Wednesday, May 16, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ



နေပြည်တော် မေ ၁၆

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံသူနိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ် ရိက္ခာများ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိ ပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီး G.A.P စနစ် (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ် လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်


အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်း ၅ ခုကို စိုက်ပျိုးရေး၊ မွေးမြူ ရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်၏ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖြစ်သော မြန်မာ့ ရေထွက် ပစ္စည်းများအား အဓိက ၀ယ်ယူလေ့ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် EU နိုင်ငံများသို့ ရေထွက်ပစ္စည်းများ တင်ပို့ ရောင်းချနိုင်ရေးတွင် လတ်တလောနှင့် လက်ရှိရင်ဆိုင်နေရသော ပိတ်ဆို့ဟန့်တားမှုများ အပေါ် အလျင်အမြန် ကုစားနိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မည်သို့ စီစဉ်ဆောင်ရွက် မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်က မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများအား ဆော်ဒီအာ ရေဗျနိုင်ငံသို့ တင်သွင်းခွင့်ကို ၄င်းနိုင်ငံ၏ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်တွင် ယာယီရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြား လာခဲ့ပါ ကြောင်း၊ ထိုသို့ ရပ်ဆိုင်းခြင်းသည် မြန်မာနိုင်ငံ တစ်ခုတည်းမဟုတ်ဘဲ ဆော်ဒီအာရေဗျနိုင်ငံ သို့ ရေထွက် ကုန်ပစ္စည်း များ တင်ပို့နေသည့် ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကိုလည်း ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပါကြောင်း။
ဆော်ဒီအာရေဗျနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးအဖွဲ့အစည်း (FDA) က ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်တွင် အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းသည့် ရေထွက်ကုန်များတွင် ရောဂါပိုး ၂ မျိုး ပါဝင်နေခြင်းကြောင့် ပိတ်ဆို့ တားမြစ်ရခြင်းဖြစ်သည်ကို သိရှိရပါကြောင်း၊ တားမြစ်ခြင်းသည် ယာယီတားမြစ်ခြင်းသာဖြစ်ပြီး White Tail Disease ရောဂါကြောင့် တားမြစ်ခြင်းဖြစ်ပါကြောင်း၊ ၄င်းရောဂါ အမျိုးအစားသည် မြန်မာနိုင်ငံ၏ အချို့နေရာများတွင် ဖြစ်ပွားနေ ကြောင်း Quarterly Aquatic Animal Disease Report ကို ကိုးကားထားသည့် OIE ၏ အစီရင်ခံစာကို အထောက် အထားပြု၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ နေရာအချို့ရှိ ပုစွန်မွေးမြူရေးကန်များတွင် White Tail Disease တွေ့ရှိခဲ့ခြင်း၊ OIE Report တွင် ဖော်ပြထားသည်နှင့် စပ်လျဉ်း၍ White Tail Disease သည် မွေးမြူရေး ရေချိုပုစွန်များတွင်သာ တွေ့ရှိ ရခြင်း ဖြစ်ကြောင်း နှင့် ငါးများတွင်ကျရောက်သည့် ရောဂါပိုးမဟုတ်သည်ကို ဆော်ဒီအာရေဗျနိုင်ငံသံရုံးသို့ အကြောင်း ပြန်ကြားခဲ့ပြီး မွေးမြူရေး ရေထွက်ပစ္စည်းများ ဆက်လက်တင်ပို့နိုင်ရေးအတွက် စဉ်းစားပေးပါရန် သံတမန်နည်းလမ်းအရ တောင်းဆိုခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း ရေထွက်ပစ္စည်းများအား ဆော်ဒီအာရေဗျနိုင်ငံ သို့ ဆက်လက်တင်ပို့ခွင့် ရရှိနိုင်ရေး အတွက် ဆော်ဒီအာရေဗျနိုင်ငံ FDA ၏ သတ်မှတ်ပြဋ္ဌာန်းချက်များအား လုပ်ငန်းရှင်များမှ လိုက်နာနိုင်ရေး ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ငါး/ပုစွန် မွေးမြူရေးကန်များနှင့် ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့ နေသော ငါး/ပုစွန် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများအား ဆော်ဒီအာရေဗျနိုင်ငံ FDA ၏ ကိုယ်စားလှယ်အဖွဲ့မှ လာရောက်၍ လေ့လာစစ်ဆေးခံနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများအား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ GSP အခွင့်အရေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ ပြန်လည်ပေးအပ်ခဲ့သော်လည်း မြန်မာ့ရေထွက်ပစ္စည်းများကို GSP မရမီကပင် အမေရိကန်ပြည်ထောင်စု သို့ တင်ပို့ခဲ့ ပါကြောင်း၊ အမေရိကန်ပြည်ထောင်စု National Marine Fisheries Services (NMFS) အနေဖြင့် ရေထွက်ပစ္စည်း ဖမ်းဆီး ထုတ်လုပ်မှု လုပ်ငန်းများတွင် ပင်လယ်နို့တိုက်သတ္တ၀ါများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် ပင်လယ်နို့တိုက် သတ္တ၀ါ ကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော်လျက်ရှိပြီး ဥပဒေပါပြဋ္ဌာန်းထားသော စံနှုန်းများကို ကျော်လွန်ပြီး နို့တိုက်သတ္တ၀ါများ မတော်တဆ သေဆုံးခြင်း (သို့မဟုတ်) ဒဏ်ရာရခြင်းတို့ကြောင့် ဖမ်းဆီးရမိသော ငါးများကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှုကို တားမြစ်ထားပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမှ ရေနေနို့တိုက်သတ္တ၀ါများ ကာကွယ်ရေးဆိုင်ရာနှင့် ငါးသယံဇာတထိန်းသိမ်းရေးဆိုင်ရာ ထုတ်ပြန် ထားသော ညွှန်ကြားချက် များနှင့် အမိန့်ကြော်ငြာစာများကို အမေရိကန်နိုင်ငံ NMFS သို့ အီးမေးဖြင့် ပေးပို့ထားပြီး ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် မွေးမြူရေး ငါး၊ ပုစွန်၊ ကဏန်းပျော့များအား EU နိုင်ငံသို့ တင်ပို့ခွင့်ရရှိနိုင်ရေးနှင့် ပတ်သက် ၍ EU နိုင်ငံများ၏ လိုအပ်ချက်အရ ၂၀၁၄ ခုနှစ်မှစတင်၍ National Residue Monitoring Plan (NRMP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ် NRMP ကို ရေးဆွဲ၍ EU သို့ ပေးပို့လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ဈေးနှုန်းပိုမိုရရှိနိုင်ရန် အတွက် လက်ရှိတင်ပို့ လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများအစား တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်တင်ပို့နိုင်ရေးအတွက် လိုအပ်သော နည်းပညာများကို ပံ့ပိုးပေးလျက်ရှိပြီး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကိုလည်း အသိပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံ၏ ရှိရင်းစွဲ ရေသယံဇာတ၊ ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့တွင် ရှိသည့် ငွေကြေးအင်အား၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်အပေါ်တွင် အခြေခံ၍ စုပေါင်းအင်အားဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တစ်ဝက် ချောင်းဆည် တူးမြောင်းကျောက်စီနံရံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ၀န်ကြီး က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ချောင်းနက်ကြီးကျေးရွာအနီး တစ်ဝက်ချောင်းပေါ်တွင် အလျားပေ ၁၀၀၊ အမြင့် ၆ ပေရှိ မျောရိုက်ကျောက်ဖြည့် ရေလွှဲဆည်ကို (၂၀၁၅ -၂၀၁၆) ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ရန်ပုံငွေနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ပေးခဲ့ပါကြောင်း၊ ရေလွှဲဆည် နှင့် တွဲဖက်ပြီး အလျား ပေ ၁၂၀၀၀ ခန့်ရှည်လျားသည့် ရေပေးမြောင်းကို ဒေသခံတောင်သူများ အစီအစဉ်ဖြင့် ဖောက် လုပ်ပြီး မိုးစပါးစိုက်ဧက ၃၀၀ ခန့်ကို စိုက်ပျိုးရေ ပေးဝေလျက် ရှိပါကြောင်း။
၂၀၁၇ ခုနှစ် မိုးရာသီတွင် ရေပေးမြောင်း၏ လက်ဝဲဘက်ပေါင် ပေတိုင် ၄၀၀ မှ ၅၅၀ အထိ အလျားပေ ၁၅၀ ခန့်မှာ ရေတိုက်စား၍ ကျိုးပေါက်ခဲ့သည့် အတွက် အရေးပေါ် မြေဖို့ပြုပြင်ပေးခဲ့ပါကြောင်း၊ အဆိုပါ မြောင်းအပိုင်းကို ရေရှည် ကြံ့ခိုင် ကောင်းမွန်စေရန်အတွက် မြောင်းပုံစံကျ မြေဖို့ပြုပြင်ခြင်းနှင့် ကျောက်လိုင်နင်စီခြင်း လုပ်ငန်းများ ဆောင်ရွက်ရ မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေကျပ် ၁၅သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ် သည့် ရန်ပုံငွေကို ၂၀၁၈ - ၂၀၁၉၊ အောက်တိုဘာလမှ စက်တင်ဘာလ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများကို ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ မြို့နယ်ခြား၊ နှစ်စဉ်နီးပါး မြေနုကျွန်း ပြဿနာ ဖြစ်ပွား လျက် ရှိသော မြို့နယ်များ၏ နယ်နိမိတ်များကို ၁၉၀၈ ခုနှစ် အိန္ဒိယ ဂရောင်းဆာဗေး (INDIA GROUND SURVEY) မြေပုံအရသော်လည်းကောင်း၊ စစ်သုံးမြေပုံ အရသော်လည်းကောင်း ပြန်လည်တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက မြေနုကျွန်းလုပ်ပိုင်ခွင့် ချထားခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၂ခုနှစ်၊ လယ်ယာမြေ နည်းဥပဒေ အပိုဒ် ၁၀၈နှင့် အပိုဒ် ၁၀၉ ပါပြဋ္ဌာန်းထားရှိချက်များနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲ မှု အဖွဲ့အဆင်ဆင့်မှ ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မြေနုကျွန်းများ ခွဲဝေမှုကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ ပါ ပြဋ္ဌာန်းချက်များအရ ဖြေရှင်းဆောင်ရွက်ရာတွင် နယ်နိမိတ် ပိုင်းခြားမှုနှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ယင်းသို့ဖြေရှင်းဆောင်ရွက်ရန်အတွက် မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိ မိတ်အား သီးခြားတိုင်းတာရန် မလိုအပ်ပါသဖြင့် မြေပြန်လည်တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က ပြည်သူ့လွှတ်တော်က ပြင်ဆင် ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော သစ်တောဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေ ကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်း ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တစ်ဝှမ်း လုံးရှိ နိုင်ငံသူနိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်နေ တောင်သူ လယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီး G.A.P စနစ် (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေး ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင် တောင်သူများအတွက် ရေရှည်တည်တံ့ သော စိုက်ပျိုးရေး ကဏ္ဍတစ်ခုကို အကောင် အထည်ဖော်ခြင်းအပြင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးလာစေရေးအတွက် စားနပ်ရိက္ခာ ဖူလုံမှု၊ လုံခြုံမှုဆိုင်ရာ ကဏ္ဍကို တစ်ဖက်တလမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ တောင်သူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊ တောင်သူများနှင့် ဌာနဆိုင်ရာအကြား ကောင်းမွန် ပွင့်လင်းသော ဆက်ဆံမှုများနှင့် လုပ်ငန်းများကို တိုးတက်စေခြင်း အပါအ၀င် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာ ဈေးကွက်ကို ဟန်ချက်ညီညီ တိုးတက်စေ ခြင်းမှတဆင့် ပိုမိုကောင်း မွန်သော မူဝါဒများ လုပ်ငန်းအစီအစဉ်များကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူများအကြား ပူးပေါင်းချမှတ်လာနိုင်စေရန် ဦးတည်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
နည်းမှန်လမ်းမှန်ဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အဏုဇီဝမြေသြဇာ၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ သုံးစွဲပုံ သုံးစွဲနည်းများ၊ ပိုးသတ်ဆေး သုံးစွဲပုံသုံးစွဲနည်းများ မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ မှန်ကန်သော ထုပ်ပိုး ကုန် စနစ် ဖြစ်တည်ရေး၊ ကမ္ဘာ့နိုင်ငံများသို့ ဈေးကွက်ရရှိရေးနှင့် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးရေး တို့ကို စီမံပေးရမည် ဖြစ်ပါကြောင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ၊ အစိုးရဌာနဆိုင်ရာ အဖွဲ့ အစည်းများ၊ ကုန်သည်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်၍ ကမ္ဘာ့နိုင်ငံများသို့ အဆင့်မှီမှီ ကုန်သွယ်ဆောင် ရွက်နိုင်ရမည်ဟု ယုံကြည်မှုအပြည့်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို လက်ခံဆွေးနွေး ရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံး အဖြတ် ရယူပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မေ ၁၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်

No comments:

Post a Comment