ရန်ကုန် မေ ၁၈
ကမ္ဘာ့ တိကျစွာတိုင်းတာခြင်း နည်းပညာနေ့ (World
Metrology Day2018) အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌
ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
မျိုးသိမ်းကြီးက ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်မှု အဆင့်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး
အတွက် တိုင်းတာမှု စံချိန်စံညွှန်းများသည် အဓိက အရေးပါသကဲ့သို့ နိုင်ငံအနေဖြင့်လည်း အရည်အသွေး
ကိုက်ညီသည့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ်
အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်သို့ ထုတ်ကုန်များ
တင်ပို့ရာတွင် ထုတ်လုပ်မှုနည်းစဉ် သယ်ယူ ပို့ဆောင်ရေး စသည့် လုပ်ငန်းစဉ်များတွင် အသုံးပြုသည့်
တိုင်းတာမှု နည်းစဉ်များကို အပြည်ပြည်ဆိုင်ရာ အလေ့အကျင့် စနစ်ကောင်းများ အသုံးချခြင်းဖြင့်
စားသုံးသူ သုံးစွဲသူများ၏ ဘေးကင်းလုံခြုံရေး၊ မျှတသော ကုန်သွယ်မှု ရှိစေရေး ကျန်းမာရေး၊
ပတ်ဝန်ကျင် ထိခိုက်မှုမရှိစေရေး၊ စသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းတာမှု
နည်းစနစ် များသည် စွမ်းဆောင်နိုင်မှုနှင့် တိကျမှုများကို မြင့်မားစေပါကြောင်း။
မြန်မာနိုင်ငံတွင် လူမှုဘဝမြှင့်တင်နိုင်ရေး၊ ကျန်းမာရေးနှင့်
ပညာရေး ကဏ္ဍများ မြှင့်တင်နိုင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်ပစ္စည်းများ
ဝန်ဆောင်မှု လုပ်ငန်းများကို လွယ်ကူစွာ အသုံးချနိုင်ရေး အတွက် တိကျစွာ တိုင်းတာမှုစနစ်သည်
အဓိက အခန်းကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်လျက် ရှိပါကြောင်း၊ တိကျစွာ တိုင်းတာခြင်းဆိုင်ရာ
ဓာတ်ခွဲခန်းများကို ISO/IEC 17025 အသိအမှတ်ပြု လက်မှတ်ရရှိစေရန် PTB မှ နည်းပညာဆိုင်ရာ
အထောက်အပံ့များကို ကူညီပေးလျက် ရှိပါကြောင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနသည်
ဆန်စပါး စိုထိုင်း တိုင်းတာသည့် နိုင်ငံ၏ တိကျမှု အမြင့်ဆုံး ဓာတ်ခွဲခန်းကို JICA နည်းပညာ
အထောက်အပံ့ဖြင့် တည်ထောင်လျက် ရှိပါကြောင်း၊
တိုင်းတာမှုစနစ် အကောင်အထည် ဖော်ခြင်းဖြင့် မိုက်ခရို အဆင့်
အသေးစားနဲ့ အလတ်စားအဆင့် လုပ်ငန်းများအတွက် များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း ကမ္ဘာ့တိကျစွာ
တိုင်းတာခြင်း နည်းပညာနေ့သည် ၁၈၇၅ ခုနှစ် မေလ ၂၀ ရက်နေ့ မီတာ ကွန်ဗင်းရှင်းတွင် နိုင်ငံပေါင်း
(၁၇)နိုင်ငံမှ ကိုယ်စားလှယ်များ စုပေါင်း သဘောတူ လက်မှတ် ရေးထိုးကြပြီးနောက် ဆက်လက်၍
နှစ်စဉ်နှစ်တိုင်း နိုင်ငံပေါင်း (၈၀) ကျော်က မိမိတို့နိုင်ငံ၏ နေ့စဉ်လူနေမှု ဘဝများတွင်
ကြုံတွေ့နေရသည့် တိုင်းတာမှုဆိုင်ရာ သက်ရောက်မှုများကို ဖွင့်ဆိုရှင်းပြပြီး ကျင်းပသည့်နေ့
ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တိုင်းတာမှု စံချိန်စံညွှန်းများကို သုံးစွဲစေရန်
အတွက် စိန်ခေါ်မှု တစ်ရပ်အနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လူမှုဘဝနှင့် စီးပွားရေး
ဆောင်ရွက်မှု အဆင့်တိုင်းရှိ ဆုံးရှုံးမှုများကိုလည်း ဖယ်ရှားနိုင်မည် ဖြစ်ပါကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် ဂျာမနီဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီး
H.E.Dorothee Janetzke-Wenzel နှင့် PTB Expert, Mr. Christian Schoen တို့က နှုတ်ခွန်းဆက်စကား
ပြောကြားကြပြီး International Metrology video clip ကို ပြသသည်။
ယင်းနောက် ကမ္ဘာ့တိကျစွာ တိုင်းတာခြင်း နည်းပညာနေ့ (World
Metrology Day 2018) အခမ်းအနားကို အစီအစဉ်များအတိုင်း ဆက်လက် ကျင်းပသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်ပညာရေး
တက္ကသိုလ်တွင် သင်ရိုးရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး သင်ရိုး ရေးဆွဲရာတွင်
ကြုံတွေ့နေရသည် အခက်အခဲများနှင့် စပ်လျဉ်း၍ ဖြေရှင်း ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို
ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ
အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊
တောင်ပိုင်းခရိုင်တို့မှ တိုင်းပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများ၊
အထက်တန်းကျောင်းအုပ်များ၊ အလယ်တန်း ကျောင်းအုပ်များ၊ မူလတန်းကျောင်းအုပ်များနှင့် တွေ့ဆုံပြီး
ပညာရေးဝန်ကြီးဌာန၏ ပညာရေး ကဏ္ဍပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများနှင့် ကျောင်းအပ်နှံရေး
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment