နေပြည်တော်
မေ ၁၄
ဒုတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်
နာယက မန်းဝင်းခိုင်သန်းက ယခုကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးကာလသည် ဒုတိယအကြိမ်လွှတ်တော်များ၏
သက်တမ်း နှစ်နှစ်ကျော်လွန်ခဲ့ပြီး တတိယနှစ်ကာလ၏ အစပိုင်းလည်း ဖြစ်ပါကြောင်း၊ အစည်းအဝေးကျင်းပမှု
တစ်ကြိမ်ထက် တစ်ကြိမ်ပို၍ အတွေ့အကြုံ ရင့်ကျက်လာသည်နှင့်အမျှ ဥပဒေပြုရေး လုပ်ငန်းတာဝန်များအပြင်
နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ် အပြန်အလှန် ထိန်းကျောင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရသည့်
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာစောင့်ထိန်းပြီး ဒီမိုကရေစီစနစ် ပိုမိုအရှိန်အဟုန်
မြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂
နှစ်ကျော်ကြာ ကာလအတွင်း မိမိတို့ရရှိပြီးသော အတွေ့အကြုံကောင်းများကို နိုင်ငံသူနိုင်ငံသားများ၏
လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းစွာအသုံးချနိုင်မည်ဟု မျှော်လင့်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်
အဋ္ဌမပုံမှန်အစည်းအဝေး ကာလအတွင်း ပြည်ထောင်စု လွှတ်တော်၌ ဆောင်ရွက်ရန် ကျန်ရှိသည့် ဥပဒေကြမ်း
အပါအ၀င် လွှတ်တော်အသီးသီး၏ ဆောင်ရွက်ဆဲ ဥပဒေကြမ်းများအနက် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်
အရေးကြီးသော ဥပဒေကြမ်းများ အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး
လွှတ်တော် က ပြဋ္ဌာန်းထားရှိသော ဥပဒေများနှင့်အညီ ဌာန၊ အဖွဲ့အစည်းများက တင်ပြလာသည့် အစီရင်ခံစာများကို
ဆွေးနွေးအတည်ပြုခြင်းနှင့် မြန်မာနိုင်ငံမှ အတည်ပြုပါဝင် လက်မှတ်ရေးထိုးရန် သဘောတူစာချုပ်
တို့ကိုလည်း လွှတ်တော်၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဆက်လက်ဆောင်ရွက်ရမည့် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများသည် ပြည်ထောင်စုအစိုးရ
အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့ အပါအ၀င် မိမိတို့ လွှတ်တော်အချင်းချင်း ပူးပေါင်းညှိနှိုင်း
ဆွေးနွေး ဆောင်ရွက်သွားကြရမည့် လုပ်ငန်းများဖြစ်သည့်အတွက်
မိမိတို့ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းဖြစ်စေ၊ ပြည်သူများနှင့်ဖြစ်စေ၊ မီဒီယာများနှင့်ဖြစ်စေ
တွေ့ထိဆက်ဆံ ပြောဆိုလုပ်ဆောင်ကြရာမှာလည်း စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နားလည်းမှုရှိခြင်း
တို့ဖြင့် စိတ်ကောင်း စေတနာနှင့် ယှဉ်တွဲဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကား
ပြောကြားသည်။
ထို့နောက်
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏
သက်သေခံကတ်ပြား (National Verification Card) ထုတ်ပေးခြင်း
အပါအ၀င် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတို့၏
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယာယီသက်သေခံလက်မှတ်များသည်
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ
၁၉၉၅ ခုနှစ်မှစ၍ ထုတ်ပေး ထားခြင်းဖြစ်ပြီး၊ ယခုအခါ နှစ်ပေါင်း(၂၀)ကျော် ကြာမြင့်ခဲ့ပြီးဖြစ်၍
နိုင်ငံတော် သမ္မတရုံး၏ ၁၁-၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၅) ဖြင့် ယာယီ
သက်သေခံလက်မှတ်၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်အား ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ သတ်မှတ်ခဲ့ပြီး
(၃၁-၅-၂၀၁၅) ရက်နေ့မတိုင်မီ သက်တမ်း ကုန်ဆုံးသည့် လက်မှတ်များ လာရောက်အပ်နှံရန် ထုတ်ပြန်ခဲ့ပါကြောင်း။
နိုင်ငံတော်သမ္မတရုံး၏
(၁၁-၂-၂၀၁၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၅)ဖြင့် ထုတ်ပြန်ချက်နှင့် အညီ ယာယီသက်သေခံ
လက်မှတ်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ်
အကြံပြုရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံး၏ (၃-၄-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊
(၃၁/၂၀၁၅)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း။
လေ့လာသုံးသပ်
အကြံပြုရေးကော်မရှင်သည် (၁၀-၄-၂၀၁၅) ရက်နေ့တွင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး
ယာယီသက်သေခံလက်မှတ် အပ်နှံပြီး သူများအား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား
(Identity Card for National Verification) (NV Card) ဟု သတ်မှတ်ထုတ်ပေးရန်နှင့် အရောင်အား
အပြာနုရောင် သတ်မှတ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံး၏
၆-၅-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၆၄(၂)/၇/ သမ္မတရုံးဖြင့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါကြောင်း။
ဤကတ်ပြားထုတ်ပေးခြင်း၏
အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေဖြစ်သော ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ
ပြဌာန်းချက်နှင့်အညီ နိုင်ငံသား/ နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် စိစစ်နိုင်ရန်နှင့်
စိစစ်ဆဲကာလအတွင်း မြန်မာနိုင်ငံ အတွင်း နေထိုင်နေ သူအဖြစ် အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်ထုတ်ပေး
ခြင်းဖြစ်ပါကြောင်း။
NV
Card ကိုင်ဆောင်သူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်မှာ NV Card ကို သေချာစွာ သိမ်းဆည်း
ထားရမည့်ပြင် နည်းဥပဒေ ၂၉ တွင် ပြဋ္ဌာန်းသည့်အတိုင်း တာဝန်ရှိသူက တောင်းဆိုသည့်အခါ ထုတ်ပြရမည်။
NV
Card ကို မလွှဲပြောင်းရ၊ သို့တည်းမဟုတ် မလွှဲအပ်ရ။ NV Card ပျောက်ဆုံး သို့တည်းမဟုတ်
ပျက်စီး သို့တည်းမဟုတ် မထင်မရှား ဖြစ်လျှင် ဆိုင်ရာမြို့နယ်လဝကရုံးသို့ တိုင်ကြားရမည်။
NV Card ပေါ်တွင် မည်သည့်အမှတ် အသား၊ မည်သည့်လွှဲပြောင်းချက်မျှ မပြုလုပ်ရ။ မိမိထံ၌
NV Card တစ်ခုထက်ပို၍ မရှိစေရ။ NV Card တစ်ခု ကောက်တွေ့ရလျှင် ချက်ချင်းစာရင်းထိန်းထံ
သွားရောက် အပ်နှံရမည်။ NV Card ကိုင်ဆောင်သူသေဆုံးလျှင် အိမ်ထောင်ဦးစီး သို့တည်းမဟုတ်
အိမ်သားတစ်ဦးဦးမှ သက်သေခံကတ်ပြားကို ခုနှစ်ရက် အတွင်း အပ်နှံရမည်။
တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့မှ
အခါအားလျော်စွာ ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်အား လိုက်နာရမည်။ ခရီးသွားလျှင် သက်ဆိုင်ရာ
တာဝန်ရှိသူများက တောင်းခံပါက ထုတ်ပြနိုင်ရန်အလို့ငှာ မိမိနှင့်အတူ NV Card ကို ယူဆောင်သွားရမည်။
မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသား/နိုင်ငံသားပြုခွင့် လက်မှတ်ကို ရရှိပါက
NV Card အား ပြန်လည်အပ်နှံ ရမည်။
မည်သူမဆို
အထက်ပါအချက် တစ်ခုခုကို ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက အက်ဥပဒေပုဒ်မ
၆၊ ပုဒ်မခွဲ(၂)အရ အရေးယူခြင်းခံရမည် ဟူ၍ ဖြစ်ပါကြောင်း။ ရရှိနိုင်မည့် အခွင့်အရေးများမှာ
NV Card ကိုင်ဆောင်သူသည် မြန်မာနိုင်ငံ အတွင်း နေထိုင်သူအဖြစ် မှတ်ပုံတင်ထားရှိပြီးဖြစ်၍
ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ အောက်တွင် နေထိုင်သူများဖြစ်ကြောင်း ဤကတ်ပြားဖြင့်
သက်သေခံနိုင်သည်။
NV
Card ကိုင်ဆောင်သူသည် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့်ရှိသည်။
သို့သော် နိုင်ငံသားစိစစ်မှု ခံယူနေစဉ်အတွင်း NV Card ကိုင်ဆောင်ထားရှိရန် လိုအပ်သည်။
လျှောက်ထားလာသူအား
မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ်
အဆုံးအဖြတ်ပေးရမည်။ ဆုံးဖြတ်ပေးသည့် နိုင်ငံသားအဆင့်အတန်းနှင့်အညီ ဥပဒေအရ သတ်မှတ်ထားသော
အခွင့်အရေးများ ရရှိမည်။
NV
Card ကိုင်ဆောင်သူ မိဘများမှ မွေးဖွားလာသော သားသမီးများသည်လည်း မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ
နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထား ပိုင်ခွင့်ရှိသည်။ NV Card ကိုင်ဆောင်သူသည် မြန်မာနိုင်ငံအတွင်းရှိ
မည်သည့် အရပ်ဒေသကိုမဆို သွားလာလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ
ထုတ်ပြန်ထားသော ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခွင့် ရရှိမည်။
ရခိုင်ပြည်နယ်အတွင်းရှိ
NV Card ကိုင်ဆောင်ထားသူများသည် တရားဝင် ဖွင့်လှစ်ထားသော နယ်စပ်ဝင်/ထွက်ဂိတ်မှ တဆင့်
BP လက်မှတ်ဖြင့် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် နယ်စပ်ဖြတ်ကျော်၍ ဝင်ထွက်
သွားလာနိုင်ခွင့်ရှိသည်။
ရခိုင်ပြည်နယ်အတွင်းရှိ
NV Card ကိုင်ဆောင်ထားသူများသည် မိမိနေထိုင်ရာ မြို့နယ်အတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရှိသည်။
ရခိုင်ပြည်နယ် အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်နှင့်
ညွှန်ကြားချက် များနှင့်အညီ ခရီးသွားလာခွင့်ရရှိမည်။
NV
Card ကိုင်ဆောင်ထားသူသည် မြန်မာနိုင်ငံ၏ အသိအမှတ်ပြု မှတ်ပုံတင် ကတ်ပြားတစ်မျိုးမျိုး
ကိုင်ဆောင်ထားသူများနည်းတူ ဥပဒေနှင့်အညီ အပြည်ပြည် ဆိုင်ရာ ရေပိုင်နက်သို့ (ရေလုပ်ငန်း
အပါအဝင်) ထွက်ခွာခွင့်ရှိသည်။ (အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် ရေလုပ်ငန်း ဆောင်ရွက်ရန်အတွက်
NV Card အပါအဝင် နိုင်ငံတော်အသိအမှတ်ပြု မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုးနှင့် ရေလုပ်ငန်းလိုင်စင်
ပါရှိရမည်) တို့ ဖြစ်ပါကြောင်း။
နိုင်ငံသားစိစစ်ခံရမည့်သူ၏
သက်သေခံကတ်ပြား (NV Card) ထုတ်ပေးရန် လိုအပ်သူ များမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ
ပုဒ်မ-၆၅ အရ နိုင်ငံသား/ နိုင်ငံသားပြုခွင့်ရသူ ဟုတ်/မဟုတ် ဗဟိုအဖွဲ့၏ အဆုံးအဖြတ်ခံယူရန်
လျှောက်ထားသူများ (အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူ ဖြစ်ပါက NV
Card ထုတ်ပေးရန် မလိုပါ၊)
သက်တမ်းကုန်
ယာယီသက်သေခံလက်မှတ် အပ်နှံသူများနှင့် ပျောက်ဆုံး ပျက်စီးကြောင်း သတင်းပို့ထားသူများ
အနက် နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်အရ နိုင်ငံသား စိစစ်မှုခံယူရန် လိုအပ်သူများ၊ ယခင်က
နိုင်ငံသား စိစစ်ရေးကတ်ပြား အပါအဝင် မှတ်ပုံတင် တစ်မျိုးမျိုး ရရှိကိုင်ဆောင်ခဲ့ပြီး
နိုင်ငံသား အရည်အချင်း ပြည့်စုံခိုင်လုံမှု မရှိသဖြင့် ကိုင်ဆောင် မှတ်ပုံတင်လက်မှတ်အား
ပြန်လည် သိမ်းဆည်း/ ပယ်ဖျက်/ ဖျက်သိမ်းခြင်းခံရသူများ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးက
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းလုံးမှာ
ဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် လုပ်ဆောင်ရန်များစွာရှိနေပြီး အစိုးရအနေနှင့်အစိုးရ၏
တာဝန် စတင်တာဝန်ယူသည့် အချိန်မှစ၍ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်
ရခိုင်ပြည်နယ်သည် အလေးထား ဆောင်ရွက်ပေးရန်လိုအပ်သော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသည် ရခိုင်ပြည်နယ်တွင်
နေထိုင်ကြသော ပြည်သူလူထုများအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ်ပေါ်ထွန်း လာနိုင်ရေးကို
ဦးတည်လျက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ပြည်ထောင်စု တစ်ခုလုံး တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များကို လေ့လာ၍ ခွဲခြမ်းစိတ်ဖြာ ကြည့်ပါက အကြံပြုချက် (၈၈)ခုတွင် လူမှုစီးပွား
ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော အကြံပြုချက် (၃၆)ခု၊ တည်ငြိမ်အေးချမ်းရေးအတွက်
အကြံပြုချက် (၄၈)ခုနှင့် အကြံပြုချက်များ အကောင်အထည်ဖော်ရာတွင် အောင်မြင်ရေးအတွက် လက်တွေ့
ဆောင်ရွက်ရန် နည်းလမ်းများ (၄)ခုတို့ ပါဝင်ပါကြောင်း။
စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ
ဆောင်ရွက်ခြင်း
လူမှုစီးပွား
ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော အကြံပြုချက် (၃၆)ခုသည် ရခိုင်ပြည်နယ်တွင် ယခင်နှင့်မတူသော
သိသာထင်ရှားသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ ရရှိခံစားနိုင်ရန် ဆောင်ရွက်ခြင်း၊
ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း
စဉ်လာများ ထိန်းသိမ်းရေး၊ ဘေးဒဏ် ခံစားရသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ
ရရှိစေရေးနှင့် မှန်ကန်သော သတင်းအချက်အလက်များ ဖြန့်ဝေခြင်းတို့ကို အကောင်အထည်ဖော်ရန်
အကြံပြုထားခြင်း ဖြစ်ပါကြောင်း။
တည်ငြိမ်အေးချမ်းရေးအတွက်
အကြံပြုချက် (၄၈)ခုသည် ရခိုင်ပြည်နယ်တွင်း နေထိုင်လျှက်ရှိသော တိုင်းရင်းသားမဟုတ်သူများကို
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြု သင့်သူများကို အသိအမှတ်ပြု၍
နိုင်ငံသား အခွင့်အရေးရရှိစေရေး (National Verification Process) ကို အရှိန်အဟုန်ဖြင့်
အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ ဥပဒေနှင့်အညီ လွတ်လပ်စွာ ခရီးသွားလာခွင့် ရရှိရေး၊ ပဋိပက္ခဖြစ်စဉ်များကြောင့်
နေရပ်စွန့်ခွာပြီး ယာယီစခန်းများတွင် နေရသူများအတွက် စခန်းများ စနစ်တကျ ပိတ်သိမ်းပြီး
ပြန်လည်နေရာချထားရေး ကိစ္စရပ်များ၊ လူ့အဖွဲ့ အစည်းများအကြား ပေါင်းစည်းရေးနှင့် ပါဝင်ခွင့်ရရှိရေး၊
တရားမျှတမှု ရရှိရေးနှင့် ဒေသတွင်း လုံခြုံရေး၊ အနောက်ဘက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင်
ဒေသတွင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေး ရရှိရေးတို့ကို အကြံပြု ထားခြင်း
ဖြစ်ပါကြောင်း။
ဖော်ပြပါ
အကြံပြုချက်များအနက် ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံး အကျိုးရှိ စေမည့် ကိစ္စရပ်များကို
အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လက်တွေ့ဆောင်ရွက်ရန် နည်းလမ်း (၄)ခုမှာ ရခိုင်ပြည်နယ်နှင့်
ပတ်သက်သည့် မူဝါဒများ ညှိနှိုင်းပေါင်းစပ်ပေးသည့် ၀န်ကြီးအဆင့်တစ်ဦးကို တာဝန်ပေးအပ်ရေး၊
အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့ အစည်းများနှင့်
တိုင်ပင်ညှိနှိုင်းမှုများ အမြဲတစေပြုလုပ်ရေး၊ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင်
နည်းပညာနှင့် ရန်ပုံငွေရရှိရေးအတွက် ညှိနှိုင်း စီမံ ခန့်ခွဲမှု ပြုလုပ်ရေးတို့ ဖြစ်ကြပါကြောင်း။
အကြံပြုချက်များကို
အကောင်အထည်ဖော်ရာတွင် ပကတိအခြေအနေနှင့် ကိုက်ညီပြီး ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူအားလုံး၏
အကျိုးစီးပွား ဖြစ်ထွန်းစေလျှက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့မှုကို အလေးထားပြီး
ဦးစားပေး ဆောင်ရွက်ရန်လိုအပ်သည် များကိုသာ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အကြံပြုချက်များအနက်
စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအတွက် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈
ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
(၅၉)ခုထိ တိုးမြှင့်ဆောင်ရွက်ခွင့်ပြုနိုင်ခဲ့ပါကြောင်း၊ စီမံကိန်းများနှင့် အစိုးရအဆောက်အဦများ
ဆောက်လုပ်ရန်အတွက် မြေယာ ဆုံးရှုံးသွားသူများအား မြေယာသီးနှံလျော်ကြေးများ ပေးအပ်နိုင်ခဲ့ပြီး
(၂၀၁၈-၂၀၁၉) ဘဏ္ဍာရေး နှစ်တွင် လျော်ကြေးများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါကြောင်း။ ကျောက်ဖြူအထူး
စီးပွားရေးဇုန်ကို တည်ထောင်လျက်ရှိရာ ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာဆန်းစစ်မှုကို ပြုလုပ်ဆောင်ရွက်လျက်
ရှိပါကြောင်း။
ရခိုင်ပြည်နယ်အတွင်းရှိ
အထူးစီးပွားရေးဇုန် စီမံကိန်းများနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများအတွက်
ကျွမ်းကျင်လုပ်သား လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် အသက်မွေးဝမ်းကျောင်း ပညာပေးသင်တန်းများ
ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် လိုအပ်လာမည့် လုပ်သားလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်
ဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့အပြင်
ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အစိုးရ၏ ပံ့ပိုးမှုဖြင့် ပုဂ္ဂလိက
လုပ်ငန်းရှင်များ၏ အထည်ချုပ်လုပ်ငန်းနှင့် ရိုးရာယက္ကန်း လုပ်ငန်းများ ကိုလည်း ထူထောင်ပေးခဲ့ပါကြောင်း။
ဒေသဖွံ့ဖြိုးရေးအတွက်
မရှိမဖြစ်လိုအပ်သော လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ကွန်ကရစ်လမ်းများ၊ တံတားများ
တိုးချဲ့ဖေါက်လုပ်ပေး လျှက်ရှိရာမှာ အဓိကလမ်းမကြီး အနေနှင့် ကြိမ်ချောင်း - ဂုပ္ပိတောင်ကျော်လမ်း
(၇၅)%၊ ကျောက်ပန္ဒု - အင်းဒင် - စေတီပြင်တောင်ကျော်လမ်းအသစ် ဖောက်လုပ် ခြင်း (၈၀)%ပြီးစီးနေပြီ
ဖြစ်ပါကြောင်း၊ ဘူးသီးတောင် - သပိတ်တောင် - ညောင်ချောင်း - အောင်ဇေယျ - အငူမော်လမ်း
(၄၆ မိုင် ၅ ဖာလုံ) လမ်းလုပ်ငန်းဆောင်ရွက်နေရာမှာ (၇၀)%ခန့်ပြီးစီးနေပြီ ဖြစ်ပြီး၊
လမ်းအရှည် (၇၉.၃၅) ကီလိုမီတာရှိ မောင်တော - အငူမော်လမ်း ဖောက်လုပ်လျှက် ရှိရာ အငူမော်
- ကိုးတန်ကောက်လမ်းပိုင်း (၂၁ - ကီလိုမီတာ) ကို လုပ်ငန်းဆောင်ရွက်မှု ပြီးစီးပြီဖြစ်၍
မေလ (၁)ရက်နေ့တွင် ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း၊ ကျန်လမ်းပိုင်းကိုလည်း ဆက်လက် ဖောက်လုပ်လျှက်ရှိပါကြောင်း
လျှပ်စစ်ကဏ္ဍတွင်
မြေပုံ၊ ပေါက်တောမြို့များကို ဓါတ်အားလိုင်းစနစ်ဖြင့် လျှပ်စစ်မီး ပေးနိုင်ခဲ့ပြီး
ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မာန်အောင်၊ ကျိန္တလီ၊ တို့မှာ နာရီတိုးမြှင့်ပြီး
လျှပ်စစ်မီးပေးခြင်း၊ ကမ်းထောင့်ကြီး၊ တပ်ထောင်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း မြို့နယ်
များမှာ ဓါတ်အားလိုင်း၊ ဓါတ်အားခွဲရုံများ၊ ထရန်စဖေါ်မာများ တည်ဆောက်ခြင်းတို့ အပြင်
ဓါတ်အားစနစ်နှင့် ဝေးကွာသော ကျေးရွာများတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးလင်းရေး
လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ဆက်သွယ်ရေးကဏ္ဍတွင်
မိုဘိုင်းရေဒီယိုစခန်း (၆၀၉)စခန်းအထိ တိုးတက် တည်ဆောက်ပြီးစီးပြီး ဖြစ်ပါကြောင်း၊ မြေအောက်ဖိုင်ဘာကေဘယ်လ်
ဆက်ကြောင်း အရှည် ၃၀၂၈.၈၅ ကီလိုမီတာအထိ တိုးတက် တည်ဆောက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏
အရေးပေါ် တုန့်ပြန်မှုဆိုင်ရာ နည်းလမ်း(Immediate Response Mechanism–IRM) ဖြင့် အလိုအလျှောက်
မိုးလေဝသ တိုင်းတာရေး ကိရိယာများကို ကျောက်တော်၊ အမ်း၊ မာန်အောင်၊ မောင်တော၊ တောင်ကုတ်၊
မြေပုံ၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်နှင့် မင်းပြားစခန်း၊ မြေငလျင်စက်သစ် (၃)လုံးကို
စစ်တွေ၊ ကျောက်ဖြူနှင့် အမ်းမြို့တို့တွင် တပ်ဆင်ပြီး ဖြစ်ပါကြောင်း။
စိုက်ပျိုးရေးကဏ္ဍ
အနေဖြင့်လည်း မြို့နယ်ပေါင်း(၁၅)မြို့နယ်က သမ၀ါယမ အသင်းသား တောင်သူများကို လယ်ယာသုံးစက်ကိရိယာ
(၁၂၈၃)စီး ရောင်းချပေးခြင်း၊ အရည်အသွေး ပြည့်မီသော မျိုးကောင်း မျိုးသန့်မျိုးစေ့ (၂၃၃၃၂)တင်း
ဖြန့်ဖြူးခြင်း၊ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံနိုင်သော စိုက်ပျိုးရေးဆိုင်ရာ မျိုးသန့်စိုက်ပျိုးဇုံ(၂၅၀၀)
ဧကစိုက်ပျိုးခြင်းတို့အပြင် မိုးစပါးကွင်းပြပွဲ(၅၇)ကြိမ်၊ တောင်သူပညာပေး သင်တန်း (၁၂၄)ကြိမ်၊
တောင်သူပညာ ပေးဆွေးနွေးပွဲ(၁၃၉၂)ကြိမ်၊ ခေတ်မီစိုက်ပျိုးရေးနည်း စနစ်များနှင့် ပတ်သက်ပြီး
သင်တန်း(၁၁၅)ကြိမ်၊ ဆောင်ရွက်ခဲ့ပါကြောင်း။
စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်း အဆင့်များကို များစွာ ဖြေလျော့ပေးခြင်းတို့ကို
ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်
ရွေ့လျားဆေးကုသရေးအဖွဲ့များဖြင့် ကုသမှု ပေးခြင်း၊ စစ်တွေ ဆေးရုံကြီးတိုးချဲ့ခြင်းနှင့်
အဆင့်မြှင့်တင်ခြင်း၊ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ ဖြည့်တင်းခြင်း၊ ကျန်းမာရေး ၀န်ထမ်းများ
ဖြည့်စွက်ခန့်ထားခြင်း၊ ကျန်းမာရေး လုပ်သားများ လေ့ကျင့်မွေးထုတ်ခြင်းစသည်တို့ကို တို့မြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
အလားတူ ပညာရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လုံခြုံရေးစတဲ့ကဏ္ဍ ပေါင်းစုံမှာလည်း တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၁၇-၂၀၁၈
ခုနှစ်၊ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်က ရခိုင်ပြည်နယ်တစ်ခုလုံးရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့်
၎င်းတို့က မွေးဖွားသော ကလေးများ အသက် (၂)နှစ်အထိ ငွေကြေးတိုက်ရိုက် လစဉ်ထောက်ပံ့ခြင်း
များကို ဆောင်ရွက်လျက်ရှိပါကြောင်း။
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်း
လူသားချင်းစာနာထောက်ထားမှု
အကူအညီပေးခြင်းအနေဖြင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ပေးအပ်သော အကူအညီးများ၊ ထောက်ပံ့ပစ္စည်းများကို
နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများနှင့်အညီ မျှတစွာ ခွဲဝေပေးလျက်ရှိရာ အာဆီယံလူသားချင်းစာနာ
ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Center)၊ ကြက်ခြေနီလုပ်ရှားမှု အင်ဒိုနီးရှားနိုင်ငံ၊
အိန္ဒိယနိုင်င၊ံ တူရကီနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ MA-UK(Myanmar) တို့မှ စားသောက်ကုန်နှင့်
စားသောက်ကုန် မဟုတ်သောပစ္စည်းများ၊ ကျန်းမာရေးသုံး ပစ္စည်းများကို ခွဲခြားမှုမရှိဘဲ လိုအပ်သူတိုင်းသို့
ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း၊ ထို့ပြင် တရုတ်၊ ဂျပန်နှင့် အခြားနိုင်ငံများကလည်း ငွေကြေးထောက်ပံ့မှုများပါဝင်ခဲ့ကြရာ
ပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ ပြည်နယ် တစ်ခုလုံး၏ လိုအပ်ချက်အရ ထောက်ပံ့ရန် စီမံကိန်းများ
ရေးဆွဲ အကောင် အထည်ဖော် လျက်ရှိပါကြောင်း၊ UEHRD စေတနာ့ဝန်ထမ်းလူငယ် အစီအစဉ်ဖြင့်၂၀၁၇ခုနှစ်
နိုဝင်ဘာလမှ စတင်၍ ယနေ့အထိ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ
ပေးအပ်လျက်ရှိပါကြောင်း။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းသို့ လုံခြုံရေး နှင့် လူမှုစီးပွား အကျပ်အတည်းများကြောင့်
၂၀၁၈ခုနှစ်၊ မတ်လအတွင်း ပြောင်းရွေ့ ရောက်ရှိ လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရခိုင်တိုင်းရင်းသားအိမ်ထောင်စု
(၇၀)မှ ကျား(၁၆၂)ဦး၊ မ(၁၆၀)၊ စုစုပေါင်း လူဦးရေ (၃၂၂)ဦး တို့အတွက် လူသားချင်း စာနာထောက်ထားမှုအကူ
အညီများ ပေးအပ်ပြီး ယာယီနေရာချထားမှုများ ပြည်နယ်အစိုးရက စိစဉ်ဆောင်ရွက်ပေး ထားပြီး
ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက် မည်ဖြစ်ပါကြောင်း။
UEHRDဆောင်ရွက်ချက်များတင်ပြခြင်း
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊
တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို ဆောင်ရွက် ရာတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့်
ပြည်ထောင်စုတ၀ှမ်းလုံး ပါဝင်ရန်လို အပ်လာပါ ကြောင်း၊ လက်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့်
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့
နေရပ်စွန့်ခွာ ထွက်သွားသူများ အများအပြားရှိခဲ့ပါကြောင်း၊ နေရပ်စွန့်ခွာသူများအား ပြည်လည်နေရာ
ချထားရေးမှာ အစိုးရ၏တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အင်အားဖြင့် အစိုးရက
စီမံဆောင်ရွက်သော ပြည်ထောင်စုစီမံကိန်း UEHRD (Union Enterprise for Humanitaiean
Assistance Resettlement and Development) ကိုဖော်ဆောင်၍ တိုင်းဒေသကြီး ပြည်နယ်အစိုးရ
အဖွဲ့များအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်သော လုပ်ငန်း အဖွဲ့(၁၁)ဖွဲ့က ရခိုင်ပြည်နယ်တစ်ခုလုံးရှိ
ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဦးတည်လျက်ရှိသကဲ့သို့ မိတ်ဆွေ နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ
စေတနာ ရှင်အဖွဲ့အစည်းများနှင့် ပြည်သူများ၏ UEHRD အစီအစဉ်တွင်ပါဝင်မှုဖြင့် လိုအပ်သော
လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ရေရှည်ပဋိပက္ခ ကင်းဝေးရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။ ဖြစ်စဉ်များကြောင့်
နေရပ်စွန့်ခွာ ခဲ့ရသော ရခိုင်ပြည် နယ်ရှိတိုင်းရင်းသားများ၊ တိုင်းရင်းသား လူမျိုးစုငယ်များအတွက်
ကျေးရွာအုပ်စု(၁၈)စုမှာ နေအိမ်ပေါင်း (၈၀၀)ကျော်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊
လမ်း၊ တံတား၊ ရေ၊ မီး အစရှိသည်များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊
ပြည်တွင်း/ ပြည်ပက နိုင်ငံသားများ၊ မိတ်ဆွေနိုင်ငံများ၏ အကူအညီများနဲ့ ထူထောင်လျက်ရှိပါကြောင်း။
အလားတူပင်
တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းအတွက်တောင်ပြို
လက်ဝဲစခန်းနှင့်ငါးခူရစခန်း လက်ခံရေး အဆောက်အဦများ၊ လှဖိုးခေါင်ကြား စခန်းတွင် လူဦးရေ
(၃၀၀၀၀)နေထိုင် နိုင်သည့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ အိမ်သာ စသည်တို့ ပါဝင်သည့် တဲတန်းလျား
(၆၂၅)လုံး၊ ပြန်လည် ၀င်ရောက်လာမည့် သူများအတွက် ကြိမ်ချောင်းတောင်တွင် နေအိမ်(၁၀၀)လုံး
တည်ဆောက်ရေးတို့ကို ဆောက်လုပ်ရေးနှင့်အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့က နည်းပညာဆိုင်ရာ
ကြီးကြပ်မှုဖြင့် ဒေသတွင်း ဆောက်လုပ်ရေး အဖွဲ့များဖြင့် အကောင်အထည် ဖေါ်ဆောင်ရွက်နေပါကြောင်း။
အိန္ဒိယနိုင်ငံ၏
ထောက်ပံ့မှုဖြင့် နံသာတောင်ရွာတွင် တိုင်းရင်းသား နေအိမ်(၄၂) လုံး၊ ရွှေဇားရွာတွင် ဟိန္ဒူနေအိမ်(၁၄၈)လုံး၊
ကြိမ်ချောင်းတောင်တွင် မွတ်ဆလင် နေအိမ် (၆၀)တို့အတွက် အသင့်တပ်ဆင် ဆောက်လုပ်မည့်အိမ်ရာ
(၂၅၀) ဆောက်လုပ်နိုင်ရေး ကိုလည်း ဆောက်လုပ်ရေးနှင့်အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့က
နည်းပညာပိုင်းဆိုင်ရာကြီးကြပ်ဆောင်ရွက်ပေး လျှက်ရှိပါကြောင်း။
နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်နှင့်စပ်လျဉ်းသည့်အချက်အလက်များ
ရခိုင်ပြည်နယ်၏
လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးတည်ပြီး ၀န်ကြီးဌာနများ အလိုက် အကောင်အထည်ဖေါ်
ဆောင်ရွက်နေသကဲ့သို့ ရခိုင်ပြည်နယ် ဖြစ်စဉ် များ၏ နောက်ခံအကြောင်းတရား များအနက် တစ်ခုအပါအ၀င်ဖြစ်သော
နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို စနစ်တကျဆောင်ရွက်နိုင်မှသာလျှင် ရေရှည် ပဋိပက္ခကင်းဝေးပြီး
တည်ငြိမ် အေးချမ်းမှု ရရှိမှာဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ဆောင်ရွက်
ရာတွင်နိုင်ငံတော်၏ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ တည်ဆဲဥပဒေများ၊ စည်းမျဉ်းများနှင့်
အညီသာ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
နိုင်ငံသားစိစစ်မှုကိစ္စနှင့်
စပ်လျဉ်း၍ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား
မည်သည့် လူမျိုးဖြစ်စေ၊ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ မြန်မာနိုင်ငံ အတွင်း အစဉ်
အဆက်နေထိုင်သူ မှန်ကန်ပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်နှင့် ဥပဒေနှင့်အညီ
ရသင့်ရထိုက်သော သက်သေခံလက်မှတ် တစ်မျိုးမျိုးကို ရယူကိုင်ဆောင်ရန် လိုအပ်ပါကြောင်း၊
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ(၁၉၄၉)နှင့် နည်းဥပဒေ
(၁၉၅၁) တို့အရ ဆောင်ရွက်ခဲ့သော ယာယီသက်သေခံ လက်မှတ်များ အစား NV ကတ်ကို (၂၀၁၅) ခုနှစ်
ဇွန်လ(၁)ရက်နေ့မှစ၍ ထုတ်ပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ NV ကတ်အား ရခိုင်ပြည်နယ်တစ်ခုတည်းအတွက်မဟုတ်ဘဲ
တိုင်းဒေသ ကြီး/ ပြည်နယ် အားလုံးရှိ တိုင်းရင်းသားလူမျိုးမဟုတ်သူများနှင့် နယ်စပ်ဒေသများတွင်ေ
နထိုင်သူများ အနက် မည်သည့်လက်မှတ်မျှကိုင်ဆောင်ခြင်းမရှိသူများ၊ နိုင်ငံသားစိစစ်ရန်
လိုအပ်သူများအား (၁၉၈၂)ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စိစစ်နိုင်ရန်နှင့် စိစစ်ဆဲ
ကာလတွင် မြန်မာနိုင်ငံအတွင်းနေထိုင်သူအဖြစ် အသိအမှတ်ပြုရန် ရည်ရွယ်ထုတ်ပေး ခြင်းဖြစ်သည်ဟုလည်း
သိရှိရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်၏
ပထမဆုံးသော ဆောင်ရွက်ရမည့်အချက်အဖြစ် NV ကတ်စိစစ် ထုတ်ပေးခြင်း လုပ်ငန်းအား စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်၊ စစ်တွေမြို့၊သက္ကယ်ပြင်
IDP စခန်း၊ မြေပုံမြို့တောင်ပေါ် IDP စခန်းများ၌ အဓိကရှေ့ပြေးဧရိယာ Pilot Area များအဖြစ်
သတ်မှတ်၍ သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေသည်ကို တင်ပြလိုပါကြောင်း။
ထိုကဲ့သို့ဆောင်ရွက်ရာတွင်
မိမိအပါအ၀င် အကြံပြုချက်များအပေါ် အကောင် အထည်ဖေါ်ရေး ကော်မတီဝင်များသည် NVကတ်ကိုင်ဆောင်ခြင်းဖြင့်
ရရှိ ခံစားရမည့် အခွင့်အရေးများကို နိုင်ငံသားပြုရေး လုပ်ငန်းစဉ် တွင်ပါဝင်ကြရမည့်
သူများကို ကျယ်ကျယ်ြပန့်ပြန့်သိရှိစေရေး ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ပါ ကြောင်း၊
ပြောကြား ရာတွင်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနက
ရရှိထားသော NVကတ်ကိုင်ဆောင်သူများ ရရှိမည့် အခွင့်အရေး (၈)ချက်ကို ဆွေးနွေး ပြောကြားခဲ့ခြင်း
ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အား အသိပေးရာတွင်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာနက ဘာသာပြန်ပေးထား သည့်အတိုင်း အသုံးပြုပြောကြား ဆွေးနွေးလျက်ရှိပါကြောင်း။
မိမိအနေဖြင့်
UEHRD (Union Enterprise for Humanitarian Assistance, Resettlement and
Development) ၏ ဒုတိယဥက္ကဌ အဖြစ်လည်း ကောင်း၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့်
ပြန်လည်နေရာချထားရေး ကော်မတီ၏ ဥက္ကဌအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်နေရသည့်အတွက် ပြီးခဲ့
သော ဧပြီလက ပြန်လည် လက်ခံရေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ထား လျက်ရှိသည့် လုပ်ငန်းစဉ်
အဆင့်ဆင့်နှင့် (၂)နိုင်ငံသဘောတူညီချက်များအတိုင်း အကောင် အထည်ဖော်ညှိနှိုင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ခဲ့ပါကြောင်း။
သွားရောက်တွေ့ဆုံရာတွင်
နေရပ်စွန့်ခွာသူများက လွတ်လပ်စွာသွားလာခွင့်နှင့် နိုင်ငံသား ပြုခွင့်ဆိုင်ရာများကို
မေးမြန်းသောအခါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတ်မှတ်ထားသော
နိုင်ငံသားဖြစ်ခွင့်လုပ်ငန်း စဉ်များနှင့် အညီ နိုင်ငံသားဖြစ်မှုအလိုက် ရရှိမည့်နိုင်ငံတော်၏
ဥပဒေ၊စည်းမျဉ်း များအရ လွတ်လပ်စွာသွားလာခွင့်တို့ကို ရှင်းလင်းခဲ့ပါကြောင်း။
ဤဆောင်ရွက်မှုများကို
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ပြန်လည်
ပြောကြားခဲ့ပါကြောင်း၊ ပြောကြားစဉ်တွင် NV ကတ် ကိုင်ဆောင်သူများကို တစ်နိုင်ငံလုံး
လွတ်လပ်စွာ သွားလာခွင့် ပေးလိုက်သည်ဟူသော သဘောမျိုးပြောခြင်းမဟုတ်ပါကြောင်း၊ NV ကတ်ကိုင်ဆောင်
သူများ၏ အခွင့်အရေးတွင် တစ်နိုင်ငံလုံး သွားလာခွင့်ရှိကြောင်း၊ သို့သော် ယာယီခရီးသွားလာခွင့်လက်မှတ်
ပုံစံ(၄)ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့၏ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်
များအတိုင်း လိုက်နာ၍ လွတ်လပ်စွာ ခရီးသွားလာခွင့်ရမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်ပါ ကြောင်း။
သို့သော် အချို့သော မီဒီယာများက မိမိပြောကြားချက် အပြည့်အစုံနှင့်တွဲ၍ မဖော် ပြဘဲ
NV Card ကိုင်ဆောင်သူများ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာ ခွင့်ရပြီဟု ထုတ်နုတ်ဖော်ပြခြင်းကြောင့်
အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်နေသည့်
ကာလအတွင်းတွင် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဟန့်အတားဖြစ်စေမည့်
မလိုလားအပ်သော ဝေဖန်မှုများနှင့် ပြည်သူလူထုအတွင်း အသိလွဲမှားမှုများ ဖြစ်စေခဲ့ပါကြောင်း။
ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ အနေဖြင့်အကြံပြုချက်များတွင် ပါဝင်သော နိုင်ငံသားစိစစ်မှုကဏ္ဍကိုလည်း
ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြင့် တည်ဆဲဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းများ အတွင်း ဥပဒေနှင့်
အညီ နိုင်ငံသားဖြစ်မှု အရည်အချင်းနှင့် ပြည့်စုံသူများကို နိုင်ငံသား အခွင့်အရေး ရရှိစေမည်ဖြစ်ပြီးလုံခြုံရေး၊
တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ထိထိရောက်ရောက်
ဆောင်ရွက်နိုင်မည်ဟု ခံယူ၍ ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြု ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအနေဖြင့် ဆောင်ရွက်နေခြင်း
ဖြစ်ပါကြောင်း။
လွတ်လပ်စွာသွားလာခွင့်
ထို့အပြင်
အကြံပြုချက်ပါကဏ္ဍများအနက် လွတ်လပ်စွာ သွားလာခွင့်နှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည့်သူ့အင်အားဝန်ကြီးဌာနက သတ်မှတ် ထားသော NV ကတ်ကိုင်ဆောင်သူများ ရရှိခံစားနိုင်သည့်
အခွင့်အရေး (၈)ချက်တွင် ပါရှိပြီးဖြစ်သဖြင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း
စသည်တို့တွင် လက်လှမ်းမီ ရရှိနိုင်ပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်
ရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။
IDP စခန်းများ ပိတ်သိမ်းရေး
ထို့အပြင်
၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နှစ်ရှည်လများ သီးခြားရှိနေခဲ့သောယာယီ
IDP စခန်းများကို ပိတ်သိမ်း၍ ပြန်လည်နေရာချထားပေး နိုင်ပါက ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှု၊
ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာနိုင်မှုများ ရရှိပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု
လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်မည် ဖြစ်ပါကြောင်း၊ IDP စခန်းများကို ပိတ်သိမ်းနိုင်ပါကစခန်းတွင်
နေထိုင်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ လုပ်ကိုင်နိုင်ပြီး ထောက်ပံ့မှုကို မှီခိုခြင်းမှ
ကင်းလွတ်ကာ ဒေသကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကိုလည်း ပိုမိုထိရောက်စွာ ပါဝင် ဆောင်ရွက်နိုင်မည်
ဖြစ်ပါကြောင်း၊ ထို့ကြောင့် IDP စခန်းများ ပိတ်သိမ်းရေးကို တစ်ဆင့်ပြီး တစ်ဆင့်စနစ်တကျ
မဟာဗျူဟာချမှတ် ဆောင်ရွက် လျှက်ရှိပါကြောင်း။
လက်ရှိတွင်
မြေပုံမြို့၊တောင်ပေါ် IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက်စခန်း အနီးမှာ နယ်စပ်ရေးရာဝန်ကြီးဌာနကနေအိမ်များ
ဆောက်လုပ်နေပြီး ပေါက်တောမြို့၊ နိဒင် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါကြောင်း၊
ဆက် လက်ပြီး စစ်တွေမြို့၊ သက္ကယ်ပြင်IDPစခန်း၊ စစ်တွေမြို့၊ ခေါင်းဒုက္ကာIDPစခန်း(၁)နှင့်
(၂)၊ ကျောက်တော်မြို့၊ နိဒင် IDP စခန်းတို့ရှိ စခန်းနေသူများနှင့်ညှိနှိုင်း ဆွေးနွေးခြင်း၊
NV ကတ်လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် လျှက်ရှိပါကြောင်း။
ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက် ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို
(၄)လ တစ်ကြိမ် ပြည်သူသို့ အစီရင်ခံ တင်ပြရမည်ဟူသော
ကော်မတီ၏ လုပ်ငန်းတာဝန် သတ်မှတ် ချက်နှင့်အညီ ပထမအကြိမ်ပြည်သူသို့ အစီရင်ခံစာကို ၂၀၁၈ခုနှစ်၊
ဖေဖေါ်ဝါရီ (၁၃)ရက်က နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထုတ်ပြန်ခဲ့ပါကြောင်း၊ ၂၀၁၈ခုနှစ်၊ ယခုလ မေလတွင်လည်း ဒုတိယအကြိမ်အစီရင်ခံစာ
ထုတ်ပြန်နိုင်ရေး စီစဉ် ဆောင် ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်၍
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖေါ်ဆောင်ရွက်ရေးကော်မတီ အနေဖြင့်
ရခိုင်ပြည်နယ် အတွင်းနေထိုင်သူများ အားလုံး အတွက် ပြည်လည်ထူထောင်ရေး၊ တည်ငြိမ်အေးချမ်းရေး၊
ဖွဲ့ဖြိုးတိုး တက်ရေးနှင့် ရေရှည် ပဋိပက္ခ ကင်းဝေးရေးတို့ကို ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
အချိန်ယူ၍ ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမည့် လုပ်ငန်းများစွာ ကျန်ရှိပါသေးကြောင်း၊
အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုအဆင့်မှ လမ်းညွန်ချက်များနှင့်
ပြည်နယ် အဆင့်ရှိ အစိုးရတာဝန်ရှိသူများ၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အကောင်
အထည်ဖော် ဆောင်ရွက်မှု များသည်လည်း ကိုက်ညီမှုရှိရန် လိုအပ်ပြီး အပြုသဘော ဆောင်သည့် ပြောင်းလဲမှုရရှိအောင်
တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်နိုင်ရန် စုပေါင်းအားဖြင့် ကြိုးပမ်းလျက်ရှိပါကြောင်း၊
ဤကဲ့သို့ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များကို အကောင်အထည်ဖေါ်ခြင်း၏ အကျိုး ကျေးဇူးများကို
ခံစားရမည့်သူများမှာ ရခိုင်ပြည်သူများပင်ဖြစ်ပါကြောင်း၊ အတိတ်က နာကြည်း ဖွယ်များကို
ကျော်လွားပြီး လက်ရှိအခြေ အနေကို သုံးသပ်၍ အကျိုးဖြစ်ထွန်းမှုများကို ဦးတည်သည့် တရားသော
ဥပဒေများ စိုးမိုးသော အနာဂါတ် ရခိုင်ပြည်နယ်၏ လူ့ဘောင်အဖွဲ့ အစည်း ဖြစ်ပေါ်စေရေးကို
အားလုံး၏ စုပေါင်းအားကို အလေးထားလျှက် ကြိုးပမ်းဆောင်ရွက် လျှက်ရှိသည်ကို ရှင်းလင်းတင်ပြ အပ်ပါကြောင်း။
နိဂုံးချုပ်အားဖြင့်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို အကောင်အထည် ဖော်နေခြင်းသည် မိမိတို့အစိုးရသစ်
စတင်တာဝန်ယူစကပင် ဖွဲ့စည်းဆောင်ရွက်လျှက် ရှိသော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်
ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များနှင့် ဆက်စပ်ကိုက်ညီမှုရှိပြီး
တူညီသော ဦးတည်ချက်ဖြစ် သည့် ရခိုင်တစ်ပြည်နယ်လုံး တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုး
တက်ရေးရရှိပြီး ငြိမ်းချမ်း မျှတ၍ သာယာဝပြောသော အနာဂါတ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း
ရှင်းလင်းတင်ပြသည်။
အဆိုပါ
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏
သက်သေခံကတ်ပြား (National Verification Card) ထုတ်ပေးခြင်း
အပါအ၀င် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတို့၏
လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများ ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း
ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
ဆက်လက်၍
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံ့ဝန်ထမ်းများ၏
လစာနှုန်းထား များ တိုးမြှင့်ခြင်း နှင့်စပ်လျဉ်းသည့် သ၀ဏ်လွှာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း
ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။
ထို့ပြင်
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးတွင် အဖွဲ့ဝင်အဖြစ် ဦးတင်မောင်မြင့်အား ခန့်အပ်တာဝန်ပေးလိုကြောင်း သ၀ဏ်လွှာ
နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်
နာယကက လွှတ်တော်သို့ အသိပေးတင်ပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက
အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့အတူ
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများအဖြစ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမော်ဌေးနှင့်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေ တို့ကို
ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတထံမှ
ပေးပို့ထားသော ငြိမ်းချမ်းရေးနှင့် အလိုက်သင့်တွန်းလှန် လွန်မြောက်နိုင်စွမ်းရှိမှု
တို့အတွက် အလုပ်အကိုင်နှင့် သင့်လျော်ကောင်းမွန်သော အလုပ်ဆိုင်ရာ တိုက်တွန်းချက်အမှတ်(၂၀၅)ကို
မှတ်တမ်းတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့(ILO)သို့
အဖွဲ့ဝင်နိုင်ငံ အဖြစ် ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်တွင် ၀င်ရောက်ခဲ့ပြီး
လက်ရှိအချိန်တွင် ILO အဖွဲ့ဝင်နိုင်ငံ ၁၈၇ နိုင်ငံ ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်
ILO ပြဋ္ဌာန်းချက် ၂၀ ခုကို လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယင်းပြဋ္ဌာန်းချက်များနှင့်
ညီညွတ်သော ပြည်တွင်းဥပဒေ များကို ပြဋ္ဌာန်းအကောင်အဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၇
ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သော ၁၀၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာညီလာခံ၌
အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၏ ဆန္ဒဖြင့် ထောက်ခံမဲ ၃၇၈ မဲ၊ ကန့်ကွက်မဲ
၅ မဲနှင့် ပျက်ကွက်မဲ ၈ မဲဖြင့် ငြိမ်းချမ်းရေးနှင့် အလိုက်သင့် တွန်းလှန်လွန်မြောက်နိုင်စွမ်းရှိမှုတို့အတွက်
အလုပ်အကိုင်နှင့် သင့်လျော်ကောင်းမွန်သော အလုပ်ဆိုင်ရာ တိုက်တွန်းချက်အမှတ်(၂၀၅)ကို
အတည်ပြုချမှတ်ခဲ့ပါကြောင်း။
သဘာဝဘေးအန္တရာယ်များနှင့်
ပဋိပက္ခဖြစ်ပွားမှုများကြောင့် စီးပွားရေးလုပ်ငန်းများနှင့် လူ့အသိုက်အ၀န်းများအပေါ် ထိခိုက်နေသည့်
အခြေအနေများကို ကာကွယ်ရန်နှင့် တုံ့ပြန်ရန် အလုပ်အကိုင်ဆိုင်ရာ အစီအမံများအပေါ် အဓိကထားသည့်
သီးသန့်မူဘောင်တစ်ခုအဖြစ် ချမှတ်ထားခြင်းဖြစ်ပြီး ထိခိုက်လွယ်သည့် အုပ်စုများဖြစ်သည့်
ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ ဒေသခံတိုင်းရင်းသားများ၊ လူနည်းစုများ၊
မသန်စွမ်းသူများ၊ ပြည်တွင်းရွှေ့ ပြောင်းခံရသူများ၊ ရွှေ့ပြောင်းသွားလာသူများ၊ ဒုက္ခသည်များနှင့်
နယ်စပ်များအား ဖြတ်ကျော်စေ လျက် အဓမ္မရွှေ့ပြောင်းခံရသူများနှင့် နေရာအတည်တကျမရှိသူများအပေါ်
အထူးအလေးထား ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ထို့အပြင် တိုက်တွန်းချက်၏ အဓိကထားမှုဖြစ်သည့်
ပြန်လည်တည်ဆောက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့ ဆောင်ရွက်ရာတွင် ကာကွယ် တားဆီးခြင်းနှင့်
ကြိုတင်ပြင်ဆင်ခြင်းတို့ ပါဝင်လာစေရန် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လမ်းညွှန် အဖြစ်
အသုံးပြုရန်အတွက် ဤတိုက်တွန်းချက်အမှတ်(၂၀၅)ကို အတည်ပြုချမှတ်ခဲ့ခြင်း ဖြစ်ပါ ကြောင်း။
အိုင်အယ်လ်အိုညီလာခံများက
အတည်ပြုချမှတ်ခဲ့သည့် ပြဋ္ဌာန်းချက်၊ အကြံပြုတိုက်တွန်း ချက်များကို အိုင်အယ်လ်အိုဖွဲ့စည်းပုံအခြေခံဥပဒေ
အပိုဒ်ခွဲ ၁၉ စာပိုဒ် ၆(ခ)အရ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာညီလာခံပြီးနောက် သာမန်အားဖြင့်
၁၂ လအတွင်း အထူးကိစ္စရပ် များရှိခဲ့ပါက ၁၈ လအတွင်း နိုင်ငံ၏ဆောင်ရွက်ပိုင်ခွင့်ရှိသည့်
အာဏာပိုင်ထံသို့ ဥပဒေပြုရေး ဆောင်ရွက်ရန် (သို့မဟုတ်) အခြားကိစ္စရပ်များ ဆောင်ရွက်ရန်အတွက်
တင်ပြရန်နှင့် ထို့သို့ တင်ပြပြီးကြောင်းကို အိုင်အယ်လ်အို ဖွဲ့စည်းပုံအခြေခံ အပိုဒ်ခွဲ
၁၉ စာပိုဒ် ၆(ဂ)အရ အိုင်အယ်လ်အိုသို့ အကြောင်းပြန်ကြားရမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါ
နိုင်ငံတော်သမ္မတထံမှ
ပေးပို့ထားသော ငြိမ်းချမ်းရေးနှင့် အလိုက်သင့်တွန်းလှန် လွန်မြောက်နိုင်စွမ်းရှိမှု
တို့အတွက် အလုပ်အကိုင်နှင့် သင့်လျော်ကောင်းမွန်သော အလုပ်ဆိုင်ရာ တိုက်တွန်းချက်အမှတ်(၂၀၅)ကို
မှတ်တမ်းတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း
ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
ထို့ပြင်
နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့်
ပြန်လည်ပေးပို့ထားသော ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ
ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်
အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မဲဆန္ဒနယ်မှ
ဦးဇော်ဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ပြည်ထောင်စုလွှတ်တော် နာယကက ဆွေးနွေး လိုသည့်
လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ သည်။
ထို့နောက်
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော
Framework Agreement of International Solar Alliance တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး
ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က
မြန်မာနိုင်ငံ၏ လက်ရှိ သုံးစွဲနေသော Energy Mix တွင် ရေအားနှင့် သဘာဝဓာတ်ငွေ့တို့ကို
အဓိကထား သုံးစွဲလျက် ရှိပြီး အနာဂတ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ
စွမ်းအင်များမှ ဓာတ်အားထုတ်ယူသုံးစွဲခြင်းအားဖြင့် နိုင်ငံ၏လိုအပ်နေသော ဓာတ်အားလိုအပ်ချက်ကို
တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည်
နေရောင်ခြည်အရင်းအမြစ် ပေါကြွယ်ဝသည့်အတွက် Energy Mix တွင် သင့်တင့်သော ရာခိုင်နှုန်းတစ်ခု ပါဝင်လာရန်၊ ရရှိနိုင်သော
နေရောင်ခြည်စွမ်းအင်အရင်းအမြစ်ကို အကျိုးရှိစွာအသုံးချနိုင်ရန်နှင့်
ဖွံ့ဖြိုးတိုးတက်နေသော နည်းပညာများကို လက်လှမ်းမီအသုံးပြုနိုင်ရန် ရည်ရွယ်၍
ISA သို့ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရန် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ISA Framework Agreement တွင် အဖွဲ့ဝင်အဖြစ်
ဝင်ရောက်ခြင်းဖြင့် Solar မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်
နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကိုများစွာ
အထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
အဆိုပါ
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော
Framework Agreement of International Solar Alliance တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး
ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း
ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
အလားတူ
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု
သဘောတူစာချုပ်ကို ပြင်ဆင်သည့် တတိယအခြေပြစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုရေး
ကိစ္စ နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက
မြန်မာ နိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံး
လက်မှတ်ရေးထိုးပြီးဖြစ်သော အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို
ပြင်ဆင်သည့် တတိယအခြေပြစာချုပ် စတင် အာဏာသက်ဝင်စေရေး အတွက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများ
ပြီးစီးပြီဖြစ်ကြောင်း အတည်ပြုသည့် အကြောင်း ပြန်ကြားစာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့
ပေးပို့ရန်လိုအပ်ပါသဖြင့် အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား လွှတ်တော်မှ
အတည်ပြုပေးနိုင်ပါရန် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါ
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု
သဘောတူ စာချုပ်ကို ပြင်ဆင်သည့် တတိယအခြေပြစာချုပ်ကို
မြန်မာနိုင်ငံမှ အတည်ပြုရေး ကိစ္စနှင့်စပ်လျဉ်း၍
ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်
နာယကက ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတရုံးမှ
ပေးပို့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ဖွဲ့စည်းခြင်း၊
အမည်ပြောင်းလဲဖွဲ့စည်းခြင်း နှင့်ပယ်ဖျက်ခြင်း တို့ကို လွှတ်တော်က
မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။
ဒုတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မေလ ၁၈ ရက်တွင် ကျင်းပသွားရန်
လျာထားကြောင်း သိရသည်။
သူရဇော်၊ မွှေးကြူဇင်
No comments:
Post a Comment