နေပြည်တော် မေ ၂၁
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
အဋ္ဌမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက်
၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံ၊ နည်းပညာနှင့်
ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ် တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက
ကြေညာသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ
မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း ၆ ခုအား ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနှင့် ဦးကျော်မျိုးတို့က
ဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်းနှင့် အဆိုတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
မန္တလေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ ယနေ့မြန်မာ
နိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်အချို့သည် မီဒီယာပေါင်းစုံကို အသုံးပြုပြီး အလှကုန်၊
ဆေးဝါး၊ စားသောက်ကုန်၊ စိုက်ပျိုးရေး လုပ်ငန်းသုံးကုန်စသည့် ကုန်ပစ္စည်း မျိုးစုံတို့ကို
ပကတိ အခြေအနေမှန်နှင့် များစွာကွာဟပြီး ယုတ္ထိမတန်စွာ လွန်လွန်ကဲကဲ အမွှမ်းတင်၍ ကြော်ငြာနေကြ
ခြင်းများကို ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားတွင် စီးပွားရေး လုပ်ငန်းရှင် များမှ ကုန်ပစ္စည်းကြော်ငြာများ လာရောက်ထည့်သွင်းသည့်အခါ
သင့်တင့် လျောက် ပတ်သော ကြော်ငြာဈေးနှုန်းဖြင့် ကောက်ခံပြီး ၀န်ကြီးဌာနက ဖွဲ့စည်းထားသည့်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ဆင်ဆာဘုတ်အဖွဲ့သို့ တင်ပြကာ စိစစ် ခွင့်ပြု ဆောင်ရွက်ပေးလျက်
ရှိပါကြောင်း။
ထိုသို့ စိစစ်ရာတွင်လည်း
ချမှတ်ထားသည့် မူဝါဒနှင့်အညီ ကြော်ငြာမည့် ကုန်ပစ္စည်း၏ ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ကုန်ပစ္စည်းမှတ်ပုံတင်လက်မှတ်၊
ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်၊ FDA ခွင့်ပြုချက်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ထောက်ခံချက်
စသည့်လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ ပြသမည့် Video File ကို စနစ်တကျ စိစစ် ဆောင်ရွက်ခြင်း
ဖြစ်ပါကြောင်း၊ စိစစ်ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြော်ငြာမူဝါဒအရ
နိုင်ငံတော်အလံ၊ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အကြီးအကဲနှင့်
ငွေကြေးသင်္ကေတများ ကို မလေးစားသည့် တင်ပြမှုများ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို
ထိခိုက်စေသည့် ဖန်တီး တင်ပြမှုများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်၊
လမ်းညွှန်ချက်မှအပ နိုင်ငံရေးဆိုင်ရာ ကြော်ငြာများ၊ နိုင်ငံရေး ပါတီတစ်ခုခု၏ နိုင်ငံရေးမူဝါဒ
(သို့မဟုတ်) ရပ်တည်ချက်များနှင့် သက်ဆိုင်သည့် ကြော်ငြာများကို လက်ခံခွင့်ပြု ခြင်း
မရှိပါကြောင်း။
ထို့ပြင် နိုင်ငံတွင်းနေထိုင်ကြသည့်
တိုင်းရင်းသားတစ်မျိုးမျိုး၏ လူမျိုးရေး (သို့မဟုတ်) ယဉ်ကျေးမှုကို ထိခိုက်မုန်းတီးစိတ်
ဖြစ်စေသည့် ကြော်ငြာများ၊ ကိုးကွယ် ယုံကြည်မှုများကို နှိမ့်ချစော်ကားရာ ရောက်သည့် ကြော်ငြာများ၊
ကာမရာဂကို လှုံ့ဆော်ရာ ရောက်သည့်စာများ၊ ပုံများ၊ ၀တ်စားဆင်ယင်မှုများ၊ ရာဇ၀တ်မှု၊ အကြမ်းဖက်မှု၊
လောင်းကစားမှုနှင့် မူးယစ် ဆေးဝါး သုံးစွဲခြင်းများကို အားပေးလှုံ့ဆော်သည့် ကြော်ငြာများ၊
လူကုန်ကူးမှုကို အားပေးသည့် ကြော်ငြာများ၊ မသန်စွမ်း သော ပုဂ္ဂိုလ်များအား နှိမ့်ချစော်ကား
ပြက်ရယ်ပြုလှောင်ပြောင်သည့် ကြော်ငြာများ၊ ဆေးဝါးနှင့် ပတ်သက်၍ လည်း သမားရိုးကျမဟုတ်သော
ကုထုံးများ၊ လောကီပညာ (ဂမ္ဘီရပညာ) သို့မဟုတ် အလားတူ ကုထုံးများ၊ အလွန်အကြူး အမွှမ်းတင်ထားသည့်
ပစ္စည်းနှင့် စားသောက်ကုန်များ၊ အရက်သေစာနှင့် ဆေးလိပ်ဆေးတံများ စသည့် ကြော်ငြာများကို
လက်ခံဆောင်ရွက်ခြင်း မပြုပါကြောင်း။
မိမိတို့၏ ကုန်ပစ္စည်းများကို
ပကတိအခြေအနေနှင့် ကွာဟပြီး ယုတ္တိမတန်စွာ အလွန်အကြူး အမွှမ်းတင်လျက် ကြော်ငြာနေ ကြခြင်းမှာ
ကြော်ငြာလောက၏ သဘာဝတစ်ခုဟု ဆိုနိုင်သော်လည်း ၄င်းတို့ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား
အများပြည်သူ သိရှိစေရန် ကြော်ငြာလိုသည့်အခါ ပြန်ကြားရေးဝန်ကြီးဌာန၊ အများပြည်သူဝန်ဆောင်မှု
မီဒီယာဆိုင်ရာ ကြော်ငြာမူဝါဒအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်လျက် ရှိသော ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်များ၊
နိုင်ငံပိုင်သတင်းစာများ၊ အကျိုးတူဆောင်ရွက်လျက်ရှိသည့် ရုပ်သံ လွှင့်ကုမ္ပဏီများ၊
FM ကုမ္ပဏီများအတွက် အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုင်ရာ ကြော်ငြာမူဝါဒကို ထုတ်ပြန်ကြော်ငြာ
ထားသည့်အတိုင်း တိကျစွာ လိုက်နာရန် ဆောင်ရွက်စေလျက် ရှိပါကြောင်း၊ လိုအပ်ချက်များ ရှိပါကလည်း
သတိပေး ကြပ် မတ်ဆောင်ရွက်ရန် စီစဉ်သွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံ
သတင်းမီဒီယာ ကောင်စီက ၂၀၁၄ခုနှစ် မေလ ၃ရက်တွင် ထုတ်ပြန်ထားသည့် သတင်းမီဒီယာ ကျင့်ဝတ်
အပိုဒ် ၂၃တွင် ကြော်ငြာခြင်း၊ ကုန်ပစ္စည်းများထည့်သွင်းဖော်ပြခြင်းနှင့် ကြော်ငြာမဟုတ်သော
အစီအစဉ်များတွင် လိုက်နာဆောင် ရွက်ရန် လိုအပ်သည်များကို အတိအကျ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊
ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ထိန်းချုပ်ကွပ်ကဲခြင်း မပြုနိုင်သည့် လူမှုကွန်ရက်များအပါအ၀င်
မီဒီယာပေါင်းစုံတွင် ကုန်ပစ္စည်းမျိုးစုံကို ယုတ္တိ မတန်စွာ အမွှမ်းတင်လျက် ကြော်ငြာနေ
ကြခြင်း၏ အန္တရာယ်ဆိုးကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ကောင်းစွာ သိရှိနား လည်ပါကြောင်း၊
ယင်းတို့ကို ပိုမိုထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် အခြားသော ၀န်ကြီးဌာနများ၊ အစိုးရမဟုတ်သော
ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ မကွေးတိုင်းဒေသကြီး၏
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် မြစ်ကမ်းပါး ပြိုကျမှုများ လျော့ပါးသွားရေးအတွက်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ခေတ်မီကျွမ်းကျင်သည့် နည်းပညာများနှင့်အတူ
ရေရှည်စီမံကိန်းများ ချမှတ်လျက် လုပ်ကိုင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်
စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ရေအရင်းအမြစ်
နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဧရာဝတီမြစ် ရေတိုက်စားကမ်း
ပြိုမှု ကာကွယ်ရေး လုပ်ငန်းများ အား နည်းလမ်း ၂သွယ်ဖြစ်သည့် တိုက်ရိုက်ကာကွယ်ခြင်း နည်းစနစ်နှင့်
သွယ်ဝိုက်ကာကွယ်ခြင်း နည်းစနစ်တို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ တိုက်ရိုက်ကာကွယ်ခြင်း
နည်းစနစ်သည် လတ်တလော ရေစားကမ်းပြိုနေမှု ကို အမြန်ဆုံး ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက်
လုပ်ငန်းဆောင်ရွက်ရန် အခြေအနေပေးသည့် ကမ်းပြိုကမ်းစား ဖြစ်ပေါ်နေသော နေရာများတွင် မြေထိန်းနံရံများ
တည်ဆောက်ပေးခြင်း (သို့မဟုတ်) ကမ်းပါးလျှောစောက်ပြုပြင်၍ မျောကရစ်တန်း များ ရိုက်ခြင်းတို့
ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း။
သွယ်ဝိုက်ကာကွယ်ခြင်း
နည်းစနစ်အား ရေတိုက်စားကမ်းပြိုလျှက်ရှိသော နေရာတွင် ရေအနက်များသဖြင့် တိုက်ရိုက် ကာကွယ်ခြင်း
ဆောင်ရွက်၍ မရနိုင်သော နေရာများ၌ ဆောင်ရွက်ပေးလေ့ ရှိပါကြောင်း၊ ကမ်းပြိုနေရာ၏ အထက်ဘက်
သဲသောင်ပြန့်ရှိသော နေရာမှစ၍ အောက်ဘက်တွင် သဲနုန်းများ အနည်ကျစေပြီး ရေ လမ်းကြောင်းအား
သွေဖယ်စေသော ရေလွှဲရေကာများ တည်ဆောက်ပေးခြင်း၊ ယာယီထိန်းသိမ်းနိုင်ရန် ရေစီးနှုန်းလျော့ချစေသော
ရေကာများ တည်ဆောက် ပေးခြင်း၊ လှိုင်းပုတ်ခြင်းနှင့် အပေါ်ယံရေစီးပွတ်တိုက်မှု အကာအကွယ်များ
တည်ဆောက်ပေးခြင်းနှင့် သောင်တူးဖော် ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ရေရှည်စီမံကိန်းများနှင့်
ပတ်သက်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အောက်ပိုင်း ရေလမ်းကြောင်းများ ပြုပြင်ထိန်းသိမ်းရန်
၁၉၈၈ ခုနှစ်တွင် ကမ္ဘာ့ဘဏ်အကူအညီဖြင့် နယ်သာလန်နိုင်ငံ Royal Haskoning Engineering
Co.Ltdနှင့် ရေးဆွဲခဲ့ သော Master Plan ကို အခြေပြု၍ မြစ်ကြမ်းပြင် ပြုပြင်နည်းစနစ်
ဖြင့် ယခုအချိန်အထိ ဧရာဝတီ မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေးကို ရန်ပုံငွေ ရရှိမှုအပေါ်
မူတည်၍ ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ လာမည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်
အတွင်း ၃နှစ်တာကာလတွင် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်မည့် ဧရာဝတီမြစ် ကြောင်း ပြုပြင်ထိန်းသိမ်းရေး
အစီအမံများအတွက် စုစုပေါင်းငွေကျပ် ၄၇ ဒသမ ၇၇ ဘီလီယံ ခန့်မှန်းလျာထားပါကြောင်း။
ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မကွေး တိုင်းဒေသကြီး၏ ဧရာဝတီမြစ်ကြောင်း
တစ်လျှောက်ရှိ ကျေးရွာတို့တွင် ကမ်းပါးပြိုကျမှုများ လျော့ပါးရေးအတွက် ရေတိုက်စားကမ်းပြိုမှု၏
ပင်မအကြောင်း အရင်းဖြစ်သော ရေလမ်းကြောင်း ပြောင်းလဲမှုများကို တည်ငြိမ်စေရန် ပင်မစီမံချက်ပါ
ဦးစားပေး အစီအမံများကို ဆောင်ရွက်ပေးနိုင်ပါက ပိုမိုထိရောက်မည် ဖြစ်ပါသဖြင့် လာမည့်
၃နှစ်အတွင်း ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်းဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ
ဦးစိုးသိန်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်တွင်
ဖြတ်သန်းစီး ဆင်းလျက်ရှိသော ဘီလူးချောင်းကို ပြည်ထောင်စု အစိုးရမှ တာဝန်ယူ ထိန်းသိမ်းပေးရန်
အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ရေကြောင်း
သွားလာအသုံးပြုသည့် ဧရာဝတီ နှင့်ချင်းတွင်းမြစ်ကြီးများ၏ ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းများကို
ဦးစားပေး ဆောင်ရွက်နေရခြင်းကြောင့် ဘီလူးချောင်းအပါအ၀င် ရေကြောင်းသွားလာအသုံးပြုမှု
နည်းပါး သည့် အခြားမြစ်ချောင်းများ ထိန်းသိမ်းရေးအတွက် ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလ
အထိ ၆ လတာ နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တို့အတွက် ရေးဆွဲထားသော လုပ်ငန်းအစီအမံများတွင်
ဘီလူးချောင်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရန် ရန်ပုံငွေ တင်ပြတောင်းခံထားခြင်း မရှိပါကြောင်းနှင့်
ဘီလူးချောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင်လည်းကောင်း၊ အရေးပေါ်ရန်ပုံငွေမှ လည်းကောင်း
တင်ပြတောင်းခံမည်ဆိုပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့်
ကျွမ်းကျင်မှုနှင့် နည်းပညာအကူအညီများ ပံ့ပိုးဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၊ ချင်းပြည် နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်နှင့်
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် တို့၏မေးခွန်းများနှင့်
စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် အမျိုးသားလွှတ်တော်
ဥပဒေကြမ်းကော်မတီဝင် စိုင်းထွန်းအောင် က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ ဥပဒေ ကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရာတွင် ကော်မတီသည် ယင်း
ဥပဒေကြမ်းအပေါ် အကြံပြုဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာ ၀န်ကြီးဌာန၊
ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ ပညာရှင်များနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး
ဖြစ်ပါသဖြင့် ဥပဒေကြမ်း ကော်မတီမှ တင်ပြခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို အမျိုးသားလွှတ်တော်၏
အတည်ပြုချက်အတိုင်းသာ ပြန်လည် အတည်ပြုနိုင်ပါရန်နှင့် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲချက်များကို
ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ခံယူ သင့်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော သိပ္ပံ၊ နည်းပညာနှင့်
ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်
အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော်နှင့်
ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန်
အဆိုတင်သွင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်သို့
တင်ပြ ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာသမိုင်းအဖွဲ့
ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြု ကြောင်း
ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
အဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို မေ ၂၃ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်

No comments:
Post a Comment