Monday, May 21, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ


နေပြည်တော် မေ ၂၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး တင်သွင်းသည့် ပြည်ထောင်စုလွှတ်တော် မှ ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ပြီးသည့် မူလဥပဒေများကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် အကောင်အထည်ဖော် ကျင့်သုံးကြရမည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တစ်ဆင့်ခံဥပဒေဖြစ်သည့် နည်းဥပဒေများကို အချိန်နှင့်တစ်ပြေးညီ ရေးဆွဲထုတ်ပြန်ကျင့်သုံးပေးရန် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသက်တမ်း တစ်နှစ်ထပ်မံ တိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြခြင်း၊  ကြယ်ပွင့်ပြ မေးခွန်း ၆ ခု မေးမြန်း ခြင်းနှင့်ဖြေကြားခြင်း၊ အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အမည်စာရင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်ပေးပို့လာသည့် အမည်စာရင်းတွင် အဖွဲ့ဝင် ၂ ဦး အမည်စာရင်း လွဲမှားနေသဖြင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေး ကော်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်ဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉(ခ)ပါ ကော်မရှင်၏တာဝန်များ အရလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀(ဂ)ပါ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အရလည်းကောင်း ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မေးခွန်းတွင် ဖော်ပြပါရှိသော သက်ဆိုင်ရာ မြို့နယ်မှ တင်ပြသည့်စာရင်းအတိုင်းကော်မရှင်မှ ဖွဲ့စည်းပေးရမည်ဟု ဥပဒေပြဋ္ဌာန်းချက်မရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီသာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဖွဲ့စည်းခြင်းသည် လွဲမှားခြင်းတစ်စုံ တစ်ရာ မရှိပါကြောင်းနှင့်  ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
မိုင်းတုံ မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦး၏ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် အကြား ကားလမ်းမကြီးတွင် ဆိုးရွားစွာ ပျက်စီးလျက်ရှိသော လမ်းပိုင်းများအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင်  ပန်ခမ်း(ပန်ဆန်း) မြို့၌ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် `၀´ အထူးဒေသ (၂)မှ တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အဆိုပါ လမ်းအပိုင်းပျက်စီးနေမှုများအား အမြန်ပြုပြင်ပေး ပါရန်နှင့် ပြုပြင်ရန် အခက်အခဲရှိမည် ဆိုပါက အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးရန် ပြောကြားခဲ့သည့် အပေါ်တွင် `၀´ အထူးဒေသ (၂) အနေဖြင့် မိုင်းဆတ်လမ်းကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုကြောင်း တင်ပြလာမှု အရ အဆိုပါလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်ညှိနှိုင်းထား ပြီးဖြစ်ပါကြောင်း၊ တာချီလိတ်-မိုင်းဆတ် ၆၀/ ၄ မိုင်ကို ဆောက်လုပ်ရေး ၀န်ကြီးဌာနပိုင် လမ်းအဖြစ် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးတွင်လည်း ထည့်သွင်းဆွေးနွေးပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
ချီဖွေ မဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ ဆင်းရဲနွမ်းပါးမှု မြင့်မားနေသည့် မြို့နယ်ဒေသများတွင် ဘက်စုံလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာစေရန် ငြိမ်းချမ်းရေးအသွင် သဏ္ဍာန်ဖော်ဆောင်သည့် ဒေသအဖြစ်ပြည်ထောင်စုအစိုးရအဖွဲ့မှ သီးသန့်အထူး ရန်ပုံ ငွေ များဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ဖြေကြားချက်များနှင့်ပေါင်းစပ်၍ မိမိတို့ဝန်ကြီးဌာနမှ ဖြေကြားမည်ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုရန်ပုံငွေမှ ကျေး လက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး ရန်ပုံငွေဖြင့် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်များအတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ နှစ်စဉ် ရန်ပုံငွေ ငွေကျပ်သန်း ၁၀၀၀၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေ ငွေကျပ် သန်း ၁၅၀၀၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေ ကျပ်သန်း ၅၀၀၀ တို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူ ကချင်ပြည်နယ် အတွင်း မြို့နယ်များအလိုက် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့် တစ်မြို့နယ်လျှင် ကျပ်ငွေ သိန်း ၁၀၀၀ နှုန်းဖြင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာ ရေး နှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ၁နှစ်လျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေကျပ် သန်း ၂၀ ဖြင့် နှစ်စဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်း ၆ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင် ရွက်ပြီးဖြစ်ပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း သာမန်အသုံးစရိတ် (နိုင်ငံတော်ထောက်ပံ့ငွေ) မှ လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချေရေး (နိုင်ငံတော် ထောက်ပံ့) ရန်ပုံငွေမှလည်းကောင်း၊  ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်အထိ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် အသုံးစရိတ်စုစုပေါင်း ငွေကျပ်  ၃၅၉၃၄ ဒသမ ၃၅၄၅ သန်းကိုလည်း ကောင်း ထောက်ပံ့ပေးခဲ့ပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်  ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအပေါ် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရမှုများမှ လျော့နည်းသက်သာစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘေးသင့်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ပြန်လည်ထူ ထောင်နိုင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ခြင်းတို့ကို အလေးထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ဖွဲ့စည်းထားပါကြောင်း၊ ပဋိပက္ခကျရောက်ခဲ့ရသည့်ဒေသများအတွင်း တိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးအတွက် ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာ ရန်ပုံငွေ၊ အထူးသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန၏ ရန်ပုံငွေဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ရန်ပုံငွေ၊ ပြည်တွင်းပြည်ပအလှူရှင်များ၏ လှူဒါန်းငွေများဖြင့်လည်း တိုင်းရင်းသားပြည်သူများ၏ စားဝတ် နေရေးလိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အလိုက် ဟန်ချက်ညီညီ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သက်ဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းများကို နှစ်အလိုက် စီမံကိန်းချမှတ်၍ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ အခြေနေအရပ်ရပ်များကြောင့် အချို့သောဒေသများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများအား ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်လျက်ရှိကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နောင်အနာဂတ်တွင် လည်း ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကို နှစ်အလိုက်စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသဖြင့် သီးသန့်အထူးရန်ပုံငွေ မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍  ကွမ်းလုံ မဲဆန္ဒနယ်မှ ဦးယန်ကျင်းကန်၊ နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှနှင့် မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ နယ် စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရှင်းလင်း ဖြေကြားသည်။
ထို့နောက်  ဝေါ မဲဆန္ဒနယ်မှ ဦးတင်ထွေး တင်သွင်းသည့် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ပြီးသည့် မူလဥပဒေများကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် အကောင်အထည်ဖော် ကျင့်သုံး ကြရမည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ တစ်ဆင့်ခံဥပဒေဖြစ်သည့် နည်းဥပဒေများကို အချိန်နှင့် တစ်ပြေးညီရေးဆွဲထုတ်ပြန်ကျင့်သုံးပေးရန် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးကြရာ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က ဥပဒေတစ်ခုကို ရေးဆွဲ ပြဋ္ဌာန်းရာတွင် ဘာကြောင့်ယင်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းရသည်ဆိုသည့် ဥပဒေ၏ ရည်ရွယ်ချက်က အခန်းကဏ္ဍတစ်ခု အနေဖြင့် ပါရှိပါကြောင်း၊ မူရင်းဥပဒေ၏ ရည်ရွယ်ချက်ကို ပေါက်မြောင်အောင်မြင်စွာအကောင်အထည်ဖော်မည်ဆိုလျှင် ရေးဆွဲ သင့်ရေးဆွဲထိုက်သည့် နည်းဥပဒေများက နောက်ကျကျန်ခဲ့၍ မဖြစ်ပါကြောင်း၊ ဥပေဒနှင့် နည်းဥပဒေကို ကြိုတင် ပြင်ဆင်ပြီး အချိန်နှင့်တစ်ပြေးညီပြုလုပ်နိုင်ခြင်းကြောင့် အားလုံးက တလေးတစားလိုက်နာကျင့်သုံးနိုင်ပြီး စည်းစနစ်ကျ အောင်မြင်စွာ ကျင့်သုံးနေသည့် သာဓကများလည်း အများအပြားရှိပါကြောင်း။
မူရင်းဥပဒေ အာဏာတည်ရန် နည်းဥပဒေပေါ်တွင် တည်မှီနေသောကြောင့် အဆိုရှင် ဆွေးနွေးသကဲ့သို့ ပြည်ထောင်စု အဆင့်အဖွဲ့စည်းများသည် တစ်ဆင့်ခံဥပဒေ ဖြစ်သည့်နည်းဥပဒေကို အမြန်ရေးဆွဲပြဋ္ဌာန်းရန် မလွဲမသွေလိုအပ်ပါကြောင်း၊ လှပသေ သပ်သည့် ၀တ်စုံတစ်စုံကို ချုပ်ရန်အတွက် ချွန်မြသည့်အပ်တစ်ချောင်းကို လက်ထဲတွင် ဆုပ်ကိုင်ထားမိပါက (ဥပဒေ) ချိတ်ဆက်တွဲချည်မည့် (နည်းဥပဒေ) အပ်ချည်မရှိပါက မည်မျှပင်အပ်က ထိုးဖောက်သော်လည်း အလုပ်မဖြစ်ပါ ကြောင်း၊  အပ်နှင့်အပ်ချည်ကို တွဲဖက်အသုံးပြုတွယ်ယှက်မှသာ ခိုင်ခန့်အသုံးဝင်သည့် ၀တ်စုံတစ်စုံဖြစ်လာမည်ဖြစ်ပါ ကြောင်း၊ ပြည်သူများအတွက် အကျိုးပြုဥပဒေကို နည်းဥပဒေနှင့် အမြန်ဆုံး တွယ်ယှက် အသုံးနိုင်ရေးအတွက် အဆိုကို ထောက်ခံကြောင်း ဆွေးနွေးသည်။
ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က နည်းဥပဒေဆိုသည်မှာ တစ်ဆင့်ခံ ဥပဒေအမျိုးအစားဖြစ်ပါကြောင်း၊ ဥပဒေ သို့မဟုတ် အက်ဥပဒေက အာဏာအပ်နှင်း သည့်အခါ နည်းဥပဒေကို ပြဋ္ဌာန်းနိုင်ပါကြောင်း၊ အုပ်ချုပ်ရေးအာဏာပိုင်များကို နည်းဥပဒေပြုနိုင်သည့် အာဏာအပ်နှင်းလေ့ရှိပါကြောင်း၊ နည်းဥပဒေဆိုသည်မှာ အက်ဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်သည့် နည်းလမ်းများသာ ဖြစ်ပါကြောင်း၊  ဥပဒေသည် မူသဘောဖြစ်ပြီး နည်းဥပဒေသည် ယင်းမူသဘောကို လက်တွေ့အကောင်အထည်ဖော်ရာတွင် မည်သို့မည်ပုံလိုက်နာ ကျင့်သုံးရမည်ကို တိကျရှင်းလင်းစွာ ရေးဆွဲထားသည့်နည်းလမ်းဟု ဆိုနိုင်ပါကြောင်း၊ ဥပဒေဟူသည် အဓိကမူသဘောများကို ပြဋ္ဌာန်းပြီး ယင်းမူသဘောများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အသေးစိတ်အချက်အလက်များကို နည်းဥပဒေများထုတ်ပြန်၍ သတ်မှတ်ပေးရ မည်ဖြစ်ပါကြောင်း။
နည်းဥပဒေများကို မရေးဆွဲဘဲ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များသာ ထုတ်၍ အုပ်ချုပ်လျှင် ဥပဒေအရ အုပ်ချုပ်ခြင်းမျိုးမဟုတ်ဘဲ အမိန့်၊ ညွှန်ကြားချက်အဖြစ် အုပ်ချုပ်ခြင်းမျိုးဖြစ်သွားတတ်စေသောကြောင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို ညစ်နွမ်းထိခိုက်စေမည်ဖြစ်ပါကြောင်း၊ ကျင့်သုံးနေသည့် နိုင်ငံရေးစနစ်နှင့်လည်း ကိုက်ညီမှုမရှိဟုလည်း ဆိုနိုင်ပါကြောင်း၊ တိုင်းပြည်ကို ကောင်းသောအုပ်ချုပ်ရေးဆီသို့ ကြိုးပမ်းဆောင်ရွက်နေချိန်ဖြစ်၍ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြည့်ပြည့်၀၀ ကျင့်သုံးနိုင်မှသာ ထိထိရောက်ရောက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်း ပြည်အတွက် ကောင်းသောပြောင်းလဲခြင်းဆိုသည့် အရွေ့ကို အရှိန်အဟုန်နှင့် ဆောင်ရွက်နိုင်ရန် ကျင့်သုံးနေသည့် နိုင်ငံရေးစနစ်အောင်မြင်ရန် အဆိုကို ထောက်ခံရ ခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
အလားတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်၊  အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ အောင်လံ မဲဆန္ဒနယ်မှ ဦးအောင်ထူးမြင့်၊  ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်း၊ မြန်အောင် မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်နှင့် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်တို့က ဆွေးနွေးကြသည်။
ထို့နောက် ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ပြည်ထောင်စု ရှေ့နေချုပ်ရုံး အနေဖြင့်  ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးက ဖွဲ့စည်းသည့် နည်းဥပဒေရေးဆွဲရေးကော်မတီတွင် ပါဝင်၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ နည်းဥပဒေများရေးဆွဲရာတွင် ဥပဒေနှင့်အညီ အကောင်အထည် ဖော်နိုင်ရန် လိုအပ်မည့် အသေးစိတ် အချက်အလက်များကို မျှော်မှန်းစဉ်းစား၍ ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲရခြင်း၊ နည်းဥပဒေများတွင် လိုအပ်သည့် ပုံစံဇယားများ ထည့်သွင်းဖော်ပြရခြင်း၊ နည်းဥပဒေများတွင် ပါဝင်သည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ဆက်စပ်သည့်ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်း၊ အချို့ဥပဒေများသည် အပြည်ပြည်ဆိုင်ရာစာချုပ်များနှင့် ဆက်စပ်သဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်း၊ နိုင်ငံတကာနှင့် ဆက်စပ်သည့် ပညာရပ် ဆိုင်ရာကိစ္စရပ်များတွင် ပြည်ပကျွမ်းကျင်ပညာရှင်များ ခန့်ထား၍ အကြံဥာဏ်ရယူ ဆောင်ရွက်ရခြင်း၊  သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များကို ရယူဆောင်ရွက်ရခြင်း၊ နည်းဥပဒေများ ရေးဆွဲစဉ် အခြေအနေ အရပ်ရပ်ကြောင့် မူရင်းဥပဒေပြင်ဆင်ရန် အကြောင်းပေါ်ပေါက်သဖြင့် နည်းဥပဒေထုတ်ပြန်ရန် ဆိုင်းငံ့ရခြင်း စသည့် အချက်များကြောင့် ၀န်ကြီးဌာနအနေဖြင့် အချို့နည်းဥပဒေများကို အချိန်မီ ထုတ်ပြန်နိုင်မှု မရှိခဲ့သည်ကို တွေ့ရှိရပါ ကြောင်း။
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်သည့် ၀န်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးအနေဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့၏ ထုတ်ပြန်ရန် လိုအပ်သည့် နည်းဥပဒေများကို အမြန်ဆုံး ထုတ်ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသဖြင့် အဆိုကိုအတည်ပြုသင့်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့်စပ်လျဉ်း၍  လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မေ ၂၃ တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment