Monday, May 14, 2018

အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် လုပ်အားခ ၄၈၀၀ ကျပ် သတ်မှတ်


နေပြည်တော် မေ ၁၄
မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (ခြောက်ရာကျပ်) နှုန်းဖြင့် တစ်ရက် အလုပ်ချိန် ၈ နာရီ အတွက် ၄၈၀၀ ကျပ် (လေးထောင့်ရှစ်ရာကျပ်) သတ်မှတ်လိုက်ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက (အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂၀၁၈) ဖြင့် ယနေ့ ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ တစ်ရက် အလုပ်ချိန် ၈ နာရီ အတွက် ၄၈၀၀ ကျပ် (လေးထောင့်ရှစ်ရာကျပ်)”  သတ်မှတ်ချက်သည် အလုပ်သမား ၁၀ဦး အောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ နှင့် သက်ဆိုင်ခြင်းမရှိကြောင်း သိရသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် ၂၀၁၃ခုနှစ်၊ အနည်းဆုံး အခကြေးငွေဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ အနည်းဆုံး အခကြေးငွေ သတ်မှတ်မည့် အဆိုပြု အနည်းဆုံးအခကြေးငွေ အမိန့်ကြော်ငြာစာကို အများပြည်သူသိရှိစေရန် ၂-၁-၂၀၁၈ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁/၂၀၁၈ ကို ထုတ်ပြန်ကြေညာကာ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ အလုပ်ရှင်နှင့် အလုပ်ရှင် အဖွဲ့အစည်းများ၊ အလုပ်သမားနှင့် အလုပ်သမားအဖွဲ့ အစည်းများ၏ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ထောက်ခံခြင်းစသည့် သဘောထား မှတ်ချက်များကို ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများက ပြန်လည်ရှင်းလင်း ဆွေးနွေး၍ အဆိုပြုနှုန်းထားများ ပြန်လည်တင်ပြစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ထပ်မံအဆိုပြုတင်ပြသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားများကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ)နှင့်အညီ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲ များပြုလုပ်ကာ နေရာဒေသနှင့် လုပ်ငန်းအမျိုး အစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (ခြောက်ရာကျပ်) နှုန်းဖြင့် တစ်ရက် အလုပ်ချိန် ၈ နာရီ အတွက် ၄၈၀၀ ကျပ် (လေးထောင့် ရှစ်ရာကျပ်)” အဖြစ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 (သတင်းစဉ်)

No comments:

Post a Comment