Monday, May 14, 2018

ရေကြီးနစ်မြုပ်မှုနှင့် ဆားငန်ရေဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးခြင်းတို့မှ လျော့နည်း သက်သာစေရန် ဆောင်ရွက်


နေပြည်တော် မေ ၁၄
နည်းပညာများ မြင့်မားလာသည်နှင့်အမျှ လေ့လာဖွယ်များလည်းများစွာရှိနေသေးကြောင်း၊ ပြည်ပသို့ သွားရောက်ဆည်းပူးခဲ့သော ပညာရပ်များနှင့် မိမိတို့၏ ရင်ဆိုင်တွေ့ကြုံနေရသော အတွေ့အကြုံများ အပေါ် အခြခံပြီး လက်ရှိလိုအပ်ချက်များနှင့် လိုက်လျောညီထွေမှု ရှိစေရေးအတွက် ပညာရှင်များ အပိုင်းမှ ဆန်းသစ်တီထွင် ဖန်းတီးကြရန် လိုအပ်ကြောင်း၊ နည်းပညာရပ်ဆိုင်ရာများကို လက်ဆင့် ကမ်းမျှဝေခြင်းဖြင့် ပိုမိုကျွမ်းကျင်သည့် မျိုးဆက်များမွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မေ ၁၂ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၁)၊ ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၁)၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် လာမည့် ဘဏ္ဍာနှစ်များအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး (စက်မှု) ဦးဝင်းထွဋ်က ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။           
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ ၁၃ ရက် နံနက်ပိုင်းတွင် သုံးခွမြို့နယ်၊ တကောရေထိန်းတံခါး သို့ရောက်ရှိကြရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက တကောချောင်းအတွင်း ရေငန် ဝင်ရောက် မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာများနှင့် ကျွမ်းကျင်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် တွေ့ရှိချက်ရလဒ်များကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူ များအား စဉ်ဆက်မပြတ် ဆက်သွယ်အကြောင်းကြား သတင်းပို့ခြင်း၊ မိမိတို့ပညာရှင်များ အပိုင်းမှ အမြင်ဖြင့် ရှုထောင့်အမျိုးမျိုးမှ ဖြစ်နိုင်ခြေအားလုံးကို သုံးသပ်ပြီး ရေတိုရေရှည်အကျိုး အပြစ်တို့ကို အကြံပြု တင်ပြပေးကြစေလိုကြောင်း၊ လက်တွေ့ ချောင်းမြောင်းများ ကောခြင်း၊ လယ်ယာမြေများ ရေငန်စိမ့်ဝင်မှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးလာနေမှု ဆုံးရှုံးနိုင်ခြေတို့ကို အသိပညာများပေးရန် လိုအပ်ကြောင်း၊ ချောင်းဘေး/မြောင်းဘေး ဆားငန်ရေ ဝင်ရောက်မှုမည်မျှ ရှိသည်ကို တိုင်းတာရန် လိုအပ်ကြောင်း၊ အနာဂါတ်အတွက် ကောင်းမွေများသာ ချန်ထားသင့်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ချောင်ပိတ်တမံ နေရာဟောင်းရှိ အကူရေလျော့ပေါက် တည်ဆောက်မည့် နေရာအား ကြည့်ရှုကြသည်။ တကောရေ ထိန်းတံခါးမှာ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် အရှေ့ဘက်ခြမ်းမှ လယ်ယာမြေ (၁၂၉၅၃) ဧကအား ရေကြီးနစ်မြုပ်ခြင်း၊ ဆားငန်ရေ ဝင်ရောက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း ဒေသခံများ၏ တောင်းဆိုမှုအရ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၃ရက်နေ့တွင် မူလချောင်းဟောင်းအား ပြန်လည်ဖွင့်လှစ် ပေးခဲ့သည်။ ယခုအခါ ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ရေတံခါးနှင့် ဆက်စပ်ချောင်းမြောင်းများကို တူးဖော်ပေးခြင်း၊ ရေတံခါးရွက်များ ပြန်လည်ပြုပြင်ပေးခြင်းဖြင့် ရေထုတ်နိုင်မှု ပိုမိုကောင်းမွန်လာကာ ရေကြီးနစ်မြုပ်မှုနှင့် ဆားငန်ရေ ဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးခြင်းတို့မှ လျော့နည်းသက်သာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
 (သတင်းစဉ်)

No comments:

Post a Comment