နေပြည်တော်မေ ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက် ၉ နာရီတွင် The HALO Trust အဖွဲ့မှ Regional Director
ဖြစ်သူ Mr. Cameron Imber နှင့်အဖွဲ့အား လည်းကောင်း၊ နံနက်(၁၀) နာရီတွင်
အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့၊ U. S Agency for International Development
(USAID) မှ Administrator ဖြစ်သူ Mr. Mark
Andrew Green ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ
မသန်စွမ်းသူများ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လည်းကောင်း၊ မွန်းလွဲ ၂
နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H. E. Mr. Ichiro MARUYAMA
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လည်းကောင်း၊ ညနေပိုင်းတွင် ကုလသမဂ္ဂ လက်ထောက်
အတွင်းရေးမှူးချုပ်နှင့် UNFPA ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Ms. Laura
Londen ဦးဆောင်သော အဖွဲ့အား လည်းကောင်း အဆိုပါ ၀န်ကြီးဌာန၌ သီးခြားစီ တွေ့ဆုံသည်။
The HALO Trust အဖွဲ့နှင့် တွေ့ဆုံစဉ် မိုင်းအန္တရာယ် ခံစားရသူများအား
အကူအညီပေးရေး လုပ်ငန်းများ၊ မိုင်းအန္တရာယ်ကြောင့်
ထိခိုက်ခံစားရသူများအား အသက်မွေးဝမ်းကျောင်းနှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့ ကူညီနေမှုများ၊
The HALO Trust အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်။
(USAID) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဟင်္သာတမြို့နယ်ရှိ
ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး သင်တန်းကျောင်းအတွက် လိုအပ်သည့် နည်းပညာနှင့်
ရန်ပုံငွေအား USAID မှ ထောက်ပံ့ကူညီမှုများနှင့် ဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ လုပ်ငန်းစီမံချက်
အကောင်အထည်ဖော်ရာတွင် USAID မှ အဓိက မိတ်ဖက် အဖွဲ့အစည်းအနေဖြင့် ကူညီသွားမည့် ကိစ္စရပ်များကို
ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ
မသန်စွမ်းသူများ အသင်းချုပ်မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ
ဖွဲ့စည်းနိုင်ရေး၊ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
ပြဌာန်းထားပြီး စနစ်တကျ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် နေရပ် စွန့်ခွာသူများ
ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အလျင်အမြန် စတင်နိုင်ရန် ဂျပန်နိုင်ငံမှ ကူညီပေးနေမှုများ၊
UNHCR ၊ UNDP တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်နေမှုများ၊
ဂျပန်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ် အစိုးရအကြီးအကဲများနှင့်
တွေ့ဆုံဆွေးနွေးပြီး နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး ဆောင်ရွက်နေမှုများကို သွားရောက်
လေ့လာမည့် ကိစ္စရပ်များအား ဆွေးနွေးကြသည်။
ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် UNFPA မှ
ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် အမျိုးသမီးများအား
အကာအကွယ်ပေးရေး၊ ကျားမတန်း တူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်
ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးအတွက် ဝန်ကြီးဌာနမှ အဓိက တာဝန်တစ်ရပ်အဖြစ်
ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊
ရင်ခွင်မဲ့ကလေးများ ကာကွယ်စောင့်ရှောက်ရေး၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူ အမျိုးသမီးများ
အတွက် ကူညီ ဆောင်ရွက်ပေးမှု၊ UNFPA ၏ (၄)ကြိမ်မြောက် နိုင်ငံအဆင့်စီမံချက် (၂၀၁၈- ၂၀၂၂)
၏ လုပ်ငန်းများနှင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်
ကရင်ပြည်နယ်တို့တွင် UNFPA ၏ လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment