Thursday, May 17, 2018

စက်မှုဝန်ကြီးဌာနမှ တပ်ဆင်ထုတ်လုပ်သော လူနာတင်ယာဉ် (၁၅)စီးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ


နေပြည်တော် မေ ၁၇
စက်မှုဝန်ကြီးဌာန၊ အမှတ်(၁၅) အကြီးစားစက်ရုံတွင် တပ်ဆင်ထုတ်လုပ်သော လူနာတင်ယာဉ်(၁၅)စီးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရေတာရှည်မြို့နယ်၊ သာဂရ စက်မှုနယ်မြေရှိ အမှတ်(၁၅) အကြီးစား စက်ရုံတွင် ကျင်းပသည်။

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက လူနာတင်ယာဉ်များ တပ်ဆင် ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လိုအပ်သော လူနာတင် ယာဉ်များကို နိုင်ငံတကာ အဆင့်မီထုတ်လုပ်ပေး နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်းကပင် စီမံချက် ချမှတ်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးမည့် လူနာ တင်ယာဉ် (၁၅)စီး ကိုလည်း မြန်မာနိုင်ငံ လူနာတင်ယာဉ် အရည်အသွေး သတ်မှတ် အတည်ပြုရေး အဖွဲ့မှ စစ်ဆေး အတည်ပြုပေးပြီး ဖြစ်ကြောင်း၊ မကြာမီ လူနာတင်ယာဉ်(၄၀)စီးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ဆက်လက် လွှဲပြောင်းပေး သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ လူနာတင် ယာဉ်များ တပ်ဆင် ထုတ်လုပ် နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြသော ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ လူနာတင်ယာဉ် တပ်ဆင် ထုတ်လုပ်ရာတွင် အကောင်းဆုံး ဖြစ်စေရန် အတွက် စိတ်ရှည်ဇွဲရှိစွာဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် ပုဂ္ဂလိကမှ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သူ Myanmar Treasure Company မှ ဝန်ထမ်းများအားလည်း ကျေးဇူးတင် ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura မှ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအစိုးရအဖွဲ့မှ ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ လယ်ယာကဏ္ဍ၊ မော်တော်ယာဉ်၊ အထည်အလိပ်နှင့် SME ကဏ္ဍများတွင် ငွေကြေးနှင့် နည်းပညာများ ဆက်လက် ကူညီထောက်ပံ့ ပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် မြန်မာနိုင်ငံ ဆေးကောင်စီအဖွဲ့ဝင် ဒေါက်တာဇော်ဝေစိုးမှ မြန်မာနိုင်ငံတွင် လူနာတင်ယာဉ်များ တင်သွင်း မှုနှင့် တပ်ဆင် ထုတ်လုပ်မှုများအတွက် လူနာတင်ယာဉ် အရည်အသွေးသတ်မှတ် အတည်ပြုရေး ကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြသည်။
ဆက်လက်၍စက်မှုဝန်ကြီးဌာန၊အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးက လူနာ တင် ယာဉ်အမျိုးမျိုး ဆက်လက် ထုတ်လုပ်မည့် အစီအမံများနှင့် စက်ရုံရှိ စက်ပစ္စည်းများကို အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ လူနာတင်ယာဉ်(၁၅)စီးနှင့် စာရွက်စာတမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များသည် လွှဲပြောင်းပေးအပ်မည့် လူနာတင် ယာဉ်များနှင့် တပ်ဆင် ထုတ်လုပ်ဆဲ လူနာတင်ယာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
စက်မှုဝန်ကြီးဌာနမှ တပ်ဆင် ထုတ်လုပ်သော လူနာတင်ယာဉ်များမှာ နိုင်ငံတကာ အဆင့်မီ Standard Type အမျိုးအစားဖြစ်ပြီး တစ်စီးလျှင် မြန်မာကျပ်ငွေ (၇၄၀)သိန်း ဖြစ်သည်။ မော်တော်ယာဉ်နှင့် အတွင်း စက်ပစ္စည်းများ အတွက်(၁)နှစ် အာမခံပေးထားသည်။ ဈေးကွက် လိုအပ်ချက်အရ Basic Type နှင့် Advance Type အမျိုးအစားများကိုလည်း ဆက်လက် ထုတ်လုပ် ပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ လူနာတင်ယာဉ် အရည်အသွေး သတ်မှတ်အတည်ပြုရေး အဖွဲ့ (CAAM) အဖွဲ့မှလည်း ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သော လူနာတင် ယာဉ်များနှင့် အတူ ပြည်ပမှ တင်သွင်း လာသော လူနာတင် ယာဉ်များကိုလည်း စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment