Monday, May 14, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ


နေပြည်တော်  မေ ၁၄
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နှုတ်ခွန်းဆက် စကားပြောကြားရာတွင်  လွှတ်တော်ရပ်နားထားစဉ် ကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်များကို အလေးပေး ဆောင်ရွက်ခဲ့ကြသည်များကို ကြားသိရသည့်အတွက် ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊  ယနေ့ စတင်ကျင်းပသည့် အဋ္ဌမပုံမှန် အစည်းအဝေး ကာလအတွင်းတွင် အသင့်ဖြစ် ကြယ်ပွင့်ပြ မေးခွန်း ၁၅၀၊ အသင့်ဖြစ်အဆို ၁၂ ခု၊ ဥပဒေကြမ်းများအနေဖြင့် ၂၈ ခုရှိပါကြောင်း။
ယနေ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာကြည့်မည်ဆိုလျှင် နိုင်ငံရေး ရည်မှန်းချက် အပြောင်းအလဲများနှင့်အတူ မူဝါဒ အပြောင်းအလဲများကို ထင်ထင်ရှားရှား တွေ့မြင်ကြား သိနေကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မူဝါဒအပြောင်းအလဲများကို သတိပြုပြီး မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ် ဖြစ်လာရန် ကျရာ အခန်းကဏ္ဍမှ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ခေတ်စနစ်နှင့် မညီသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းစေသည့် ဥပဒေများ၊ ပြည်သူများ၏ အခြေခံ လူ့အခွင့်အရေးကို ကာကွယ်ပေးမည့် ဥပဒေများကို ဆက်လက်ပြဋ္ဌာန်းသွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ လွှတ်တော်များကို လေ့လာကြည့်မည်ဆိုလျှင် ပြဋ္ဌာန်းပြီးသည့် ဥပဒေများ၏ အကျိုးသက်ရောက်မှုကို ဆက်လက် လေ့လာစိစစ်ခြင်း (Post Legislative Scrutiny) ကို လွှတ်တော်များက ဆောင်ရွက်ကြပါကြောင်း၊ လွှတ်တော်က ပြဋ္ဌာန်းပေးလိုက်သည့် ဥပဒေများကို လက်တွေ့ ကျင့်သုံးရာတွင် ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိနှင့် အကောင်အထည်ဖော်ရသည့် သက်ဆိုင်ရာ ၀န်ကြီးဌာနအနေဖြင့်  ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကို လွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့် လေ့လာစိစစ်သွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း။
ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များသည် မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို တတ်နိုင်သမျှ စိစစ်ထိန်းညှိပြီး ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသည့် လွှတ်တော်ဖြစ်စေရေး၊ နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် အားကိုးအားထားပြုရသည့် လွှတ်တော်ဖြစ်စေရေးတို့အတွက် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုလို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအင်အားနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ကြိုးပမ်းတည်ဆောက်နေသည့် ကာလတွင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များက အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသား အချင်းချင်းကြားတွင် ယုံကြည်မှု တည်ဆောက်နိုင်ရန် ၀ိုင်းဝန်းကူညီပေးကြရန်လည်း တိုက်တွန်း ပြောကြားလိုပါကြောင်း။
မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ ယဉ်ကျေးမှုများ ပိုမိုတိုးတက်ဖြစ်ထွန်းစေရန် ကိုယ်စားလှယ်များ ကိုယ်တိုင်ကလည်း ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ စံနမူနာပြ ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်တွင်  လွတ်လပ်ခြင်း၊ ညီမျှခြင်းနှင့် တရားမျှတခြင်းဆိုသည့် လောကပါလတရားများ ထွန်းကားရန်အတွက် ဥပဒေများ အခိုင်အမာ ပြဋ္ဌာန်းနိုင်ကြရန် အထူးလိုအပ်ပါကြောင်း၊ ပြည်သူ့ အကျိုးစီးပွားကို အကာအကွယ်ပေးသည့် ဥပဒေများဖြစ်မှသာ ပြည်သူကလည်း ယုံကြည်အားကိုးပြီး လေးစားလိုက်နာကြမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌအဖြစ်နှင့်သာမက ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ဥပဒေပြုရေး မဏ္ဍိုင် ပိုမိုခိုင်မာအားကောင်းစေရန် ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ ဆက်လက်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ပြည်သူ့ကိုယ်စားလှယ်များ ပီသစွာ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဖြူစင်သည့် စိတ်စေတနာ၊ မှန်ကန်သည့် ဆောင်ရွက်ချက်များနှင့် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားကြရန်  တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၁၈ ခုနှစ် မတ် ၂၃ ရက်တွင်  ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E.Nguyen Thi Kim Ngan နှင့်  လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E.Mrs. Pany YOTHOTOU၊ ၂၀၁၈ ခုနှစ် မတ် ၂၆ ရက်တွင် ဆားဘီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E.Mrs.Maja Gojkovic နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Mr.Li Zhanshu၊ ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်တွင် အာဆီယံပါလီမန်များဆိုင်ရာ ညီလာခံ (AIPA)၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr.Isra Sunthornvut၊ ၂၀၁၈ ခုနှစ် မတ် ၂၉ ရက်တွင် အယ်လ် ဂျီးရီးယားအမျိုးသား ပြည်သူ့ ကွန်ဂရက် ဥက္ကဋ္ဌ H.E.Mr. Said Bouhadja၊ ၂၀၁၈ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ဂျပန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.Tadamori Oshima၊ ၂၀၁၈ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Chung Sye-Kyun၊ ပါလီမန်များဆိုင်ရာ အဖွဲ့(IPU)၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr.Martin Chungongနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ H.E.Mr. Vladimir Andreichenko၊ ၂၀၁၈ခုနှစ်၊ ဧပြီ ၅ ရက်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Vyacheslav Volodin၊ အိန္ဒိယနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mrs. Sumitra Mahajian၊ ၂၀၁၈ ခုနှစ်၊ ဧပြီ ၉ ရက်တွင်  တူရကီနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Ismail  KAHRAMANနှင့် စင်္ကာပူ သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Tan Chuan-Jin၊ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် တွင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ Samdech Akka Moha Ponhea Chakrei HENG SAMRIN၊ ၂၀၁၈ ခုနှစ် ဧပြီ ၁၂ ရက်တွင်  ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Pantaleon D.Alvarezနှင့် ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် လူဇင်ဘတ်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Mars Di Barolomeo တို့ထံမှ ပေးပို့သော သ၀ဏ်လွှာများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း  လွှတ်တော်က မှတ်တမ်းတင်သည်။
ဆက်လက်၍ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဖြေကြားသည်။
မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အေး၏ မက်မန်းမြို့နယ် ပညာရေးမှူးရုံးအား မိုင်းဖြတ်ခရိုင် ပညာရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ကျိုင်းတုံခရိုင်ပညာရေးမှူး ရုံး ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပညာရေးဖွဲ့စည်းပုံအရ မက်မန်းမြို့နယ်သည် မိုင်းဖြတ်ခရိုင်အတွင်း ပါဝင်လျက်ရှိရာ မိုင်းဖြတ်မြို့၏ အနောက်မြောက်ယွန်းယွန်းတွင် တည်ရှိပြီး မိုင်ပေါင်း ၁၉၀ ခန့် ကွာဝေးပါကြောင်း၊ မက်မန်းမြို့နယ်သည် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း မြို့နယ် ၆ မြို့နယ်တွင် ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အုပ်ချုပ်ရေးခရိုင်အရ မက်မန်းခရိုင်အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၏ ပညာရေးခရိုင်ရုံးအရ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်တွင်လည်းကောင်း ပါဝင်နေပါကြောင်း။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့နယ်မှ မိုင်းဖြတ်ခရိုင်ရုံးသို့ ပညာရေးဆိုင် ရာဌာနလုပ်ငန်းများ သွားရောက်ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့မှတစ်ဆင့် သွားလာ နေရ၍ အခက်အခဲများရှိပါကြောင်း၊ မက်မန်းမြို့နယ် ပညာရေးမှူးရုံးအား မိုင်းဖြတ်ခရိုင် ပညာရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ကျိုင်းတုံခရိုင် ပညာရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ ထည့်သွင်း ပြောင်းရွှေ့ပေးပါက ရုံးလုပ်ငန်းများနှင့် ပညာရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းကို ပြည်နယ်ပညာရေးမှူးရုံးမှလည်း တင်ပြထားရှိပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ် ပညာရေးမှူးရုံးအား ကျိုင်းတုံခရိုင် ပညာရေးမှူး ရုံးကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့နိုင်ရန် အတွက် အခြေခံပညာဦးစီးဌာန အနေဖြင့်  မက်မန်းမြို့နယ်အား ကျိုင်းတုံခရိုင်ဖွဲ့စည်း ပုံတွင် ပြင်ဆင် ထည့်သွင်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၏ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနှင့် အတူ ပူးတွဲ ပေးပို့ရသည့် ထောက်ခံစာများအနက် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ၏ ထောက်ခံစာကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က  ၂၀၁၂ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်စာအုပ်၏ စာမျက်နှာ(၂)တွင် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာနှင့် ကျန်းမာကြောင်း ထောက်ခံစာကို တင်ပြရမည်ဟု ထည့်သွင်းဖော်ပြ သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ် တက္ကသိုလ်စာ မေးပွဲအောင်မြင်သူများမှ စ၍ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်များ၏ စာမျက်နှာ(၂) တွင် အဆိုပါထောက်ခံစာများ ပူးတွဲတင်ပြရမည်ဟု ထည့်သွင်းဖော်ပြ သတ်မှတ်ခြင်း မရှိတော့ပါကြောင်း၊ ယမန်နှစ် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွန်စာအုပ် စာမျက်နှာ(၁) တွင်လည်း ထောက်ခံစာများ တင်ပြရမည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိတော့ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း သို့မဟုတ် လက်မှုပညာသင်တန်း ကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် အစိုးရနည်းပညာ အထက်တန်း ကျောင်းဖွင့်လှစ်ပေးနိုင်ရန်အတွက် ဒဂုံမြို့သစ်(တောင်းပိုင်း) (၁၀၅) ရပ်ကွက် လှော်ကားလမ်းမကြီးဘေးရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ (၁၄) ဧက၏ မြေပြင်အခြေအနေအပေါ် မူတည်၍ စာသင်ဆောင်၊ အလုပ်ရုံ၊ ကျောင်းသား အိပ်ဆောင်နှင့် ၀န်ထမ်း အိမ်ရာများပါဝင်သည့် Master Plan တစ်ခုအား ရေးဆွဲပြီး လိုအပ်မည့် ဧရိယာအကျယ်အ၀န်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အနေဖြင့် မြေနေရာ လွှဲပြောင်းရယူပြီးပါက လိုအပ်သော အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ၀န်ထမ်းများ ခန့်ထားခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်းများအတွက် လိုအပ်သော ဘဏ္ဍာငွေ များကို ဘဏ္ဍာရေးနှစ်အလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ ထည့်သွင်းလျာထား ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၊ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင် နှင့် ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့်တို့၏ မေးခွန်းများ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားသည်။
ထို့နောက် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက အခြေခံပညာကျောင်းများတွင်  တာဝန်ထမ်းဆောင်နေ ကြသော ပညာရေးဝန်ထမ်းများအား ၄င်းတို့ မိသားစုများနှင့် အနီးစပ်ဆုံးရှိ ရာထူးတာဝန်နှင့် ကိုက်ညီသော စာသင်ကျောင်းများတွင် ဦးစားပေး တာဝန်ချထားပေးနိုင်ရန် အစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါရန် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေ ကြရသည့် အချို့ပညာရေးဝန်ထမ်း ဆရာ၊ ဆရာများသည် မိမိတို့မိသားစုများနှင့် ဝေးကွာလှသည့် တိုင်းဒေသကြီး၊ ပြည်နယ် အခြားဒေသများတွင် တာဝန်ထမ်းဆောင်နေရခြင်း၊ တိုင်းဒေသကြီး အတွင်းဝေးလံသော မြို့များတွင် တာဝန်ထမ်းဆောင်နေကြရခြင်း၊ နိုင်ငံတော်မှအခြေခံ ပညာရေး ၀န်ထမ်းများအတွက် အိမ်ရာအဆောက်အဦများကို လုံလောက်အောင်တည် ဆောက်မပေးနိုင် သေးခြင်း၊ မိမိတို့တာဝန် ထမ်းဆောင်ရာတွင် ကိုယ်စိတ်နှစ်ပါး စိတ်ချ လုံခြုံမှုရှိစေရန် လိုအပ်ခြင်း၊ သွားလာရေး အဆင်ပြေစေရန်နှင့် မိသားစု စားဝတ်နေရေး ပိုမိုအဆင်ပြေ မှုရှိစေရန်အတွက်သာမက အနာဂတ် ကျောင်းသားလူငယ်တို့၏ ပညာရေးကို စိတ်ချမ်းမြေ့စွာ သင်ယူနိုင်ရေးတို့အတွက် အလွန်ပင် အရေးကြီး လိုအပ်လျက်ရှိနေကြောင်း တင်ပြသည်။
ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံပြီး လွှတ်တော်က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၁၈ မဲ၊ ကန့်ကွက်မဲ ၂၂၆ မဲ၊ ကြားနေမဲ ၇ မဲဖြင့် ကန့်ကွက် မဲများသဖြင့် ယင်းအဆိုအား လက်ခံဆွေးနွေးရန် မရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတီ ခွန်မြတ်က ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်၇ ချက်ကို ဥပဒေကြမ်းကော်မတီဝင်က လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုသည်။
ဆက်လက်၍ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  အချက် ၄ချက်သည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသောကြောင့်  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးက အဆိုတင်သွင်းပြီး ယင်းဥပဒေကြမ်းအား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို မေ ၁၅ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။    
အေးအေးသန့်

No comments:

Post a Comment