Monday, May 14, 2018

သုတေသန ပညာရှင်များ၏ အရည်အသွေး မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်ကြရန်လိုအပ်


နေပြည်တော်       မေ  ၁၄
သုတေသန အကြံကောင်းတစ်ချက်သည် နိုင်ငံအကျိုးစီးပွား ဖွံ့ဖြိုးရေးကို ကြီးမားစွာ အထောက်အပံ့ ပေးနိုင်သည်ဖြစ်ရာ သုတေသနပညာရှင်များ၏ အရည်အသွေးမြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
သုတေသနပညာရှင်များအနေဖြင့် လက်ရှိ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော နည်းပညာရပ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်များကို ထောက်ပြပေးရန်၊ ပြုပြင်ဆောင်ရွက်သင့်သည့် နည်းလမ်းများကို အကြံပြုရန်နှင့် နည်းပညာသစ်များ ရှာဖွေဖော်ထုတ် ပေးရန် တာဝန်ရှိသူများဖြစ်သည်ဟု ခံယူချက်ကောင်းများထားရှိပြီး အားထုတ်ကြိုးပမ်းကြရန် လိုအပ်ကြောင်း မေလ(၁၄)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်က နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မျိုးကြွယ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ သုတေသနပညာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးက စိုက်ပျိုးရေး သုတေသနဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ နိုင်ငံတကာ၏ တိုးတက် ပြောင်းလဲနေမှုများကို သုတေသနပညာရှင်များအနေဖြင့် မျက်ခြည်မပြတ် ဆည်းပူးလေ့လာကြရန် လိုအပ်ကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက်သည့် လုပ်ငန်းကဏ္ဍ၏ အရေးပါမှု၊ အကျိုး သက်ရောက်မှုများကို ကောင်းစွာ နားလည်သဘောပေါက် တန်ဖိုးထားကြ ရန်လိုအပ်ကြောင်း၊ လက်ရှိ အခြေအနေကို အကောင်းဆုံး အသုံးချပြီး လိုက်လျောညီထွေမှုရှိသည့် နည်းပညာရပ်များအဖြစ် ပြောင်းလဲအသုံးချ ဆောင်ရွက်နိုင်ရန် သက်ဆိုင်သူများ အားလုံးတို့က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နောင်မျိုးဆက်သစ် မောင်မယ်များအတွက် ကောင်းမွန်သည့် အလေ့အထကောင်းများ၊ အမွေကောင်းများ ထားရစ်ခဲ့နိုင်ရေး ရည်ရွယ်ဆောင်ရွက်ကြရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သုတေသန ဓါတ်ခွဲခန်းများ၊ မျိုးစေ့ဘဏ် နှင့် မျိုးစေ့နမူနာများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment