Wednesday, May 16, 2018

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ဖြစ်ရေးအတွက် နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ



နေပြည်တော် မေ ၁၆ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ် ဒေသများအား ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် လုပ်ငန်း တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် ဗိဿနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာ စသည့်ပျူမြို့ဟောင်း (၃) မြို့အား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွက်လည်း အဆိုပြုစာတွဲ Nomination Dossier တင်သွင်း ခဲ့သည်။

ထို့အတူ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးအတွက် UNESCO၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အီတလီနိုင်ငံတို့ကနည်းပညာနှင့် ပစ္စည်းအထောက်အပံ့များကို ကူညီလျက် ရှိပြီး ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ ဒေသတွင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ပညာရှင်များ၊ ဒေသခံအမွေအနှစ် ချစ်မြတ်နိုးသူများပါဝင်၍ ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး လက်တွေ့ကွင်းဆင်း သုတေသနပြုခြင်း၊ Inventory စာရင်းကောက်ယူခြင်း၊ GIS မြေပုံ ရရှိရေး ဆောင်ရွက်ခြင်း၊ ဒေသခံများ ပူးပေါင်းပါဝင် လာနိုင်ရေးနှင့် အမွေအနှစ်ချစ်မြတ်နိုးစိတ် ပိုမိုဖြစ်ထွန်းလာ ရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
မြောက်ဦးဒေသ၏ ရှေးကာလမှ ယနေ့ကာလအထိ ရေအသုံးချမှုဆိုင်ရာ များ၊ ပထဝီဝင် အချက်အလက်များ၊ မြောက်ဦးဒေသ၏ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် အချက်များ၊ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးအတွက် အဆိုပြုစာ ရေးသားရေးဆိုင်ရာများ၊ ရှေးဟောင်း အဆောက်အအုံနှင့် ရှေးဟောင်း ပစ္စည်းများ ရေရှည် တည်တံ့စေရန် ဘက်ပေါင်းစုံ ကာကွယ်ထိန်းသိမ်းနိုင်ရေးဆိုင်ရာများကို ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း၍ မေ ၁၃ ရက် မှ ၁၅ ရက်အထိ ကွင်းဆင်းသုတေသန ပြုဆောင်ရွက်ခဲ့ကြသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မေ (၁၅) ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ အီတလီနိုင်ငံသံအမတ်ကြီး၊ အီတလီနိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန (AICS)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ South East University မှ ပညာရှင်များနှင့်အတူ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ကိုးသောင်းပုထိုးတော်ကြီး၊ ဝင်းမနား စပါးကျီ၊ ဝင်းမနား ပိဋကတ်တိုက် နှင့် ဝင်းမနားတံတိုင်းတို့ကိုလည်းကောင်း၊ ဇိနမာန်အောင်ဘုရား၊ လက်ဆည်ကန်နှင့်တံတိုင်း၊ မင်္ဂလာ မာန်အောင် ဘုရား၊ ရှစ်သောင်းဘုရား၊ မြောက်ဦးနန်းတော်ကုန်းနှင့် မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်များသို့ ကွင်းဆင်းလေ့လာ ကြည့်ရှု ခဲ့ကြသည်။ ထို့နောက် မွန်းလွဲ(၁) နာရီတွင် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် နိုင်ငံတကာအထောက်အပံ့နှင့် နည်းပညာဆိုင်ရာ အကူအညီများကို စနစ်တကျ ပေါင်းစပ်ညှိနှိုင်း အသုံးပြုနိုင်စေရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကော်မတီဖွဲ့စည်းရေး ကိစ္စများအပြင် အီတလီနိုင်ငံ အထောက်အပံ့ အကူအညီအဖြစ် ယူရို(၁)သန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ စတင်ကြောင်းကြေငြာခြင်း၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံအကူအညီဖြင့် မြေပုံရရှိရေး၊ ဇုန်နယ်နိမိတ်သတ်မှတ်ရေး၊ မြို့ပြစီမံကိန်းရေးဆွဲရေး၊ သုတေသန ဆိုင်ရာလုပ်ငန်းများအပြင် လိုအပ်သည့် နည်းပညာ၊ သင်တန်း၊ ပစ္စည်းအကူအညီများကို ပံ့ပိုးကူညီဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အစည်းအဝေးဆွေးနွေးချက် ရလဒ်များ အတည်ပြု ဆုံးဖြတ်ပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် UNESCO အပါအဝင် နိုင်ငံတကာ ပံ့ပိုးကူညီမှုများဖြင့် ပြည်တွင်း/ပြည်ပပညာရှင်များ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အီတလီနိုင်ငံအစိုးရ၏ အထောက်အပံ့ ယူရို(၁)သန်းကို အီတလီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (AICS) ကမြောက်ဦး ဒေသရှိယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းဆောင်ရွက်ရန် နည်းပညာ သင်တန်းပေးခြင်း၊ လိုအပ် သည့် လုပ်ငန်းသုံးပစ္စည်းများ အကူအညီပေးခြင်း၊ အခြေခံပညာကျောင်းများရှိ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း လှူဒါန်းပေးခြင်း၊ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝပိုမိုတိုးတက် လာစေရေးအတွက် NGO အဖွဲ့များကို အထောက်အပံ့ပေးခြင်းများ ဆောင်ရွက် မည်ဖြစ်သည်။
မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်းကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဦးစီးပူးပေါင်း ဆောင်ရွက်လျက်ရှိရာ UNESCO နှင့်အတူ ပြည်ပနိုင်ငံများရှိ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးတွင် အတွေ့အကြုံရှိသော ပညာရှင်များ၊ ကမ္ဘာ့အမွေအနှစ် (၅၃) ခုဖြင့် ကမ္ဘာတွင် ကမ္ဘာ့အမွေအနှစ် အများဆုံးရရှိထားသည့် အီတလီနိုင်ငံ၊ ကမ္ဘာ့အမွေအနှစ် (၅၂) ခုဖြင့် ဒုတိယ ကမ္ဘာ့အမွေအနှစ် အများဆုံးနိုင်ငံဖြစ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့က အဓိကပံ့ပိုးပူးပေါင်း ကူညီဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်တွင် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ် အဆိုပြုစာတွဲ (မူကြမ်း) တင်သွင်းနိုင်ရေးနှင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရ နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment