နေပြည်တော်
မေ ၁၄
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ
အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်
မိမိတို့၏ မဲဆန္ဒနယ်မြေ အသီးသီးတွင် မဲဆန္ဒရှင် ပြည်သူ များ၏ အခက်အခဲများ၊ လိုလားချက်များ၊
နယ်မြေဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ စသည့် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ ဆန္ဒများကို
နားထောင်ခဲ့ကြ၊ ကွင်းဆင်းလေ့လာခဲ့ကြပြီး ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်
ပြည်သူများ၏ လိုလားချက်ဆန္ဒနှင့် အခက်အခဲများကို အကောင်အထည်ဖော်ရေးအတွက် မေးခွန်းများ
မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်း၊ ဥပဒေပြုခြင်း လုပ်ငန်းများအပြင် သက်ဆိုင်ရာ
ကော်မတီများအလိုက် လေ့လာစိစစ် ဆောင်ရွက်ရမည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ချမှတ်ထားသည့်
ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်သည့်
အကြောင်း ပြောကြားရင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးကို တက်ရောက်
လာသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့
ပြည့်စုံပြီး မဲဆန္ဒရှင်ပြည်သူများ အကျိုးအတွက် သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း
ပြောကြား သည်။
အစည်းအဝေးတွင်
လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်း ၅ခုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖြေကြားသည်။
ကချင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၅)မှ ဦးယောနာ၏ ကချင်ပြည်နယ်၊
ဆော့လော်မြို့နယ်၊ လာချင် ကျေးရွာအုပ်စု၊ လာချင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ပေးရန်
အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက
ကချင်ပြည်နယ် ဆော့လော် မြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ
၁ခု၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ၁ခု၊ နယ်စပ်ဆေးပေးခန်းဌာန ၁ခု ရှိပါကြောင်း၊ လာချင်(သို့မဟုတ်)
လန်ဆယ် ကျေးရွာသည် လက်ရှိ ဂျယန်ကျေးလက်ကျန်းမာရေးဌာနအောက်တွင် ရှိသည့် ရွာတစ်ရွာ ဖြစ်ပါကြောင်း၊
ဆော့လော်မြို့နယ်တွင် ဂျယန်ကျေးလက်ကျန်းမာရေးဌာန တစ်ခုတည်းသာရှိပြီး ၀န်ထမ်းအင်အား
၁၅ဦးဖြင့် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း။
လာချင်ကျေးရွာသည်
ဂျယန်ကျေးလက် ကျန်းမာရေးဌာနနှင့် ၉၅ မိုင်ခန့် ဝေးပြီး ခြေလျင်ခရီးဖြင့် သွားရပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင်လည်း အဆိုပါနေရာတွင် ရေဘေးနှင့်
သဘာဝဘေးဒဏ်များ ကြုံတွေ့ရသည့်ဒေသ ဖြစ်သည့်အပြင် တိုင်းဦးစီးမှူးမှ ကျေးလက်ကျန်းမာရေးဌာနခွဲ
၁ ခု အမြန်ဆုံး ဖွင့်လှစ်ရန် တင်ပြထားပါကြောင်း၊ ထို့ကြောင့် လာချင် (လန်ဆယ်) ကျေးရွာတွင်
ကျေးလက် ကျန်းမာရေးဌာနခွဲ ၁ခု ဖွင့်လှစ်ရန် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊
ရသုံးမှန်းခြေငွေ စာရင်း ဦးစီးဌာန ၊ အစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့
အစည်းအဝေးတွင် တင်ပြ၍ အမြန်ဆုံး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး၊
ဟင်္သာတ ခရိုင်၊ ဇလွန်မြို့နယ်၊ မြစ်ဝကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေး
ဌာနအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက
ဇလွန်မြို့နယ်၊ မြစ်ဝကျေးလက်ကျန်းမာရေးဌာနခွဲသည် ရေလဲကျေးလက်ကျန်းမာရေးဌာန အောက်တွင်ရှိသော
ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုဖြစ်ပြီး ကျေးရွာ ၂၂ရွာ၊ အိမ်ခြေ ၃၃၅၀ကျော်၊ လူဦးရေ ၁၅၀၀၀နီးပါးကို
ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန အဖြစ် ဖွင့်လှစ်ရန်
အခြေခံမူ ငါးချက်နှင့်လည်း ကိုက်ညီသည့်အပြင် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး
အနေဖြင့်လည်း ထောက်ခံတင်ပြထားသည့်အတွက် စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေး အဖွဲ့သို့
စာအမှတ်၊ ၈၁မခ (ဃ) ၂၀၁၇/၉၈၄၈ ဖြင့် ညှိနှိုင်း တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ဦးစားပေးအဖြစ်
အမြန်ဆုံး လုပ်ဆောင်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ မွန်ပြည်နယ်၊
သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်တွင် မြို့အဆင့်မီ ခေတ်မီအားကစားကွင်းနှင့် လေ့ကျင့်ရေးစင်တာတစ်ခု
တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက
သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်စီမံကိန်းတွင် စံချိန်မီ အားကစားကွင်းနှင့် လေ့ကျင့်ရေးစင်တာ
ဖော်ဆောင်ရန်အတွက် မြေကွက်ကွင်းအမှတ် ၅၁၃၊ မြေဧရိယာ အကျယ်အ၀န်း (ပေ၈၀၀ x ၆၀၀) မြေနေရာကို
မြေဂရန် ရရှိရေးအတွက် အဆင့်ဆင့် လုပ်ဆောင်ပြီးဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့် အနေဖြင့်
အမည်ပေါက်ဂရန် ရရှိရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ မြေစာရင်းပုံစံ၁၀၅၊ ၁၀၆ ရေးဆွဲခွင့်ရရှိရေးအတွက်
တင်ပြထားပြီးဖြစ်ပါကြောင်း၊ မြေဂရန်ရရှိလာပါက လုပ်ထုံး လုပ်နည်းများနှင့် အညီအမြန်ဆုံးဆောင်ရွက်ပေးသွားမည်
ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက်
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ
ဦးငွန်ဟေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက
ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက်
အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှု
ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)မှ ဦးသန်စိုး (ခ) သန်းစိုး (ဘောဂဗေဒ)နှင့်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင်တို့က ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင်က ယခုဥပဒေကြမ်းသည် ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်
သက်တမ်းကာလအတွင်း ပြီးပြည့်စုံအောင် ဆောင်ရွက် နိုင်ခြင်း မရှိသဖြင့် ကျန်ရစ်ခဲ့သည့်
ဥပဒေကြမ်းပေါင်း ၂၂ခုအနက် တစ်ခုအပါအ၀င် ဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်
လေးဦးက အထူးဂရုပြု လေ့လာပြီး ဝေဖန်ဖြည့်စွက် အကြံပြုခဲ့ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ
ဆန်းသစ်တီထွင်မှုများတွင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးမှုမရှိဘဲ နောက်ကျနေပါကြောင်း၊
ထိုသို့ ဖွံ့ဖြိုးမှုမရှိသည့်အတွက် ရိုးရိုးနာမည် မပေးဘဲ သိပ္ပံ၊ နည်းပညာဆန်းသစ် တီထွင်မှုဆိုင်ရာ
ဖွံ့ဖြိုးရေးဥပဒေဆိုသည့် ခေါင်းစဉ်ကို မုချမသွေသုံးစွဲရမည် ဖြစ်ပါကြောင်း၊ မူလအဆိုပြု
ပြဋ္ဌာန်းချက်နှင့် ပြည်သူ့လွှတ်တော် အတည်ပြုချက်အတိုင်း
ဆန်းသစ်တီထွင်မှု ဆိုပါက အားနည်းချက်များ ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း။
အဆိုပြု
ပြဋ္ဌာန်းချက်တွင် ပါဝင်သည့်အချက်ကို အမျိုးသားလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသူများ၏ အရည်အသွေး
မြင့်မားစေရန် ဆိုသည့် အချက်မှာ အတည်ပြုရမည့် အချက်ဖြစ်ပါကြောင်း၊ သို့သော် ပြည်သူ့
လွှတ်တော်က မူလအဆိုပြုချက်အတိုင်း ထားရှိပါကြောင်း၊ အားနည်းချက်များစွာရှိပါကြောင်း၊
အချက်အလက်ပေါင်း ၁၀၉ချက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကွဲလွဲချက် အချက်ပေါင်း
၅၄ချက် ရှိပါကြောင်း၊ တူညီသည်မှာ ၅၅ချက် ရှိပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည်
ဖြစ်ပါကြောင်း ပြောကြားသည်။
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို မေ ၁၅ရက်တွင် ဆက်လက်ကျင်းပသွားမည်
ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်
No comments:
Post a Comment