Wednesday, May 16, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ



နေပြည်တော် မေ ၁၆
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်း များနှင့် အကျုံးဝင်ပတ်သက်သူများအားလုံးသည် ငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်း Mobile Payment စနစ်ကို အသုံးပြုပြီး ဌာနဆိုင်ရာများ၏ ငွေပေးငွေယူကဏ္ဍများတွင် အသုံးပြုခွင့်ရရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆုံးဖြတ်လိုက်သည်။




ဆက်လက်၍ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၆)ခုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းဖြေကြားခြင်း၊ အစီရင်ခံစာ တစ်စောင်တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ပခုက္ကူ မဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့နယ်တွင် လေယာဉ်ကွင်း ဖောက်လုပ်ရန်အတွက် သိမ်းဆည်းပြီး လျော်ကြေးငွေ ပေးအပ်ခဲ့သော မြေယာများနှင့် ပတ်သက်၍ ယနေ့အချိန်ထိ လေယာဉ်ကွင်းသစ် တည်ဆောက်ခြင်းမရှိသေးသဖြင့် မည်သည့်ကာလတွင် တည်ဆောက် မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ၀န်ကြီးက မူလလေယာဉ် ကွင်းဟောင်း သည် ပြေးလမ်း ပေ ၃၆၀၀၊ အကျယ် ပေ ၉၀ မြေကြီး ကွင်းဖြစ်ပြီး တွင်အော်တာ လေယာဉ်ငယ်များသာ ဆင်းနိုင်ခြင်း၊ လူနေအိမ်ခြေများတိုးချဲ့လာသဖြင့် ပြေးလမ်းနှင့် လေဆိပ်ကို တိုးချဲ့မရနိုင်ခြင်း၊ ရေရှည်ကာလတွင် အသုံးပြု၍ မရနိုင်သောကြောင့် လေယာဉ်ကွင်းနေရာအသစ်ကို ရှာခဲ့သည်ဟု သိရပါကြောင်း၊ လေယာဉ်ကွင်းအသစ်ကို ပခုက္ကူမြို့၏ မြောက်ဘက် ၄ မိုင်ခန့်နှင့် ပခုက္ကူ-ရေစကြို ကားလမ်း အနောက်ဖက်၊ ပန်းတိုင်းချုံကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့် တွင် အသင့်တော်ဆုံးဖြစ်သည့်မြေနေရာတွင် လေယာဉ်ပြေးလမ်း အလျားပေ ၈၅၀၀၊ အကျယ် ပေ ၁၀၀နှင့် (၃၀၀x၃၀၀) ပေရှိသည့် လေယာဉ်ရပ်နား နေရာကို လည်း ဆောက်လုပ်ခဲ့ပါကြောင်း၊ ပြေးလမ်းအမျိုးအစားမှာ နိုင်လွန်ကတ္တရာ ဖြစ်ပါကြောင်း၊ ပြေးလမ်း ခံနိုင်ရည်အားမှာ ၁သိန်း၅သောင်းကျော်ဖြစ်ပါကြောင်း၊ လေဆိပ် အဆောက်အဦမှာ ပေ(၁၈၀x၆၀) ရှိသည့် တစ်ထပ်သံကူကွန်ကရစ် ဖြစ်ပါကြောင်း၊ လေဆိပ် လေကြောင်းထိန်းမျှော်စင်နှင့် လေကြောင်းဆက်သွယ်ရေး ကိရိယာလည်း ရှိပါကြောင်း၊ လေယာဉ်အဆင်းအတက်ပြုလုပ်ရန်အတွက် ၀န်ထမ်းများလည်း ခန့်ထားပါကြောင်း၊ ထိုလေယာဉ်ကွင်းထဲသို့ တပ်မတော်လေယာဉ်၊ စင်းလုံးငှားလေယာဉ်၊ ဘဏ်လေယာဉ် စသည့်လေယာဉ်များသည် တစ်နှစ်လျှင် အကြိမ် ၂၀ ခန့် ဆင်းသက်ပါကြောင်း။
လေယာဉ်ကွင်းကို မည်သည့်အချိန်တွင်စတင်မည်နှင့် စပ်လျဉ်း၍ National Transport Master Plan ကို ဂျပန်နိုင်ငံအစိုးရ JICA အကူအညီဖြင့် ပြုလုပ်ခဲ့ပါကြောင်း၊ Nippon Koei Co.,Ltd အကြံပေးကုမ္ပဏီနှင့် လေယာဉ် ကွင်းများ၏ ဦးစားပေး အစီအစဉ်ကို ပြုလုပ်ပါကြောင်း၊ လေယာဉ်ကွင်းအတွက် ဆောက်လုပ်ရမည့် အဆောက်အဦ များအတွက် တွက်ချက် ထားပါကြောင်း၊ မည်သည့်အချိန်တွင် ဆောက်လုပ်မည်နှင့် စပ်လျဉ်း၍ ဘတ်ဂျက်အစီ အစဉ်အရ ဖလမ်းလေယာဉ်ကွင်း ကိုသာ ဆောက်လုပ်မည်ဖြစ်ပါကြောင်း၊ ကျန်သည့် လေယာဉ်ကွင်းများကို အကူအညီများဖြင့် ဆောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရာ တွင်လည်း အလားအလာအရှိဆုံး ဟဲဟိုး၊ မော်လမြိုင်၊ ကော့သောင်းလေဆိပ်များကို PPP ဖြင့် ခေါ်ထားပါကြောင်း၊ ပခုက္ကူလေယာဉ်ကွင်းကို အသုံးပြုရာတွင် ညောင်ဦးမှတစ်ဆင့် သွားရပါကြောင်း၊ ညောင်ဦးတွင် ဆင်းမည့်ခရီးသည်တစ်ချို့တွင် ပခုက္ကူခရီးသည်များ လာသည် ကိုလည်း သိရှိရပါကြောင်း၊ သို့သော်လည်း ပခုက္ကူလေယာဉ်ကွင်းသည် ဦးစားပေးအစီအစဉ်တွင် မပါသေးပါကြောင်း၊ ညောင်ဦးသည် လေယာဉ် အသေးသာ ဆင်းသက်၍ ရပါကြောင်း၊ ဤလေယာဉ်ကွင်းကို နိုင်ငံတော်၏လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေနေများပေါ်တွင် မူတည်၍ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ လေယာဉ်ကွင်းကို ဆောက်လုပ်ပြီးသော်လည်း လေယာဉ်မလာလျှင် အားလုံး အတွက် နစ်နာမည်ဖြစ်သောကြောင့် မိမိအနေဖြင့် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် မူတည်ပြီးမှ သာ လေယာဉ်ကွင်းများကို တိုးချဲ့သွားမည် ဖြစ်သည့်အတွက် မည်သည့် အချိန်ဆိုသည်ကို မပြောသေးနိုင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
တပ်ကုန်း မဲဆန္ဒနယ်မှ ဦးကျော်တင့်၏ တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေ-ပင်လောင်း ရထားလမ်း ဖောက်လုပ်ရာ တွင် ပါဝင်သွားသော လယ်ယာမြေများအတွက် နစ်နာကြေးနှင့် သီးနှံလျော်ကြေးပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နေပြည်တော် ဆင်သေ-ပင်လောင်း ရထားလမ်းဖောက်လုပ်ရာတွင် တပ်ကုန်းမြို့ ထဲတွင် သိမ်းဆည်းမြေ ၂၃၁ ဒသမ ၇၅ ဧကပါရှိသွား ပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် လွယ်လွယ် ကူကူပေးလိုက်၍ မရပါကြောင်း၊ မည်သူများ၏ မည်သည့်နေရာ ပါသွားသည်ဆိုသည်ကို မြေယာက အဆင့်ဆင့်စိစစ်ရပါကြောင်း၊ လျော်ကြေးငွေ မည်မျှပေးရမည် ဆိုသည်ကိုလည်း သတ်မှတ်ပေးရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့် ဧက၊ သတ်မှတ်ထားသည့် သူကို သတ်မှတ်ထားသော လျော်ကြေးနှုန်း ထားနှင့် ပေးရမည် ဖြစ်ပါကြောင်း။
၂၃၁ ဒသမ ၇၅ ဧကထဲတွင် ၁၂၀ ဒသမ ၀၈ ဧကကို ၂၀၁၅ ခုနှစ်တွင် လျော်ကြေးငွေ ၁၈၃ ဒသမ ၄၉၇၈ သန်းကို ပေးလျော်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်နေသည်မှာ ၁၁၄ ဒသမ ၆၇ ဧက ဖြစ်ပါကြောင်း၊ တပ်ကုန်းမြို့နယ် အတွင်းတွင် လျော်ကြေးငွေပေးရန် ကျန်ရှိသည့် တောင်သူ ၁၃၄ ဦး၏ လယ်ဧကမှာ ၅၂ ဒသမ ၉၉ ဖြစ်ပြီး ယာမြေမှာ ၅၈ ဒသမ ၆၈ ဧက ဖြစ်ပါကြောင်း၊ တပ်ကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ စိစစ်ပြီး ဥတ္တရခရိုင်၊ နေပြည်တော်ကောင်စီ အဆင့်ဆင့်တင်ပြသည့်အခါ နေပြည်တော်ကောင်စီ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ ဗဟိုလယ်ယာ မြေစီမံခန့်ခွဲရေး အဖွဲ့သို့ ဆက်လက်တင်ပြထားကြောင်း တွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီ ၂၉ ရက် တင်ပြသည်ကိုလည်း တွေ့ရပါ ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ၆ လ ဘတ်ဂျက်ထဲတွင် မမှီတော့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ထဲတွင် မပါခဲ့လျှင် ဗဟိုကောင်စီမှ မည်သူ့ကို မည်သည့်နှုန်းဖြင့် မည်သို့ပေးလိုက်သည်ကို ဘတ်ဂျက်ထဲတွင် တောင်းရမည် ဖြစ်ပါကြောင်း၊ အချိန်မမီခဲ့လျှင် ဖြည့်စွက်တွင် ဆက်လက်တောင်းခံရမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် နစ်နာသော တောင်သူများအတွက် လျော်ကြေးငွေရရှိရေးကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမည်ြ ဖစ်ပါကြောင်း၊ လုပ်ထုံး လုပ်နည်းလုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ၏ ချင်းတွင်းမြစ်ကြောင်း အန္တရာယ် ကင်းရှင်း၍ လွယ်ကူချောမွေ့စွာ သွားလာ နိုင်ရေးအတွက် နှစ်စဉ်မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ချင်းတွင်း မြစ်ရေ လမ်းကြောင်း ကောင်းမွန်းရေးအတွက် ခန္တီးမှချင်းတွင်းဝ အထိ အလျား ၈၁၇ ကီလိုမီတာတွင် ပြုပြင်ရန် မလိုသော အပိုင်းမှာ ၄၈၅ ကီလိုမီတာဖြစ်ပြီး ပြုပြင်ပြီးအပိုင်းမှာ ၄၀ ကီလိုမီတာနှင့် ထပ်မံပြုပြင်ရမည့် အပိုင်းမှာ ၂၉၂ ကီလိုမီတာဖြစ်ပါကြောင်း၊ မြစ်ကြောင်းထိန်းသိမ်းရေး နည်းလမ်းများဖြစ်သည့် မြစ်ကြမ်းပြင်ထိန်းသိမ်းခြင်းနည်းလမ်း၊ မြစ်ရေအမြင့်ထိန်းသိမ်းခြင်း နည်းလမ်းနှင့် မြစ်ရေထုထည်ထိန်းသိမ်းခြင်း နည်းလမ်းစသည့် နည်းလမ်း ၃ မျိုးအနက် ဒုတိယနည်းလမ်း ၂မျိုးမှာ ကုန်ကျစရိတ် မြင့်မားသဖြင့် ကုန်ကျစရိတ်သက်သာသည့် မြစ်ကြမ်းပြင် ထိန်းသိမ်းရေး နည်းလမ်းဖြင့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၃ နှစ်တွင် ဟုမ္မလင်း-မော်လိုက်တွင် ၁၃ နေရာ ပြုပြင်ရမည် ဖြစ်သော်လည်း ၅ နေရာသာ ပြုပြင်မည်ဖြစ်ပါကြောင်း၊ မော်လိုက်-မုံရွာတွင် ၁၁ နေရာ ပြုပြင်ရမည် ဖြစ်သော်လည်း ၉ နေရာသာပြုပြင်မည်ဖြစ်ပါကြောင်း၊ မုံရွာ-ချင်းတွင်းဝတွင် ၅ နေရာ ပြုပြင်မည်ဟု လျာထား ပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်စဉ်ဆောင်ရွက်မည်ဆိုသည့် အစီအမံများရှိပါကြောင်း၊ ဆောင်ရွက်လျက် လည်းရှိပါ ကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုး၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်းနှင့် မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု(ခ)ဦးတင်နုအောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး သန့်စင်မောင်က ရှင်းလင်းဖြေကြားသည်။
ထို့နောက် သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကျုံးဝင် ပတ်သက်သူများ အားလုံးသည် ငွေရေးကြေးရေး ၀န်ဆောင်မှုလုပ်ငန်း Mobile Payment စနစ်ကို အသုံးပြုပြီး ဌာနဆိုင်ရာများ၏ ငွေပေးငွေယူကဏ္ဍများတွင် အသုံးပြုခွင့်ရရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအဖက်ဖက်တွင် လူ့စွမ်းအား၊ ကုန်ထုတ်စွမ်းအားများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာ၌ နည်းပညာများ၏ အထောက် အကူ ရယူဆောင်ရွက်ခြင်း သည် ထိရောက်ပြီး အလွန်အရေးကြီးပါကြောင်း၊ e-Government အပါအ၀င် ICT နည်းပညာစနစ်များဖြစ်သည့် Mobile Payment များကို အမှန်တကယ် လက်ခံကျင့်သုံးသွားနိုင်လျှင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှ လျင်မြန်စွာ ရုန်းထွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရ၏ ယန္တရားများကို ပိုမို၍ မြန်ဆန် ချောမွေ့စွာ လည်ပတ်စေပြီး တချိန်တည်းတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများသည် လည်း ပိုမို၍ ထိရောက်လွယ်ကူ မြန်ဆန်လာမည်ဖြစ်ပါကြောင်း။
ကောင်းမွန်သောအုပ်ချုပ်မှု၊ သန့်ရှင်းသောအစိုးရ တစ်ရပ်ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ ပွင့်လင်းမြင်သာမှု၊ ကျွမ်းကျင်မှု၊ အကျိုးသက်ရောက်မှုတို့ကို မြှင့်တင်ပေး နိုင်ရန် ICT နည်းပညာဖြင့် အပြည့်အ၀အကောင်အထည် ဖော်ဆောင်ပေး နိုင်ပါကြောင်း၊ Mobile Payment စနစ်ကြောင့် အချိန်နှင့် ငွေကြေးကုန်ကျမှုသက်သာခြင်း၊ ပြည်သူ လူထု၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိလာစေခြင်း၊ ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုများကို စီမံခန့်ခွဲပေးနိုင်ခြင်း၊ လူကြောင့် ဖြစ်သည့်အမှားများ မသမာမှုများကို လျော့ချနိုင်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေနိုင်ခြင်း၊ စာရွက်စာတမ်း များစွာ ကိုင်တွယ် ထိန်းသိမ်းရမှု၊ သိမ်းဆည်းရမှု၊ ရှာဖွေရမှုဒုက္ခများကို လျော့ချနိုင်ခြင်းအပြင် အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံနိုင်မှု ပိုမိုကောင်းမွန်လာစေခြင်း၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းစေခြင်း၊ နိုင်ငံတော်၏ ယန္တရားစနစ်များ ပိုမိုမြန် ဆန်လာစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်ပါကြောင်း။
အိုင်တီနည်းပညာဖြစ်သည့် Mobile Payment ကို ကျယ်ပြန့်စွာ အသုံးပြုခြင်း အားဖြင့် ပြည်သူလူထုအတွက် အလုပ်အကိုင်အသစ်များကို ဖန်တီးပေးနိုင်ခြင်း၊ စီးပွားရေးအခွင့်အလမ်းသစ်များကို ရရှိစေနိုင်ခြင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍအား အထောက်အကူပြုလာစေနိုင်ခြင်း၊ လူမှုဘ၀များ ပိုမိုအဆင်ပြေချောမွေ့စေခြင်း၊ ဆင်းရဲမွဲတေမှု လျော့ကျစေခြင်းစသည့် အကျိုးကျေးဇူးများစွာကို မလွဲမသွေရရှိလာ မည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကကြေညာသည်။ ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က ဖတ်ကြားတင်သွင်းသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မှပေးပို့သော မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုအပေါ် ပြင်ဆင်ချက်တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မေ ၁၇ ရက်တွင် ဆက်လက် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment