Tuesday, May 15, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ



နေပြည်တော် မေ ၁၅

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက ပြည်ထောင်စုလွှတ်တော် မှ ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးသည့် မူလဥပဒေများကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် အကောင်အထည်ဖော် ကျင့်သုံးကြရမည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တစ်ဆင့်ခံဥပဒေဖြစ်သည့် နည်းဥပဒေများကို အချိန်နှင့် တစ်ပြေးညီ ရေးဆွဲထုတ်ပြန် ကျင့်သုံးပေးပါရန် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆုံးဖြတ်လိုက်သည်။


အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကော်မတီများတွင် လစ်လပ်သွားသော ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် လွှတ်တော်ကိုယ်စား လှယ်များ မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်း ၆ ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ် တော် ဥပဒေကြမ်းကော်မတီ၏ လစ်လပ်သွားသော ဥက္ကဋ္ဌနေရာ၌ လမ်းမတော် မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်းအား လည်းကောင်း၊ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လစ်လပ်သွားသော အတွင်းရေးမှူး နေရာ၌ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးအား လည်းကောင်း၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ လစ်လပ်သွားသော ဥက္ကဋ္ဌနေရာ၌ နတ်မောက်မဲဆန္ဒနယ်မှ ဦးအောင်တင်လင်းနှင့် အတွင်းရေးမှူးနေရာ၌ ကဝ မဲဆန္ဒနယ်မှ ဦးလှသန်း တို့အားလည်းကောင်း ပြောင်းလဲဖွဲ့စည်းမည်ကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဧပြီ ၇ ရက်မှ ၁၉ ရက်အထိ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာဆက်ဆံရေး၊ အုပ်ချုပ်မှုနှင့် အများပြည်သူ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သင်တန်းသို့ လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင် တက်ရောက် ခဲ့သည့် ခရီးစဉ်၊ ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက်မှ ၂၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ တွင် ကျင်းပသည့် Dialogue on Parliamentarians Supporting the Quiet Revolution for Better Regulatory Governance ဆွေးနွေးပွဲသို့ နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင် တက်ရောက်ခဲ့သည့် ခရီးစဉ်၊ ၂၀၁၈ ခုနှစ် ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ မွန်ဂိုလီးယားနိုင်ငံတွင် ကျင်းပသည့် International Conference Improving the Foreign Policy Decision Making Process: The Case of Mongokia ဆွေးနွေးပွဲသို့ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်း တက်ရောက်ခဲ့သည့် ခရီးစဉ်၊ ၂၀၁၈ ခုနှစ် မေ ၇ ရက်မှ ၈ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် လက်နက်ငယ်များ၊ သယ်ဆောင်ရလွယ်ကူသော လက်နက်များနှင့် စပ်လျဉ်းသည့် ပါလီမန်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း တက်ရောက် ခဲ့သည့် ခရီးစဉ်နှင့် ၂၀၁၈ ခုနှစ် မေ ၇ ရက်မှ ၉ ရက်အထိ စင်ကာပူသမ္မတနိုင်ငံ တွင်ကျင်းပသည့် Parliamentarian Workshop on International Trade 2018 အလုပ်ရုံဆွေးနွေးပွဲသို့ ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်း တက်ရောက်ခဲ့သည့် ခရီးစဉ်တို့ကို လွှတ်တော်သို့ အသိပေးတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၏ လမ်းတံတား အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများတွင် အရေးပါသည့် Third Party စနစ် အမြန်ဆုံး အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော Myanmar National Building Code (MNBC) အား ဘာသာပြန်ပြီး ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ အမြန်ဆုံး ဖြန့်ဝေပေးရန်နှင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ ရေးဆွဲ သတ်မှတ်မှုနှင့် ဆောင်ရွက်ကျင့်သုံးမှု ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ UN- Habitat နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ ပတ်သက်ဆက်နွယ်လျက် ရှိသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (Myanmar National Building Code – MNBC) ကို ၂၀၁၁ ခုနှစ်မှ စတင်ပြုစုခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့ ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (Myanmar National Building Code) (မူကြမ်း) စာအုပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံဗိသုကာ ကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ စည်ပင်သာယာရေးကော်မတီများ၊ ဗိသုကာနှင့် အင်ဂျင်နီယာဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီများသို့ ၂၀၁၅ ခုနှစ်တွင် ဖြန့်ဝေပေးပို့၍ အကြံပြုချက်နှင့် သဘောထားမှတ်ချက်များ တောင်းခံခဲ့ပြီး ပြန်လည် ပေးပို့လာသော အကြံပြုချက်နှင့် သဘောထားမှတ် ချက်များကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းသို့ ပေးပို့စိစစ် တည်းဖြတ်ခဲ့ပြီး မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (MNBC – 2016) အား ၂၀၁၆ ခုနှစ် မတ်လတွင် အပြီးသတ် ပြုစုနိုင်ခဲ့ပါကြောင်း။

