နေပြည်တော် မေ ၁၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းမြင့်သည် ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏
ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဖြစ်သူ မစ္စတာတိုရှိအိုနီရှိမူရ နှင့် အဖွဲ့အား ယနေ့ နံနက်
၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဧည့်ခန်းမ
(၁) ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံအစိုးရမှ ကူညီပေးအပ်နေသည့်
အထောက်အပံ့များ၊ နည်းပညာများ၊ ချေးငွေများအား အပြည့်အဝ အသုံးပြုနိုင်ရေး အတွက် အစိုးရပိုင်း
သာမက ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး အတွက် သင်တန်းများ ပံ့ပိုးပေးသွားရေး၊
မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းများအား ဂျပန်ဈေးကွက်၏ လိုအပ်ချက် စံချိန်စံညွှန်းများနှင့်အညီ
ထုတ်လုပ် တင်ပို့သွားနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ မေ (၂၉) ရက်တွင် ဂျပန်နိုင်ငံ၊
နာဂိုယာမြို့၌ ကျင်းပပြုလုပ်မည့် “Myanmar Investment Seminar” အောင်မြင်ရေး အတွက်
ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံသားများ အတွက် ဂျပန်နိုင်ငံတွင်
အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေးနှင့် အစိုးရအချင်းချင်း၊ လုပ်ငန်းရှင်များ အချင်းချင်း၊
လူမှုအဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုမှ တစ်ဆင့်နိုင်ငံ ကုန်သွယ်ဆက်ဆံမှုအား
တိုးမြှင့်သွားနိုင်ရေးတို့ အတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment