Thursday, May 17, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကျင်းပ


နေပြည်တော် မေ ၁၇
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လောင်းများက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြု လွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်း လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားသည့် ကြယ်ပွင့် ပြမေးခွန်း ၅ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း ကဖြေကြားခြင်းနှင့် အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်နော်ဆာမူထူး၏ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွမ်ကသောင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စုရှိ ထီမန်ထိုနှင့် ဖားတလယ်ကျေးရွာချင်း ဆက်လမ်း ပေါ်ရှိ ၀င်းရော်ချောင်းကူးတံတား အကျယ်(၁၀)ပေ၊ အရှည် ပေ (၃၀၀) ၊ အမြင့် ပေ (၅၀) ကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်လင်းက ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ၀င်းရော်ချောင်းကူးတံတားသည်  ကွမ်ကသောင် ကျေးရွာ အုပ်စုနှင့် တံခွန်တိုင်ကျေးရွာ အုပ်စုတို့ရှိ ထီမန်ထိုရွာနှင့် ဖားတလယ်ကျေးရွာတို့၏ ရွာချင်းဆက် လမ်းပေါ် တွင် တည်ရှိပြီး အဆိုပါတံတား တည်ဆောက်ပြီးစီးပါက ကျေးရွာပေါင်း ၄၀၊ အိမ်ခြေ ၅၂၁၆ အိမ်နှင့် လူဦးရေ ၃၆၅၀၀ ခန့်တို့အား တိုက်ရိုက် အကျိုးပြုမည် ဖြစ်ပါကြောင်း၊ အဆိုပါ ၀င်းရော် ချောင်းကူး တံတား တည်ဆောက်နိုင်ရန်အတွက် ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်း လျာထား ပြီးဖြစ်ပါသဖြင့် ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ် မူတည်၍ အကောင် အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ မြန်မာတစ်နိုင်ငံလုံးရှိ အများပြည်သူ အသုံးပြုမြဲ ဖြစ်သော လမ်းဌာန၊ စည်ပင်သာယာဌာန၊ ဆောက်လုပ်ရေး ဌာနတို့နှင့် လွှဲအပ်သော တင်ဒါရ ကုမ္ပဏီ အသီးသီးတို့ တာဝန်ယူပြုလုပ်ကြသော ကတ္တရာခင်းလမ်း အသီးသီးတို့သည် အသုံးပြုကာလမကြာမီမှာပင် လမ်းနှုတ်ခမ်းသား များ ပဲ့ခြင်း၊ လမ်းမျက်နှာပြင် ပေါက်ခြင်းစသည့် ပျက်စီးခြင်းမျိုး မဖြစ်စေရန်အတွက် နိုင်ငံတကာ လမ်းခင်းသော နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်ကြရန်နှင့် အရည်အသွေး ပြည့်မီစွာ လုပ်ဆောင်ကြရန် ပြည်ထောင်စုအဆင့်မှ ညွှန်ကြားထားခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ၀န်ကြီးက မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြု တည်ဆောက်နေသည့် လမ်းခင်းစနစ်သည် Penetration Macadam ဖြစ်ပြီး ၄င်းစနစ်ကို ၉၅ ရာခိုင်နှုန်းထိ အသုံးပြုလျက်ရှိပါကြောင်း၊ အဆိုပါ စနစ်သည် ကတ္တရာ အသုံး ပြုမှု အနည်းဆုံးဖြစ်ပြီး ကျောက်ကြီးများ ကြားထဲတွင် ကျောက်သေးလေးများ ညှပ်၍ ကတ္တရာလောင်းပြီး အပေါ်မှ ကျောက်မှုန့်၊ Chipping ဖြူးသည့် စနစ်ဖြစ်ပါ ကြောင်း၊ လမ်းတစ်လမ်းကို ကုန်ကျစရိတ် အသက်သာဆုံးခင်းသည့် နည်းစနစ်ဖြစ်ပြီး Penetration Macadam စနစ်ကို Main လမ်းမကြီးများတွင် အသုံးပြုသည်မှာ ကမ္ဘာပေါ်တွင် မြန်မာ နိုင်ငံတစ်နိုင်ငံတည်းပင် ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီး၏ ပြည်ထောင်စုလမ်းများ အားလုံးတွင် Asphalt Concrete နည်းပညာကို အသုံးပြုနေကြပြီ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် Penetration Macadam အဆင့်မှ မတက်သေးသည့် အကြောင်းအရာ ၂ ချက်ရှိပါကြောင်း၊ နံပါတ် ၁အချက်အနေဖြင့် Lack of Finance ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ပေးထား သည့် ဘတ်ဂျက်သည် Penetration Macadam အဆင့်ပင် ဆောင်ရွက်နိုင်သည့် ဘတ်ဂျက်သာ ရှိပါကြောင်း၊ နံပါတ် ၂ အချက်အနေဖြင့် Lack of Equipments ဖြစ်ပါကြောင်း၊ Asphalt Concrete ခင်းမည် ဆိုပါက လိုအပ်သည့် AC Plant ၊ Paver ၊ Roller ၊ Tipper စသည်ဖြင့် ဆက်စပ်ပစ္စည်း အစုံအလင် ရှိရမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ မြို့နယ်ပေါင်း ၃၃၀ ကို AC Plant နှင့် AC Paver များ ပေးနိုင်သည့် အခြေအနေ မရှိသေးဘဲ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုကို AC ခင်းစက် ၁စုံလောက်သာ ဖြန့်ခွဲ ပေးထားနိုင်သည့်အနေအထား ရှိနေသေးပါကြောင်း။
ယခုအခါ World Bank မှ အကူအညီပေးမည့် AC Plant ၂၉စုံ ထပ်မံရောက်ရှိ လာပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖြန့်ခွဲပေးပို့၍ တတ်နိုင်သမျှ မြို့ကြီးများနှင့် ဦးစားပေးလမ်းများတွင် AC လမ်းများ တိုးတက်လာစေရန် ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ကတ္တရာလမ်း နှုတ်ခမ်းပဲ့ခြင်း၊ လမ်းမျက် နှာပြင် ပေါက်ပြဲခြင်းစသည့် ကိစ္စများအတွက် တစ်ကွက်ပေါက်လျှင် တစ်ကွက်ပြင်စနစ်ဖြင့် အချိန်နှင့် တပြေးညီ ပြုပြင်သွားရန်လည်း ညွှန်ကြားချက်များ ပေးပို့ဆောင်ရွက်စေလျှက်ရှိပါကြောင်း၊ မြန်မာ တစ်နိုင်ငံ လုံးတွင်ရှိသည့် လမ်းများနှင့် ပတ်သက်၍ နည်းပညာအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် အတွက် စီမံချက် များ ချမှတ်၍ ဆောင်ရွက်လျက် ရှိသကဲ့သို့ ပေါ်ထွက်လာသည့် နည်းပညာ အသစ်များကိုလည်း မြန်မာနိုင်ငံ ၏ ရာသီဥတုနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်လေ့လာသုံးသပ်မှုများ ဆောင်ရွက် လျက်ရှိပါကြောင်း။
လမ်းဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်း တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း များ ဆောင်ရွက်မည် ဆိုပါ က သတ်မှတ်ကာလအတွင်း လမ်းပျက်စီးမှုများ နည်းပါးမည် ဖြစ်ပြီး ကုမ္ပဏီများ (သို့မဟုတ်) ၀န်ထမ်း များ၏ ကိုယ်ကျိုးရှာမှုများကြောင့် အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ စာချုပ်ပါ စည်းကမ်း ချက် များကို ချိုးဖောက်၍ သတ်မှတ်ကာလအတွင်း ပျက်စီးခဲ့မည်ဆိုပါက တည်ဆဲဥပဒေများနှင့် အညီ စိစစ် အရေးယူ ဆောင်ရွက်သွားမည့်အပြင် တာဝန်ပျက်ကွက်သည့် ကုမ္ပဏီအား အမည်ပျက်စာရင်း တင်သွင်း၍ အရေးယူမှုများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နှင့် သောင်ပြင် ကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် (၃)မိုင် (၄)ဖာလုံ ရှိ ကျေးရွာချင်းဆက် မြေနီလမ်း၊ တောင်ဘုံ ကျေးရွာနှင့် သောင်ပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည်(၂)မိုင် (၆)ဖာလုံရှိ ကျေးရွာချင်းဆက် မြေနီလမ်းတို့ကို ရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်းများအဖြစ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ရေးမြို့နယ်၊ လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာတို့ကို ဆက်သွယ် ထားသော အရှည် ၃မိုင်၊ ၄ဖာလုံရှိ ကျေးရွာချင်းဆက် မြေနီလမ်းနှင့် သောင်ပြင်ကျေး ရွာနှင့် တောင်ဘုံကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည် ၂မိုင် ၆ ဖာလုံရှိ ကျေးရွာ ချင်းဆက် မြေနီလမ်းတို့မှာ စုစုပေါင်း လမ်းအရှည် ၆မိုင် ၂ဖာလုံရှိပြီး လမ်းအဆင့်မြှင့် တင် ဆောင်ရွက်ပြီးပါက ကျေးရွာ ၄ရွာ၊ အိမ်ခြေ ၃၄၄၁နှင့် လူဦးရေ ၁၅၅၀၀ခန့် တို့အား တိုက်ရိုက် အကျိုးပြု မည်ဖြစ်ပါကြောင်း။
လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာ ဆက်သွယ်သောလမ်း အရှည် ၃မိုင် ၄ဖာလုံ အား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေတွင်လည်းကောင်း၊ သောင်ပြင်ကျေးရွာနှင့် တောင်ဘုံကျေးရွာတို့ကို ဆက်သွယ်သောလမ်း အရှည် ၂မိုင် ၆ဖာလုံအား ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လည်းကောင်း ထည့်သွင်းလျာထားပြီး ဖြစ်ပါသဖြင့် ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးတက်ထွန်းအောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်လင်း က ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ မျိုးအောင် က အလုပ် သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံ စာကို ဖတ်ကြားရှင်းလင်းရာတွင် ကော်မတီသည် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အပြည် ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ (ILO) မြန်မာနိုင်ငံရုံးခွဲ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား၊ စိုက်ပျိုး ရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ် တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ ပညာရှင် များနှင့် အသေးစိတ်ဆွေးနွေး ညှိနှိုင်း ခဲ့ပြီး ဖြစ်ပါသဖြင့် လွှတ်တော်က အတည် ပြု ဆောင်ရွက်နိုင်ပါရန် အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား ဆွေးနွေးလို သည့် လွှတ်တော် ကိုယ်စား လှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို မေ ၂၁ရက်တွင် ဆက်လက် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်

No comments:

Post a Comment