(MNBC – 2016) ကို အတည်ပြု ထုတ်ဝေနိုင်ရန်အတွက် မြန်မာဘာသာသို့ ပြန်ဆိုရာတွင် စုစုပေါင်းစာမျက်နှာ ၁၁၄၈ မျက်နှာ ရှိသည့်အနက် စာမျက်နှာ ၈၀၀၊ ၇၀ ရာခိုင်နှုန်းခန့်ကို မြန်မာဘာသာပြန်ဆိုပြီး ဖြစ်ပါကြောင်း၊ မြန်မာဘာသာ ပြန်ဆိုပြီးသည့် အပိုင်းများအား မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းက ပြန်လည်ဆန်းစစ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ (MNBC – 2016) ကို ဘာသာပြန်ဆိုခြင်း၊ ပြန်လည် ဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့၍ အတည်ပြုချက် ရရှိရေး ဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုချက်ရရှိပါက စီးပွား ရေးရာ ကော်မတီသို့ တင်ပြခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက် တင်ပြခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၏ အတည်ပြုချက်ရရှိပါက မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများကို ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး Third Party စနစ် အကောင်အထည် ဖော်ရန်အတွက် လိုအပ်သော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကိုလည်း ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

တမူး မဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၏ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရဌာန အဖွဲ့အစည်းများ အနေဖြင့် တည်ဆောက်ရေးနှင့် ပစ္စည်းဝယ်ယူရေး တင်ဒါများအား ခေါ်ယူဆောင်ရွက်ရာတွင် အနိမ့်ဆုံး ကြမ်းခင်းဈေး သတ်မှတ်ထားခြင်းအား ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပစ္စည်းဝယ်ယူရေး တင်ဒါနှင့် တည်ဆောက်ရေးတင်ဒါ ဟူ၍ အပိုင်း၂ ပိုင်း ပါဝင်ပါကြောင်း၊ ပထမပိုင်းဖြစ် သည့် ပစ္စည်းဝယ်ယူရေးတင်ဒါ ခေါ်ယူဆောင်ရွက်ရာတွင် သတ်မှတ်ထားချက်များအရ အနိမ့်ဆုံးကြမ်းခင်းဈေးနှုန်း သတ်မှတ်ရန် မလိုအပ်ပါကြောင်း၊ ပစ္စည်းဝယ်ယူရေး တင်ဒါ အောင်မြင်သူကို ရွေးချယ်ရာတွင် စံချိန်စံညွှန်းနှင့် ကိုက်ညီသော တင်ဒါ တင်သွင်းသူ များအနက်မှ ဈေးအနည်းဆုံးသော တင်ဒါကို ရွေးချယ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ဒုတိယပိုင်းဖြစ်သည့် တည်ဆောက်ရေးဆိုင်ရာ တင်ဒါခေါ်ယူ ဆောင်ရွက်ရာတွင် တင်ဒါတင်သွင်းသူများအား (Two Envelope) စနစ်ဖြင့် စိစစ်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ စာအိတ် (Technical Proposal Envelope) များကို လိုအပ်သော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှု ရှိ/မရှိ စိစစ်ရွေးချယ်ရမည် ဖြစ်ပြီး ကျွမ်းကျင်မှုဆိုင်ရာ အောင်မြင်သော ကုမ္ပဏီများကိုသာ ဈေးနှုန်း ဆက်လက်ဝင် ရောက် ယှဉ်ပြိုင်စေရမည် ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ အောင်မြင်သော ကုမ္ပဏီ များမှ တင်သွင်းလာသည့် ဈေးနှုန်းများအနက် ဈေးနှုန်းအနည်းဆုံး တင်သွင်းသည့် ကုမ္ပဏီအား တင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ရွေးချယ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
နတ်မောက် မဲဆန္ဒနယ်မှ ဦးအောင်တင်လင်း၏ နတ်မောက်မြို့နယ်နှင့် ရမည်း သင်းမြို့တို့အား ခရိုင်ချင်းဆက်လမ်း ဖောက်လုပ်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက မကွေးခရိုင်နှင့် ရမည်းသင်းခရိုင်တို့ကို ဆက်သွယ်မည့် မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် ကပေါင်းကုန်းကြီး၊ လဲဘူး၊ သပွတ်ပင်၊ ကျောက်အိုး၊ အောင်ချမ်းသာ၊ ဖက်တောရေ၊ မျှော်တောင်၊ မကျီးပင်ကုန်း ကျေးရွာတို့မှ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်သို့ ဆက်သွယ်မည့် ခရိုင်ချင်းဆက်လမ်း၏ စုစုပေါင်းအရှည်မှာ ၂၅ မိုင်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း ၁၇ မိုင်နှင့် မန္တလေး တိုင်းဒေသကြီးအတွင်း ၈ မိုင် ပါဝင်ပါကြောင်း၊ အဆိုပါလမ်းများအား တစ်ဆက်တစ်စပ် တည်း ဖောက်လုပ်ပြီးပါက ရန်ကုန် - မန္တလေး အမြန်လမ်း၏ မိုင်တိုင် အမှတ်(၂၅၆/၂) သို့ ဆက်သွယ်သွား ရောက်နိုင်မည် ဖြစ်ပါကြောင်း။

အဆိုပါ ခရိုင်ချင်းဆက်လမ်းသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) တွင်ပါဝင်သဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကပေါင်းကုန်းကြီး၊ လဲဘူး၊ သပွတ် ပင်လမ်းပိုင်း၌ ၁၂ ပေ အကျယ် ၆ လက်မထု ကျောက်ရောမြေ ၈ မိုင် ၆ ဖာလုံ ခင်းရန် အတွက် ရန်ပုံငွေ ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသောလမ်းပိုင်းများအား ဘဏ္ဍာရေးနှစ်အလိုက်၊ ဘဏ္ဍာငွေတင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ရာသီမရွေး သွားလာနိုင်သော လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်၊ ကျောက်တန်း မဲဆန္ဒ နယ်မှ ဒေါ်အေးမြမြမျိုးနှင့် ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားသည်။
ယင်းနောက် သာစည် မဲဆန္ဒနယ်မှ ဦးသန်းစိုးက ၂၀၁၈ ခုနှစ် မေ ၁၂ ရက်တွင် မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေး ဂိတ်စခန်းနှင့် မြို့တွင်းရှိ နေအိမ်များသို့ KIA ၊ TNLA လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၁၄ ဦး သေဆုံး၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် ဌာနေ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးနှင့် ဒဏ်ရာ ရသူ ၇၂ ဦး တို့အတွက် စာနာထောက်ထားကြောင်းနှင့် သေဆုံးသူများ၏ မိသားစုနှင့် အတူ ဝမ်းနည်းပါကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူသဖြင့် မှတ်တမ်းတင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။

ထို့နောက် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးသည့် မူလဥပဒေများကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် အကောင်အထည်ဖော် ကျင့်သုံးကြရမည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တစ်ဆင့်ခံ ဥပဒေဖြစ်သည့် နည်းဥပဒေများကို အချိန်နှင့် တစ်ပြေးညီ ရေးဆွဲထုတ်ပြန် ကျင့်သုံးပေးပါရန် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ မိမိတို့နိုင်ငံအနေဖြင့် ပထမအကြိမ် လွှတ်တော်သက်တမ်းမှ ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အထိ မူရင်း ဥပဒေ ၅၉ ခုကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးရမည့် တစ်ဆင့်ခံ ဥပဒေများဖြစ်သည့် နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းထားရှိရခြင်း မရှိသေး သည်ကို သိရှိရပါကြောင်း၊ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသ ကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို မူရင်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းခွင့် ပြုထားရာ မူရင်းဥပဒေ၏ တစ်ဆင့်ခံနည်းဥပဒေများအား သက်ဆိုင်ရာအဖွဲ့အစည်း များက ရေးဆွဲပြဋ္ဌာန်းကျင့်သုံးမှု အားနည်းသည့်အတွက် မူလဥပဒေများ၏ ရည်ရွယ် ချက်များသက်ဝင်မှုမရှိသည်ကို သိရှိရပါကြောင်း။
တိုက်ရိုက်ဥပဒေဖြစ်သည့် မူရင်းဥပဒေအားလုံးကို တစ်ဆင့်ခံ ဥပဒေများဖြစ်သည့် နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်မည် မဟုတ်ပါကြောင်း၊ အချို့သော မူရင်း ဥပဒေများအနေဖြင့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ကျင့်သုံးရုံဖြင့် မူရင်းဥပဒေများသည် အသက်ဝင်ပြီး လက်တွေ့နယ်ပယ်မှ အကောင်းဆုံး အကောင်အထည်ဖော်နိုင်သည်ကို တွေ့ရပါ ကြောင်း။
ဥပဒေပြု လွှတ်တော်အနေဖြင့် မူရင်းဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်သူလူထုအကျိုးကို ရှေးရှုပြီး နိုင်ငံတော်မှ ကျင့်သုံး နေသည့် မူဝါဒကို အခြေပြုရေးဆွဲခြင်း ဖြစ်ပါကြောင်း၊ မူရင်းဥပဒေရည်ရွယ်ချက် အောင်မြင်ရန် တစ်ဆင့်ခံ ဥပဒေဖြစ်သည့် နည်းဥပဒေများကို မလွဲမသွေ ရေးဆွဲ ကျင့်သုံးရမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေး နွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာ သည်။

ထို့နောက် ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦးက မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီဥပဒေကြမ်းကို ဖတ်ကြားတင်သွင်းသည်။

ထို့နောက် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို မေ ၁၆ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment