Saturday, May 12, 2018

ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် သေဆုံးခဲ့သူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အလုပ်သမားများ အတွက် ကရုဏာကြေး ပေးအပ်ပွဲ ရန်ကုန်မြို့ကျင်းပ


ရန်ကုန်  မေ ၁၂
မဲဆောက်မြို့အလွန် တောင်ပေါ် အဆင်းလမ်း၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် သေဆုံး ခဲ့သူများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော မြန်မာအလုပ်သမားများ အတွက် ကရုဏာကြေး ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့  ရန်ကင်းမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ``MOU စနစ်နဲ့ ထိုင်းနိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်တဲ့ အလုပ်သမားတွေ စီးနင်းလာတဲ့ကားဟာ ဧပြီ ၉ ရက်နေ့က မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ အလုပ်သမား ၆ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိသွားပါတယ်။ စတင်ဖြစ်ပွားစဉ် အချိန်မှာ ထိုင်းနိုင်ငံဆိုင်ရာ  စစ်သံမှူး အပါအဝင် နှစ်နိုင်ငံက သက်ဆိုင်ရာ တာဝန် ရှိသူတွေ  အချိန်နဲ့တစ်ပြေးညီ ကူညီဆောင်ရွက်ခဲ့ပါတယ်။ မြဝတီမြို့မှာလည်း ပထမအကြိမ် ထောက်ပံ့ငွေ တွေ ပေးအပ်ခဲ့ပါတယ်။ ဒီကနေ့ မှာတော့ ကရုဏာကြေးပေးအပ်တာပါ´´ဟု ပြောသည်။
ထိုသို့ပေးအပ်ရာတွင် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ငွေကျပ် ၅၁ သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၂၄ သိန်း၊ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ငွေကျပ် (၄၉၀၅၀ဝ၀) နှင့် ထိုင်းဘတ်ငွေ ၁၉၅၀ဝ၊ Golden Royal Mandalay Services Co,Ltd မှ ငွေကျပ် ၅၈ သိန်း အပါအဝင် စုစုပေါင်း ငွေကျပ် (၁၈၂၀၅၀ဝ၀) နှင့် ဘတ် (၁၉၅၀ဝ) တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က သတ်မှတ်နှုန်းထားများ အလိုက် ကရုဏာ ကြေးကို အသီးသီးပေးအပ်ရာ သေဆုံးသူ ခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးတို့၏ မိသားစု ဝင်များက လက်ခံရယူကြသည်။
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှ မဇာခြည်လှိုင်က ``ယာဉ်မတော်တဆမှုဖြစ်ပြီး ဆုံးပါး သွားတဲ့ ထဲမှာ ကျွန်မရဲ့ ညီမလေးလည်းပါသွားတယ်။ အဲဒီအတွက် ဒီနေ့မှာ ကရုဏာကြေး ၁၂ သိန်းရပါတယ်။ မြဝတီမှာ တုန်းကလည်း ပထမအကြိမ် ၁၃ သိန်းရရှိခဲ့ပါတယ်။ အခုလို ရရှိတဲ့ငွေတွေနဲ့ ညီမလေးအတွက် အကောင်းဆုံးနဲ့ အမှတ်တရလေးဖြစ်အောင် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးသွားမှာပါ။ အစိုးရဘက်က အစစ အရာရာ တာဝန်ယူ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းမှာလည်း နစ်နာ ကြေးငွေ ထောက်ပံ့ကြေးတွေ ထပ်ပေးဦးမယ်လို့လည်း သိရပါတယ်´´ ဟုပြောသည်။
Golden Royal Mandalay Services Co,Ltd အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ Sukhonavason Co,Ltd လုပ်ငန်း ခွင်သို့ MOU အရ သွားရောက်လုပ်ကိုင်ရန် အလုပ်သမားများစီးနင်းလာသော မော်တော်ယာဉ်သည် ဧပြီ ၉ ရက်တွင် မဲဆောက်မြို့ အလွန်တောင်ပေါ် အဆင်းလမ်း၌ ဘီးပေါက်ပြီး ချောက်ထဲကျခဲ့သဖြင့် မော်တော် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အလုပ်သမား ၅၁ ဦးအနက် အမျိုးသမီး ခြောက်ဦး သေးဆုံးခဲ့ကာ ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အလုပ်သမားအေဂျင်စီတို့ အနေဖြင့် ယာဉ်မတော် တဆမှုဖြစ် ပွားခြင်း ကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အလုပ်သမားများအတွက် ကူညီ ထောက်ပံ့ မှုများ ပြုလုပ်ခဲ့သည့်အပြင် သေဆုံးသူ အလုပ်သမားများအတွက် ရသင့်ရထိုက်သော လျော်ကြေးငွေ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားများကိုလည်း သက်သာ ပျောက်ကင်း သည်အထိ ဆေးကုသမှုခံယူနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကို ညှိနှိုင်း ထားကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment