Saturday, May 12, 2018

ပြည်တွင်း ဆေးဝါး လိုအပ်မှုကို ဖြည့်ဆည်းပေးမည့် ဆေးဝါးစက်ရုံသစ် သီလဝါစက်မှုဇုန်၌ ဖွင့်လှစ်


ရန်ကုန် မေ   ၁၂
ယနေ့မြန်မာနိုင်ငံတွင် ပြည်သူများ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ဆေးဝါး လိုအပ်မှုကို ဖြည့်ဆည်း ပေးနိုင်မည့် ပဋိဇီဝ ဆေးဝါးစက်ရုံ သစ်ကို ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန်၌ ယနေ့ နံနက် ၈ နာရီခွဲတွင် ဖွင့်လှစ်သည်။
အဆိုပါ ဆေးဝါးစက်ရုံသည် သြစတြေးလျနိုင်ငံ အခြေစိုက်ဖြစ်သော Zifam ဆေးဝါးကုမ္ပဏီနှင့် မြန်မာ နိုင်ငံမှ  Pyrex Trading Co., Ldt. တို့ ပူးပေါင်းထားသည့်  Zifam  Pyrex Myanmar Co., Ltd မှ ဦးဆောင် ဖွင့်လှစ်ခြင်းဖြစ်ပြီး  ဆေးအမျိုး အစားအလိုက် အုပ်စုသုံးမျိုးခွဲကာ ထုတ်လုပ်သွားမည်ဖြစ်သည်။ စတင်ထုတ်လုပ်လုပ်မည့် ဆေးဝါးမှာ ခွင့်ပြုချက်ရ ဆေးအမျိုးအစားဖြစ်သော ဖလူးမောက်ကို စတင်ထုတ် လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ပြည်သူ့ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများကို တိုးချဲ့ ထပ်မံ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံမှာ ပဋိဇီဝဆေး(Antibiotic)ကို ပထမဆုံး ထုတ်လုပ်တဲ့စက်ရုံကြီး အောင်မြင်စွာ ဖွင့်လှစ်နိုင် တဲ့အတွက်  ဂုဏ်ယူပါတယ်။  စက်ရုံဖွင့်လှစ်လိုက်တဲ့ အတွက် ပြည်သူတွေ အလုပ်အကိုင်ရရှိမှာဖြစ်သလို အဆင့်မြင့် ဆေးပညာ ရပ်တွေကိုလည်း သင်ယူရရှိနိုင်မှာဖြစ်တယ်။ နောက်ပိုင်း ပြည်ပမှ တင်သွင်းစရာ မလိုအပ်ဘဲ ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်တော့မှာ ဖြစ်လို့ မြန်မာ့ဆေးလောကမှာတော့ အင်မတန် ကောင်းမွန်တဲ့ သတင်းတစ်ရပ်ဖြစ်ပါတယ်။  သြစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုနဲ့ မြန်မာနိုင်ငံ လက်တွဲ ဖွင့်လှစ်တဲ့ အတွက် အရည်အသွေးပြည့်မီရန် သာမက ငွေကြေးကုန်ကျမှု အနေနဲ့လည်း ပြည်ပမှ မှာယူ သုံးစွဲရသည်နှင့်စာရင် ပိုအကျိုးရှိမှာလာပါ။  မြန်မာနိုင်ငံမှာ အရည်အသွေးပြည့်မီတဲ့ ဆေးဝါးတွေ ထွက်ရှိပြီး ဈေးလည်း သက်သာရင်  နယ်စပ်မှ လိုင်စင်မဲ့ဆေးတွေ ဝင်ရောက်မှုဟာ အလိုလို တန့်လာမှာ ဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ စစ်မှန်တဲ့ ဆေးဝါးတွေကို ရရှိမှာဖြစ်တဲ့ အတွက် ဒီဆေးဝါးစက်ရုံကြီးဟာ ကျန်းမာရေး လောကအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆေးပညာရပ်တွေ ရရှိလာမှာဖြစ်ပါတယ် ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ယနေ့ ဖွင့်လှစ်သော ဆေးဝါးစက်ရုံ အနေဖြင့် ဖလူးမောက်ဆေးကို စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး ယင်း ဖလူးမောက် ဆေးသည် မြန်မာနိုင်ငံ  ဆေးရုံဆေးခန်းများ၌ အများဆုံး အသုံးပြုနေသော ဆေးတစ်မျိုး ဖြစ်သည်။ ဖလူးမောက်ဆေးသည် သောက်ဆေးအဖြစ်လည်း အသုံးပြုနိုင်သလို ထိုးဆေးအဖြစ်လည်း အသုံးပြု နိုင်သော ကျန်းမားရေး အထောက်အကူပြု ဆေးဝါးတစ်မျိုးဖြစ်သည်။ အဆိုပါ ဆေးကို မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် အိန္ဒိယနိုင်ငံမှ ဝယ်ယူအသုံးပြုနေရကြောင်း သိရသည်။ ပဋိဇီဝဆေးဝါးစက်ရုံကြီး ယနေ့ ဖွင့်လှစ်လိုက်ခြင်း အားဖြင့်  ပြည်တွင်းဆေးဝါး လိုအပ်ချက်ကို အထောက်အကူပြု နိုင်မည်ဖြစ်သည့် အပြင် လာမည့်အနာဂတ်တွင် ၄င်းဆေးဝါးစက်ရုံမှ ထုတ်လုပ်သော ဆေးဝါးများကို ပြည်တွင်းသာမက ပြည်ပ နိုင်ငံများသို့ပါ တင်ပို့ဖြန့်ဖြူးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
Zifam  Pyrex Myanmar Co., Ltd မှ ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာခင်သီရိက “ ယနေ့ မြန်မာနိုင်ငံမှာ အထူး လိုအပ်နေတဲ့ ပဋိဇီဝဆေး အမျိုးအစားတွေထဲက ဆေးမျိုးတွေကို ထုတ်လုပ်သွားနိုင်တော့မှာဖြစ်လို့ ဝမ်းသာ ပါတယ်။ ခုချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ပဋိဇီဝဆေး အမျိုးအစားတွေကို ပြည်ပက ရာခိုင်နှုန်း ၉၀ တင်ပို့ နေရတဲ့အတွက် နိုင်ငံအနေနဲ့  ထွက်ငွေတွေ ဖြစ်နေပါတယ်။ တစ်ခါတစ်လေ ပြည်ပကအချိန်မီ မရောက်ရှိတဲ့အခါတွေမှာ ဆေးဝါးပြတ်လတ်တာမျိုးတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အခုလိုစက်ရုံ ဖွင့်လှစ် နိုင်တဲ့အတွက် ပြည်ပထွက်ငွေ လျော့နည်းသွားမှာဖြစ်သလို ဆေးဝါးအတုအပ အတွက်လည်း စိုးရိမ်စရာ လိုတော့မှာမဟုတ်ပါဘူး ဟု ယနေ့ဖွင့်ပွဲအခမ်းအနားအပြီးတွင် မီဒီယာများအားပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန်၌ ယနေ့ဖွင့်လှစ်သော ပဋိဇီဝဆေးဝါး စက်ရုံသစ်ဖွင့်ပွဲတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ ဒေါက်တာ ဆက်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများနှင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment