ချို့ယွင်းမှု
ဖြစ်ပေါ်ခဲ့ပြီး စက်၏ စွမ်းဆောင်ရည် (Efficiency) ကျဆင်းလာခဲ့သည့်အတွက် အဓိက စက်ပစ္စည်း
အစိတ်အပိုင်းများမှာ အလုံးစုံပြုပြင်မှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ အလုံးစုံပြုပြင်မှုများ
ဆောင်ရွက်ခြင်းဖြင့် နောက်ထပ်နှစ်ပေါင်း (၂၅) နှစ်ခန့်အထိ သက်တမ်းပိုမို ကြာရှည်စွာ
နိုင်ငံတော်ဓာတ်အားစနစ်သို့ လုံခြုံစိတ်ချစွာဖြင့် ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့်အပြင်
လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း (၂) သန်းခန့် တိုးတက် ထုတ်လုပ်လာနိုင်မည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက် Joint Venture of NEWJEC Inc. and Nippon
Koei Co., Ltd. မှ Mr. Kiyoshi Yoshida မှ
ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်
ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် Joint Venture of NEWJEC Inc. and Nippon
Koei Co., Ltd. မှ Mr. Kiyoshi Yoshida တို့က
ဘီလူးချောင်းအမှတ်(၁)နှင့် ဆည်တော်ကြီး ရေအားလျှပ်စစ်စက်ရုံများ အလုံးစုံ ပြုပြင်မွမ်းမံခြင်း
စီမံကိန်းအတွက် “Contract for Consultants’ Services” စာချုပ်ကို လက်မှတ် ရေးထိုး၍
အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment