Friday, May 11, 2018

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် CNN Task Nation Branding Masterclass အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြား


နေပြည်တော် မေ ၁၁
မြန်မာနိုင်ငံအား ကမ္ဘာ့ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ပိုမို လာရောက် လည်ပတ်စေရန်အတွက် CNN သတင်းဌာနမှ လာရောက်၍ ပြုလုပ်သည့် CNN Task Nation Branding Masterclass အခမ်းအနားကို ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ယနေ့ နံနက် (၉) နာရီတွင် ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် ဒေသခံများ၏ လူမှုစီးပွားတိုးတက်မှုကို ဖော်ဆောင်ရုံမျှမက အဆိုပါ ဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်နှင့် သဘာဝ အရင်းအမြစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်သည့် လုပ်ငန်း ဖြစ်ကြောင်း၊ နိုင်ငံ၏ ပုံရိပ်ကို ထင်ဟပ်စေသည့် အမှတ်တံဆိပ် (Nation Brand) သည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း အနှစ်သာရရှိ၍ ခရီးသွားများကို စွဲဆောင်မှုရှိသည့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အမှတ်တံဆိပ် (Tourism Brand) အသစ်ကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့လာရောက်ပြီး (Nation Branding) နှင့် ပတ်သက်သည့် အတွေ့အကြုံနှင့် ဗဟုသုတများ မျှဝေပေးသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ လာမည့်လအတွင်း ကျင်းပမည့် Myanmar Tourism Conference 2018 သို့လည်း CNN သတင်းဌာနမှ တက်ရောက်နိုင်ပါရန် ဖိတ်ကြားပါကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့ရှိ ဟိုတယ်များနှင့် ခရီးသွား ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားမစတင်မီ ပြည်ထောင်စုဝန်ကြီးသည် CNN international ၏ Senior Vice President Of Advertising Sales (Asia Pacific), Mrs.SunitaRajan နှင့်အဖွဲ့အား တွေ့ဆုံပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment