Thursday, May 10, 2018

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ (၂၈) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ ကျင်းပ


နေပြည်တော် မေ ၉
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း (ဗဟို) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမြင့်ထွေး၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါက်တာမြသောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့မှ ဥက္ကဌနှင့် တာဝန်ရှိသူများ  မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား ကောင်စီမှ တာဝန်ရှိသူများ၊   ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကြီးသည် သီးခြားလွတ်လပ်ပြီး အစိုးရမဟုတ်သည့် နိုင်ငံရေးကင်းရှင်းသော လူမှုရေး အဖွဲ့အစည်းကြီးဖြစ်ကြောင်း၊
ပြည်သူများ၏ အကျိုး၊ အမျိုးသမီးနှင့်ကလေးများ၏ အကျိုးကို ရှေးရှုပြီး လွတ်လပ်စွာ ရပ်တည် ဆောင်ရွက်နေသည့် ထူးခြားသည့် ဝိသေသလက္ခဏာများနှင့် ပြည်စုံသည့် အသင်းကြီး ဖြစ်ကြောင်း၊ လိုအပ်သည့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကူအညီနှင့် အကြံဉာဏ်များကို မိမိတို့ဝန်ကြီး ဌာနအပါအဝင် ပညာရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ထံမှ  ရယူ တောင်းခံနိုင်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ကျန်းမာရေး စီမံချက် အမျိုးမျိုးမှာလည်း ပါဝင်ပူးပေါင်း ကူညီစေလိုပါကြောင်း၊
ထို့အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အကူအညီ အထောက်အပံ့များ ရရှိနိုင်သည့်အပြင် ပိုမိုအရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများကို ပေးနိုင်မည့်အပြင် ပုံရိပ်လည်း တိုးတက်လာမှာဖြစ်ကြောင်း၊
အသင်းကြီး၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို ရရှိအောင် ဆောင်ရွက်ပေးကြသည့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များကို လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း၊ အသင်းဝင်များ၏ စေတနာ မေတ္တာနှင့် လူမှုဝန်ထမ်း စိတ်ဓာတ်ကိုလည်း လေးစားပါကြောင်း၊
မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များသည် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ ရှိသောကြောင့်  ပြည်သူများ၏ ကျန်းမာရေး အသိပညာ မြင့်မားရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊
ပြည်သူများ၏ အသိပညာမြင့်မားလာပါက ရောဂါဖြစ်ပွားမှုများ ကျဆင်းခြင်း၊ မိခင် သေဆုံးမှုနှင့် (၁)နှစ် အောက်ကလေး သေဆုံးမှုများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုထိရောက် အောင်မြင်စေရန် လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများကို လုပ်စေလိုကြောင်း၊
ဤအသင်းကြီးနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းကဏ္ဍ၌ ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီဆိုသလို တစ်ဖက်ကို တစ်ဖက် အထောက်အကူ ပြုလျက် ရှိနေပါကြောင်း၊ အသင်းကြီး၏ ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ မိခင်နှင့် ကလေးများ၏ ကျန်းမာရေး မြှင့်တင်ရေးအတွက် အလွန်အရေးပါကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်လည်းကောင်း မိမိတို့အနေဖြင့် လည်းကောင်း မှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ တိုင်းဒေသကြီး/ပြည်နယ်များမှ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ အသုံးပြုနိုင်ရန်အတွက် Standardized Health Messages စာအုပ်များကို ပေးအပ်ရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က လက်ခံရယူသည်။ ယင်းနောက် ခင်းကျင်းပြသ ထားသည့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၏ လှုပ်ရှားမှုဓာတ်ပုံများကို ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များက လှည့်လည် ကြည့်ရှုသည်။
ယင်းနောက် (၂၈)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး  အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး တို့က လုပ်ငန်းအစီရင်ခံစာများ၊ ဘဏ္ဍာရေး ငွေစာရင်း ရှင်းတမ်းနှင့် ရသုံးမှန်းခြေ စာရင်းများအား ဖတ်ကြားကြပြီး၊ တိုင်းဒေသကြီး/ ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့များမှ နှစ်ချုပ် အစီရင်ခံစာများကို အစီအစဉ်များအတိုင်း ဖတ်ကြား တင်သွင်းကြသည်။
နှစ်ပတ်လည် အစည်းအဝေးကို မေလ (၉) ရက်မှ (၁၁)ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး စာတမ်းများ ဖတ်ကြားခြင်း၊ အကြံပြုချက်များ ဆွေးနွေးတင်ပြခြင်း၊ အထွေထွေ ဆွေးနွေးခြင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူပြုရန် ဗဟိုမှ ထောက်ပံ့ငွေ/ ပံ့ပိုးငွေများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
 (သတင်းစဉ်)

No comments:

Post a Comment