Thursday, May 17, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကျင်းပ


နေပြည်တော် မေ ၁၇
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ၀က်လက် မဲဆန္ဒနယ်မှ ဦးမြင့်သိန်းက နိုင်ငံတော်အတွက်  ရသင့်ရ ထိုက်သည့် အခွန်အကောက်များ အပြည့်အ၀ရရှိရေးအတွက် ပွင့်လင်းမြင် သာစွာဖြင့် စနစ်တကျ စိစစ်ကြပ်မတ်ကောက်ခံပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်းရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံ ဆွေးနွေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆုံးဖြတ်လိုက်သည်။

အစည်းအဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ လွှတ်တော် အခွင့်အရေး ကော်မတီဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းနှင့် ကြယ်ပွင့်ပြ မေးခွန်း(၆)ခု မေးမြန်းခြင်း နှင့် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် ကို ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တင်မြှောက်သည့်နေ့မှစ၍ လွှတ်တော်အခွင့်အရေး ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ် ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။
ထို့နောက် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ အရက်ချက် စက်ရုံများတွင် Flow-Meter များ တပ်ဆင်ရန်ကိစ္စ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ သိလိုခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ဦးမောင်မောင်ဝင်းက အရက်ချက်စက်ရုံများမှ အဖျော်ယမကာများ ထုတ်လုပ်မှု အပေါ် အခွန်စည်းကြပ် ကောက်ခံရာတွင် ထုတ်လုပ်မှု ပမာဏအမှန်ကို သိရှိနိုင်ရေး၊ ပွင့်လင်း မြင်သာမှုရှိစွာဖြင့် အခွန်ပေးဆောင် ရေးနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များ အပြည့်အ၀ ရရှိ စေရန် ရည်ရွယ်၍ အရက်ချက်စက်ရုံများတွင် Flow Meter တပ်ဆင်ထုတ်လုပ်စေ ခြင်းကို ၂၀၁၆ ခုနှစ် မှစ၍ စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း။
စစ်ဆေးမှုများအရ စက်ရုံ ၇၂ ရုံအနက် လက်ရှိလုပ်ငန်း ဆောင်ရွက်လျက်ရှိသော အရက်ချက် စက်ရုံ ၃၇ ရုံ၌ Flow Meter များအား သတ်မှတ်နေရာတွင် စနစ်တကျ တပ်ဆင်ထားမှု ရှိ၊ မရှိ၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လများအတွင်းက သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်ပါကြောင်း၊  လက်ရှိအနေ အထားအရ လည်ပတ်လျက်ရှိ သော စက်ရုံ ၃၃ ရုံတွင် Flow Meter များကို သတ်မှတ်စံနှုန်းများနှင့်အညီ တပ်ဆင် ထားရှိပြီးဖြစ်ပါကြောင်း၊ ကျန်စက်ရုံ ၄ ရုံတွင်လည်း စစ်ဆေးတွေ့ရှိမှုအရ မကြာမီ တပ်ဆင် သွားမည် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ Online Monitoring System ကိုလည်း တပ်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Online Monitoring System တပ်ဆင်ခြင်း မပြုမီ ကာလအတွင်း မြို့နယ်အခွန် ဦးစီးဌာနမှူး ရုံးများမှ စစ်ဆေးခြင်းနှင့် ရုံးချုပ်စစ်ဆေးရေး အဖွဲ့များမှ စစ်ဆေး ခြင်း များကို စီမံချက် ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အရက်ချက် စက်ရုံများ၏ အရက်ထုတ်လုပ် မှုများကို Online မှတစ်ဆင့် စောင့်ကြည့် ထိန်းကျောင်း နိုင်ရေး အတွက် Online Monitoring System  ကို အကောင် အထည်ဖော်နိုင်ရန် Data Logger တပ်ဆင်ခြင်းကို စက်ရုံကြီး၊ စက်ရုံလတ်နှင့် စက်ရုံ ငယ် အဆင့်(က)(ခ)နှင့် (ဂ) ဟူ၍ ခွဲခြားပြီး စက်ရုံကြီးများတွင်  ဦးစားပေး တပ်ဆင် ဆောင်ရွက်သည့်စနစ်ကို ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော်၍ တစ်ဆင့်ခြင်း ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း ရှင်းလင်းဖြေကြားသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်ရည်ချေးငွေကဲ့သို့သော အထောက်အပံ့ ဖြစ်စေမည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်ပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာစီးပွားရေးဘဏ်ထံမှ ရရှိသော ရန်ပုံငွေများဖြင့် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်နှစ်တိုင်း နွေ၊ မိုး၊ ဆောင်း သုံးရာသီအတွက် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေး ပေးလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် ပြန်လည် ကောက်ခံ ပါကြောင်း၊ ယင်းသို့ ကောက်ခံပြီး နောက် မြန်မာ့စီးပွားရေးဘဏ်သို့ နှစ်ချင်း ပြန်လည် ပေးဆပ် ရပါကြောင်း၊ မြန်မာ့စီးပွား ရေးဘဏ်သို့ နှစ်ချင်းပြန်လည်ပေးဆပ်ရခြင်းမှာ တောင်သူလက်ဝယ် ငွေမရှိသည့် အချိန်တွင်မှ ကောက်ခံပါက တောင်သူများအတွက် ကြွေးဝန်ထုပ်ဝန်ပိုးများ ဖြစ်နိုင်ခြင်း၊ ဆုံးရှုံးနိုင်ခြေ ပိုမို များပြားခြင်း စသည်တို့ကြောင့် စိုက်ပျိုးစရိတ်ချေးငွေအား နှစ်ချင်း ပြန်လည်ပေးဆပ်စေသည့် စနစ်ကို ရှေး ယခင် အစဉ်အဆက်ကပင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ယခင်ကဆိုလျှင် နှစ်ရှည်ချေးငွေနှင့် ပတ်သက်၍ သမိုင်းကို ပြန်ကြည့်သည့် အခါတွင်လည်း မရှိ သလောက် ရှားပါကြောင်း၊ ယခုမှသာ နှစ်ရှည် ချေးငွေ၊ နှစ်လတ်ချေးငွေအဖြစ် ၃ နှစ် ၅ နှစ် သတ်မှတ်ပြီး ချေးနိုင်သည့် အခြေအနေမျိုးကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ JICA မှ ရသည့်ငွေများကို ၃ နှစ် ၅ နှစ်သတ်မှတ်ပြီး ချေးသော်လည်း ၄င်း၏ ရည်ရွယ်ချက်သည် စက်မှုလယ်ယာဖွံ့ဖြိုးရေးကို ဦးစားပေးသည့် အတွက်ကြောင့် ထွန်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက် စသည့် စက်ကိရိယာများ ၀ယ်မည့် တောင်သူများကိုသာ ရွာအထိ အရောက် သွားပြီး ချေးငွေထုတ်ပေးခဲ့ပါ ကြောင်း၊ ထို့ပြင် စက်ကိရိယာမဟုတ်ဘဲ စိုက်ပျိုးရေး၊ မွေးမြူရေး အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပုံမှန်ထုတ်နေကျ စိုက်ပျိုးစရိတ်ငွေအပြင်  အတိုးချေးငွေ သဘောမျိုးဖြင့် ၃ နှစ် ၅ နှစ် သတ်မှတ်ချေးရန်အတွက် မြန်မာ့စီးပွားရေး ဘဏ်က ဆက်လက် ချေး ပါကြောင်း၊ ယခု လောလောဆယ်တွင် ဘီလီယံ ၂၀၀ ခန့် သတ်မှတ်ထားပါကြောင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီ သည့် တောင်သူလယ်သမားများ အပါအ၀င် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများကို ချေးငွေ စည်းမျဉ်း၊ စည်းကမ်းများကို လေ့လာပြီး သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် လိုအပ်သည် များကို ဖြည့်စွက်၍ သတ်မှတ်ထားသည့် ပုံစံ(၇)ကိုလည်း အာမခံပေးပြီး ချေးနိုင်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ နိုင်ငံတော်အတွက် အခွန်ငွေအများဆုံးရှာဖွေ ထည့်ဝင်ပေးကြရမည့် အခွန် ထမ်းကြီးများနှင့် အလယ်အလတ်အခွန်ထမ်းများမှ အခွန်ရှောင်တိမ်းမှု လျော့ကျလာစေရေး အတွက် အခွန် ငွေကို လိုလိုလားလားနှင့် ပြည့်ပြည့်၀၀ ထမ်းဆောင်လာမှုအပေါ် နိုင်ငံတော်မှ အသိအမှတ်ပြု ပြန်လည် ဂုဏ်ပြုသည့် သဘောဖြင့် မက်လုံးပေးဆွဲဆောင် အခွန်ထမ်းဆောင်စေသော စနစ် Incentive Payable Taxation System မျိုးပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အခွန်အပြည့် အ၀ ကောက်ခံရရှိရန်အတွက် အခွန် ထမ်းပြည်သူများအနေဖြင့် အခွန်ပေး ဆောင်သည့် အလေ့အကျင့်ရရှိစေရန်အတွက်  အခွန်ပညာပေး လုပ်ငန်း များကိုလည်း စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွန်တာဝန်ကျေပွန်သူများသို့ ချီးမြှင့်မှု အနေဖြင့် လတ်တလောအခြေအနေအရ အခွန်အများဆုံး ထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်း ၁၀၀၀ စာရင်းကို ထုတ်ပြန်ကြေညာပေးခြင်း၊ အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ သော အခွန်ထမ်း အားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ကြေညာပေးခြင်းတို့ကို ပြည်တွင်း အခွန်များ ဦးစီးဌာအနေဖြင့် နိုင်ငံတော် အစိုးရကိုယ်စား ထုတ်ပြန်ပေးလျက် ရှိပါကြောင်း။
၂၀၁၈ ခုနှစ်  မတ် ၃ ရက်တွင် နိုင်ငံတော်သမ္မတကိုယ်တိုင် သမ္မတအိမ်တော်၌ ၀င်ငွေခွန် အများဆုံး ထမ်းဆောင်သူ ၁၀ ဦး၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်း ဆောင်သူ ၁၀ ဦးကိုလည်း ဂုဏ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ခြင်းဖြင့် အဖွဲ့အစည်းအတွက်လည်းကောင်း၊  လူပုဂ္ဂိုလ် အတွက်လည်း ကောင်း စံနမူနာပြသည့်အနေဖြင့် နိုင်ငံတော်အဆင့်မှ ဂုဏ်ပြုခြင်းဖြစ်ပြီး ပုဂ္ဂိုလ်၊ အဖွဲ့ အစည်း၏ ဂုဏ်သိက္ခာမြင့်မားစေခြင်းနှင့် လုပ်ငန်းအတွက် အမည်ကောင်း ဂုဏ်သတင်း ရရှိစေ ပါကြောင်း၊ နိုင်ငံတော်အတွင်း အများနည်းတူအခွင့်အလမ်းများ ရယူခံစားနေပြီး အခွန်ပေးဆောင် ထိုက်သော ၀င်ငွေရှိပါလျက် အခွန်မပေးဆောင် လိုသူများကိုလည်း အခွန်ပေးဆောင်လိုစိတ် ဖြစ်ပေါ် လာစေရန် ကိုလည်း ရည်ရွယ်ပါကြောင်း။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေရန်နှင့် ကဏ္ဍအလိုက် တိုးတက်ဖွံ့ဖြိုးစေရန် အခွန်ဆိုင်ရာ မက်လုံးပေးမှု များဖြစ်သော အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့် များကို ဒေသအလိုက်၊ အချိန်ကာလအလိုက် ခွင့်ပြုပေး ထားပါကြောင်း၊ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့် အ၀ကောက်ခံရရှိ နိုင်ရန်အတွက် အခွန်ဆိုင်ရာအသိပညာများ ကျယ်ပြန့်စွာပြုလုပ်ပြီး ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေပုဒ်မ ၃၈ တွင်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၃၄ တွင် လည်းကောင်း ဆုပေး၊ ဒဏ်ပေးစနစ်ကို အခွန်ဆိုင်ရာ ဆွဲဆောင်မှုအနေဖြင့် ထည့် သွင်းပြဋ္ဌာန်းပေးခဲ့သည့်အပြင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၃၇၊ ပုဒ်မခွဲ(က)တွင် အခွန်ဆိုင်ရာတာဝန်ကျေပွန်သည့် အခွန်ဝန်ထမ်းများ၊ အခွန် ထမ်းပြည်သူများအားလုံးကို အသိအမှတ်ပြုခြင်း၊ ထိုက်သင်သော့ချီးမြှင့်မှုများ စီမံ ဆောင်ရွက်ပေးခြင်း ပြုလုပ်ပေးရမည်ဟု ပြဋ္ဌာန်းထားခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေတွင်လည်း အဆိုပါပြဋ္ဌာန်းချက်များကို ဆက်လက်ပြဋ္ဌာန်း ထားပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်း ချက်နှင့်အညီ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ မဘိမ်းမဲဆန္ဒနယ်မှ ဦးအောင်မြင့်ရှိန်နှင့် ကျောက် တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြားသည်။
ဝက်လက် မဲဆန္ဒနယ်မှ ဦးမြင့်သိန်းက နိုင်ငံတော်အတွက်  ရသင့်ရထိုက်သည့် အခွန်အကောက်များ အပြည့်အ၀ ရရှိရေးအတွက် ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ စိစစ်ကြပ်မတ်ကောက်ခံပေးရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာတွင် အခွန်ဥပဒေနှင့် အခွန်ဆိုင်ရာ စီမံ ခန့်ခွဲမှု အားနည်းချက်များကြောင့် နိုင်ငံအတွက် အခွန်ငွေများ အပြည့်အ၀မရရှိသည့်အတွက် ကောက်ခံ သင့်ကောက်ခံ ထိုက်သောအခွန်များကို ထိထိရောက်ရောက် ကောက်ခံနိုင်ရေး၊ အခွန်တိမ်းရှောင်မှု အခွန်ငွေ ထိန်ချန်မှု၊ တရားမ၀င်ကုန်စည်တင်သွင်းမှု၊ ထုတ်လုပ်ရောင်းဝယ်ဖောက်ကား မှုများကို ထိထိ ရောက်ရောက် ကာကွယ်တားဆီးရေးအတွက် တင်သွင်းရခြင်းဖြစ်ပါ ကြောင်း၊ အခွန်နှုန်းထား နည်းနည်းဖြင့် အခွန် အခြေကို ချဲ့ထွင်ပြီး ရသင့်ရထိုက်သော အခွန်များ ပြည့်ဝစွာကောက်ခံရန် နိုင်ငံတော်အနေဖြင့် မဟာ ဗျူဟာအစီအစဉ်များ ချမှတ်ဆောင် ရွက်နိုင်သော်လည်း အခွန်တိမ်းရှောင်သူများနှင့် အခွန်ဌာနများရှိ ၀န်ထမ်းများ၏ မလျော်မကန် ဆောင်ရွက်နေမှုများကိုလည်း တွေ့ရှိရပါကြောင်း။
သက်ဆိုင်ရာ ၀န်ကြီးဌာနများအနေဖြင့် ဥပဒေအရ အခွန်ပေးဆောင်ထိုက်သူများ ဥပဒေနှင့် အညီ အခွန်ပေး ဆောင်လာကြစေရန် ပြည်သူများသို့ အခွန်ပေးဆောင်ခြင်း နှင့် ရရှိအခွန်အပေါ် နိုင်ငံတော်မှ မှန်မှန် ကန်ကန် သုံးစွဲရခြင်းစသည်များကို ပညာပေး ခြင်း၊ စည်းရုံးခြင်း၊ အခွန်ပေးဆောင်သဖြင့် ပေးဆောင် သူတို့အား အခွန်ဆိုင်ရာ သက်သာခွင့်များ၊ အခြားကင်းလွတ်ခွင့်များကို ပြည်သူတို့အား အသိပေးခြင်း၊ အခွန်ဆိုင်ရာ တာဝန်ကျေပွန်ကြသည့် အခွန်ထမ်းပြည်သူများကို အသိအမှတ်ပြုပေးခြင်း၊ ထိုက်သင့်သည့် ချီးမြှင့်မှုများ စီမံဆောင်ရွက်ပေးခြင်းတို့ကို နှစ်စဉ်ပို၍ ဂုဏ်ပြုပေးရ မည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူတို့ အခွန် ဆောင်လိုစိတ်နှင့် လူတိုင်းလူတိုင်းအခွန် ဆောင်ရန် တာဝန်ရှိကြောင်း သိသာလာကြမည် ဖြစ်ပါ ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၈၉)အရ နိုင်ငံသားတိုင်းသည် အခွန်အကောက် များကိုပေးဆောင်ရန် တာဝန်ရှိသည်ဟု ဆိုထားခြင်းကြောင့် အခွန်များ ပြည့်ပြည့်၀၀ ရရှိရေးသည်လည်း အစိုးရ အဖွဲ့အစည်းများ သာမက ပြည်သူများတွင်လည်း တာဝန် ရှိသည် ဖြစ်ပါကြောင်း၊ အခွန်ကို တိုးမြှင့်ကောက်ခံရန် အဆိုပြု တင်ပြခြင်း မဟုတ်ဘဲ တည်ဆဲဥပဒေများအရ နိုင်ငံတော်က ရသင့်ရထိုက်ပြီး အားနည်းချက် အမျိုးမျိုး ကြောင့် လစ်ဟင်းနေသည့် ကွက်လပ်များကို ပြန်လည်စိစစ်ပြီး စနစ်တကျ ပိုမိုဖြည့်တင်း ဆောင် ရွက်သွား နိုင်ရန် တင်ပြရခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံး လာသည်နှင့် အမျှ အခွန်ရရှိငွေများအပေါ်ပိုမိုစီမံခန့်ခွဲနိုင်ရေးအတွက် အစိုးရနှင့် ပြည်သူတို့ ပွင့်လင်းမြင်သာစွာ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ ထိရောက်လာမည် ဖြစ်ပါသဖြင့် တင်သွင်းရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍  လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ကကြေညာသည်။
ထို့နောက် ယင်းအဆိုအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိ ပါက အမည်စာရင်း တင်သွင် နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ပေါက်ကွဲစေတတ်သော ၀တ္ထု ပစ္စည်းများ ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေ ကြမ်းကော်မတီအတွင်းရေးမှူးက အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက်အတိုင်း သဘောတူပါကြောင်း တင်ပြသဖြင့် ယင်းဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ် လုံးက သဘောတူခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို မေ ၂၁ ရက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment