Tuesday, May 15, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့ ကျင်းပ



နေပြည်တော် မေ ၁၅

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာခဲ့သည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားသည့် ကြယ်ပွင့်ပြ မေးခွန်း ၅ ခုကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြားခြင်းနှင့် အစီရင်ခံစာတစ်ခုအား ဖတ်ကြားရှင်းလင်းခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးငွန်ဟေး၏ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်၊ သီဖူလ်းကျေးရွာအုပ်စု ဟိုင်ရွန်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန် ကြီးဌာနအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေ ရရှိရေးအတွက် လျာထားချက်စာရင်းများ ဆောင်ရွက်သည့်အခါတွင် အသစ်တည်ဆောက်ရန် လိုအပ်သည့် အခြေခံပညာကျောင်းများကို အန္တရာယ်ရှိ ကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ရန် လိုအပ်သည့် ကျောင်းဆောင်များ၊ စာကြည့်တိုက်များ၊ သိပ္ပံဆောင်များ၊ သဘာဝဘေးဒဏ်ကြောင့် နေရာပြောင်းရွှေ့ ဆောက်လုပ်ရန် လိုအပ်သောကျောင်းများ စသည်ဖြင့် လုပ်ငန်းများခွဲခြား၍ မြို့နယ် အလိုက်ဦးစားပေးအဆင့်များ သတ်မှတ်ကာ ပြုစုဆောင်ရွက်ခဲ့ပါကြောင်း။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွက် အခြေခံပညာကျောင်းပေါင်း ၁၀ ကျောင်းကို မြို့နယ်ဦးစားပေး အစီအစဉ်ဖြင့် ထည့်သွင်းလျာထား ဆောင်ရွက်ထားပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟိုင်ရွန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၇ ဦးသာရှိသည့်အတွက် ပေ ၆၀x၃၀ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ် ကာလတွင် ငွေလုံးငွေရင်း တည်ဆောက်ရေး ခွင့်ပြုရန်ပုံငွေ ရရှိရေးအတွက် လျာထားချက် စာရင်းတွင် မြို့နယ် ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထား ပါကြောင်း ဖြေကြားသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၏ မကွေးတိုင်း ဒေသကြီး၊ သရက်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဧရာဆောင်၊ စစ်တောင်းဆောင်၊ သံလွင်ကျောင်းဆောင်များ၏ ပျက်စီးယိုယွင်းနေသော နေရာများကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဧရာဆောင်နှင့် စစ်တောင်း ဆောင် (၂) ဆောင်တို့အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလအထိ ဘဏ္ဍာရေး ခွင့်ပြုရန်ပုံငွေ ရရှိရေးအတွက် သာမန်အသုံးစရိတ်ဖြင့် အကြီးစား ပြင်ဆင်ရန်အတွက် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပြီး သံလွင်ဆောင်အစား ပေ၁၂၀x၃၀ Steel Structure နှစ်ထပ်ကျောင်းဆောင် ၁ ဆောင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေ လျာထားချက်စာရင်း များ ဆောင်ရွက်ချိန်တွင် မြို့နယ်ဦးစားပေးအစီအစဉ်ဖြင့် တန်းစီဇယားအရ စိစစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်၏ မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံဒီဂရီကောလိပ်ကို တက္ကသိုလ် အဆင့်သို့ တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အဆင့် တိုးမြှင့်မည်ဆိုပါက ဘွဲ့ကြိုတန်း၊ ဂုဏ်ထူးတန်းနှင့် မဟာ အရည်အချင်းစစ် သင်တန်းများ အပြင် ဒီပလိုမာတန်းများ၊ မဟာဘွဲ့ သင်တန်းများပါ သင်ကြား ပို့ချပေးနိုင်မည် ဖြစ်သည့်အတွက် ဒေသတွင်း၌ရှိသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သင်ယူမှု အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း၊

သတ်မှတ် မြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူများ လွယ်ကူစွာ ပညာသင်ကြား သင်ယူခွင့် ရရှိနိုင်မည် ဖြစ်သည့်အတွက် မြင်းခြံဒီဂရီကောလိပ်အား တက္ကသိုလ်အဆင့်သို့ တိုးမြှင့်သင့်သော်လည်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်အပေါ် မူတည်၍ ထပ်မံလိုအပ်သည့် စာသင်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း အင်အားများကို ပညာရေး ဝန်ကြီးဌာနအနေဖြင့် ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လိုအပ်သည့် ခွင့်ပြုဘဏ္ဍာငွေနှင့် ဆရာ၊ ဆရာမ ခန့်ထားနိုင်မှု၊ တက္ကသိုလ်အဆင့် တိုးမြှင့်နိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြု အတည်ပြုချက် ရရှိရေးအတွက် အလေးအနက်ထား ကြိုးစားဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးလားလ်မင်းထန်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာ သမိုင်းအဖွဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရာ ကော်မတီသည် မြန်မာ့သမိုင်း အဖွဲ့ ဥပဒေကြမ်းကို လေ့လာစိစစ်ရာ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များသည် သင့်လျော်ညီညွတ်မှု ရှိပါသဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့်အတိုင်း အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြု ဆောင်ရွက်သင့် ပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မတီသည် မြန်မာ့သမိုင်းအဖွဲ့ ဥပဒေကြမ်းအပေါ် ထပ်မံပြင်ဆင်ဖြည့်စွက်ရန် မရှိပါသဖြင့် ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြု ဆောင်ရွက်နိုင်ပါရန် အစီရင်ခံ တင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့ကို မေ ၁၆ ရက် တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်

No comments:

Post a Comment