Tuesday, May 15, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြန်လည်စွန့်လွှတ် အပ်နှံသည့် မြေယာများ မူလတောင်သူများသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃) ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားတက်ရောက်




မန္တလေး မေ ၁၅

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ် အပ်နှံသည့် စိုက်ပျိုးမြေများအား မူလတောင်သူများထံ ယာယီလုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၃) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

အခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိမိတို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီးနောက် မန္တလေး တိုင်းဒေသကြီးအတွင်း ယခုကျင်းပသည့် အခမ်းအနားအပါအဝင် စွန့်လွှတ်အပ်နှံမြေများကို မူလတောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲ (၅) ကြိမ် ကျင်းပနိုင်ခဲ့ပြီး တောင်သူ (၆၅၁) ဦးသို့ စိုက်ပျိုးမြေ (၂၁၅၆) ဧက လွှဲပြောင်းပေးနိုင်ခဲ့သည်ကို တွေ့ရပါကြောင်း။

ယခုကဲ့သို့ တောင်သူများလက်ဝယ်သို့ စိုက်ပျိုးမြေများ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများအတွက် အဓိက စီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာလုပ်ငန်း ပိုမို ဖွံ့ဖြိုးလာပြီး လူမှုစီးပွားဘဝ တိုးတက်အောင် ပံ့ပိုးပေးနိုင်မည်ဖြစ်၍ တိုင်းပြည်အကျိုး၊ ပြည်သူ လူထုအကျိုးအတွက် စွန့်လွှတ်ရန်ကျန်ရှိ မြေများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် စွန့်လွှတ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း။
ပြန်လည်စွန့်လွှတ်မြေများ မူလပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးသည့် အချို့ကိစ္စများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စွန့်လွှတ်ထားပြီး ဖြစ်သော်လည်း ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရန်မှာ အချိန်ကြန့်ကြာနေမှုများ၊ ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိခြင်းမရှိဘဲ အခြားသူထံသို့ ပေးအပ်ထားခြင်းများ၊ မူလလက်ငုတ်နှင့် လက်ရှိလက်ငုတ် အငြင်းပွားနေမှုများ ကျူးကျော်သူများအား ရှင်းလင်းနေရသည့် အခြေအနေများ ဖြစ်ပွားနေသည်ကိုလည်း စိစစ် တွေ့ရှိရသည့်အတွက် အမှုတွဲများ ပြီးပြတ်မှုမရှိဘဲ နှောင့်နှေးနေသည်ကို တွေ့ရှိရပါကြောင်း။
ထိုသို့ဖြစ်ပွားနေသည့် မြေယာကိစ္စများကို မျှတစွာ ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည် စွန့်လွှတ်လာသော သိမ်းဆည်းလယ်ယာ မြေနှင့် အခြားမြေများကို မူလ မြေပိုင်ရှင်များအား ပြန်လည် ပေးအပ်နိုင်ရေးနှင့် စပ်လျဉ်း၍ မူဝါဒ(၁၀)ရပ်၊ တပ်မြေ သိမ်းဆည်းမှုနှင့် စပ်လျဉ်းသည့် မူဝါဒ(၃)ရပ်၊ သိမ်းဆည်းမြေများကို ပြန်လည်ပေးအပ်ရန် လျှောက်ထားလာခြင်း နှင့်စပ်လျဉ်း၍ စိစစ်ရန်အချက်(၄)ချက်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်း မြေများ နှင့်စပ်လျဉ်း၍ စိစစ်ရန်အချက် (၅)ချက်၊ သိမ်းဆည်းထားသည့် ဌာနမှ စွန့်လွှတ်သည့် သိမ်းဆည်းမြေများ နှင့်စပ်လျဉ်း၍ စိစစ်ရန် အချက်(၆)ချက်၊ စွန့်လွှတ်သည့်မြေများကို သက်ဆိုင်သူ လက်ဝယ် အမြန်ရောက်ရှိရေး လုပ်ငန်းစဉ်(၉)ရပ်၊ ပြည်နယ်/တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများမှ အလေးထားဆောင် ရွက်ရန် လုပ်ငန်းစဉ် (၁၅) ချက်တို့ကို ချမှတ်ပေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက် ရှိပါကြောင်း။
သိမ်းဆည်းမြေဆိုင်ရာ တိုင်ကြားစာများ၊ ပြန်လည်စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် ပတ်သက်ပြီး စိစစ်ဆောင်ရွက်မှု ပိုမို အားကောင်းလာရန်နှင့် တွန်းအားပေး ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ ပါဝင်သည့် သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်း စိစစ်ရေးအဖွဲ့ (၄) ဖွဲ့ကို ပြည်နယ်/တိုင်း ဒေသကြီးများသို့ ကွင်းဆင်းစေပြီး စိစစ် ဆောင်ရွက် နေကြပြီဖြစ်၍ ပြည်သူများ လိုလားတောင့်တ နေကြသော မြေသိမ်းဆည်းခံရမှု ပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် တိုးတက်မှု အထိုက်အလျောက် ရရှိနိုင်မည် ဖြစ်ပါ ကြောင်း။
စိုက်ပျိုးထုတ်လုပ်သူများ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်သည်အထိ လက်ကား ဈေးကွက်များ Contract Farming များ ဒေသအလိုက် ပေါ်ပေါက်လာရေးကို နိုင်ငံတော် အနေဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမား ဦးကြီးများ အနေဖြင့် မိမိတို့ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရသော လယ်ယာမြေများကို ဈေးကောင်းပေးသည့် တိုင်အောင် မရောင်းချဘဲ သားစဉ်မြေးမြစ် လယ်ယာကို ချစ်ခင်ရင်းနှီး လုပ်ကိုင်သွားကြရင်းဖြင့် တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝ မြှင့်မားလာရန် အခါအခွင့်သင့်သည့် အချိန် ကောင်းကို ရောက်လာတော့မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု သမိုင်းကိုကြည့်ပါက ကမ္ဘာ့ နံပါတ်(၁) ဆန်တင်ပို့သော နိုင်ငံအဖြစ် ရပ်တည်ခဲ့ရာမှ ခေတ်အဆက်ဆက် တဖြည်းဖြည်းလျော့ကျ လာခဲ့ပြီး ယခု ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကျော် တင်ပို့နိုင်ခဲ့၍ နှစ်ပေါင်း ၇၃ နှစ်အတွင်း အများဆုံးစံချိန်တင် တင်ပို့နိုင်မှုအဖြစ် ပြန်လည်ရရှိ လာခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာထွက် ကုန်ပစ္စည်းတင်ပို့မှု အနေဖြင့် အမေရိကန်ဒေါ်လာ ၃၀၈၀ ဒသမ ၅၃ သန်းရှိသည့်အနက် ဆန်တင်ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၄၀ သန်းရှိသည့်အတွက် လယ်ယာထွက်ကုန် ပစ္စည်း တင်ပို့မှု၏ ၃၇ ရာခိုင်နှုန်း ကျော်ရှိသည်ကို တွေ့ရပါကြောင်း။

ပြည်ပပို့ကုန် တင်ပို့မှုအတွက် အရေးပါသော လယ်ယာကဏ္ဍ၌ လုပ်ပိုင်ခွင့်ရ တောင်သူ လယ်သမားကြီးများအနေဖြင့်လည်း မိမိတို့ဘဝ အဆင့်အတန်းမြင့်မားရေး၊ မိမိတို့ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ မိမိတို့ မှီတင်းနေထိုင်ရာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းစားသုံးရမည့် စားနပ်ရိက္ခာများ ဖူလုံစေရုံ သာမက ဈေးကွက်ဝင် ပြည်ပပို့ကုန်များအဖြစ်ပါ တိုးမြင့် စိုက်ပျိုး လုပ်ကိုင်သွားကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေး တိုင်းဒေသကြီးအတွင်း မြေယာကိစ္စ တိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်မှုနှင့် စွန့်လွှတ်မြေများကို မူလတောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ်(၁)ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ (မိုင်းမော)မှ ဒုတိယဗိုလ်မှူးကြီး စိန်လင်းထွန်းက ပြန်လည်စွန့်လွှတ်မြေများ နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများအား ခရိုင်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း တို့က ယာယီလယ်ယာမြေ လုပ်ပိုင်ခွင့် (ပုံစံ - ၃) များအား မြစ်သားမြို့နယ် သရက်ပင်ကံကျေးရွာ တောင်သူများ၏ ကိုယ်စား တောင်သူ ဦးအောင်မင်း၊ ဦးဖိုးကောင်း၊ ဦးကြည်လုံးနှင့် ဦးမြင့်သိန်း တို့ထံ လွှဲပြောင်း ပေးအပ်ကြသည်။

ထို့နောက် မြေယာပြန်လည်လုပ်ပိုင်ခွင့် ရရှိသည့် မူလတောင်သူများကိုယ်စား တောင်သူ ဦးအောင်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားတွင် မြစ်သားမြို့နယ်အတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၁)ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ (မိုင်းမော)မှ အမှန်တကယ် လိုအပ်သည့် မြေကိုသာ အသုံးပြုပြီး စိုက်ပျိုးမြေဧရိယာ ဧက ၂၁၈ ဒသမ ၉၀ ဧကကို တောင်သူ(၅၃)ဦး လက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃)များ ပြန်လည်လွှဲပြောင်း ပေးခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကျောက်ဆည်မြို့ရှိ ကျောက်ဆည် ခရိုင် ပြည်သူ့ဝန်ဆောင်မှုရုံးသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု၍ ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေးသည်။
(သတင်းစဉ်)

No comments:

Post a Comment