Thursday, May 10, 2018

သတင်းမီဒီယာအဖွဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြည်သူများအား လုံခြုံစိတ်ချရသော နေရာများသို့ ပြောင်းရွှေ့နေရာချထားရေး တို့ကို သိရှိနိုင်ရန် ကချင်ပြည်နယ်သို့ ရောက်ရှိ


မြစ်ကြီးနား မေ ၉
ကချင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေကြောင့် သွားလာရွေ့ပြောင်းမှု ခက်ခဲလျက်ရှိသော နေရာများမှ ပြည်သူများအား လုံခြုံစိတ်ချရသော နေရာများသို့ ပြောင်းရွှေ့နေရာ ချထားရေးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ စာတည်းမှူးချုပ် ဦးသာစိန် ဦးစီးသတင်းမီဒီယာအဖွဲ့ တစ်ဖွဲ့သည် ယနေ့နံနက် ၆နာရီ ၄၅ မိနစ်က  ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှနေ၍ ထွက်ခွာလာရာ နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိသည်။

သတင်းမီဒီယာအဖွဲ့သည် ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးခန်းမ (၁) တွင် ပြည်နယ်ဝန်ကြီးချူပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်၊ လူမှုရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဒေါက်တာ သင်းလွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်နှင့် တာဝန်ရှိသူများက ကချင်ပြည်နယ် အစိုးရအဖွဲ့ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများက  ကချင်ပြည်နယ်အတွင်းရှိ လက်တလော နေရပ် စွန့်ခွာတိမ်းရှောင်နေသော နေရာများသို့ လိုအပ်သလို စနစ်တကျစုဖွဲ့၍ ကွင်းဆင်းကြည့်ရှုခြင်း၊ လိုအပ်သည့် ကူညီထောက်ပံ့ ပေးမှုများ ဆောင်ရွက်ခြင်းနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအား ပြောင်းရွေ့ပေးနေမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်က “ပြီးခဲ့တဲ့ ဧပြီလလောက်ကစပြီး တပ်မတော်နဲ့ KIO နှစ်ဖက်ထိတွေ့မှု ဖြစ်တယ်။ အချို့ထိတွေ့မှု ဖြစ်တဲ့နေရာနဲ့ အဲ့ဒီအနီးအနားက သူတွေက လုံခြုံရေးအရ ခေတ္တတိမ်းရှောင်သူတွေ ရှိတယ်၊ အဲ့ဒီပြည်သူတွေကို ကျွန်တော်တို့ အစိုးရကော ၊ ကြက်ခြေနီ၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့တွေက တတ်နိုင်သလောက် ပံ့ပိုးကူညီကြပါတယ်။
ကျွန်တော်နာယကအဖြစ် ဦးဆောင်ပြီး လုပ်ငန်းဦးစီး ကော်မတီဖွဲ့တယ်။ နောက်လုပ်ငန်းကော်မတီ လေးဖွဲ့ ဖွဲ့ပါတယ်။ လက်တလော ဖြစ်ပွားတယ်ဆိုတဲ့ နေရာတွေကို စေလွှတ်ပါတယ်။ ဖြစ်နေတဲ့ အနေအထားကို လေ့လာတယ်။ ဖြစ်တဲ့နေရာက ရွာတွေရဲ့ အခြေအနေကို လေ့လာဖို့ စေလွှတ်ပါတယ်။ နေရာဒေသ မတူတဲ့အတွက် လေးဖွဲ့ခွဲ စေလွှတ်ပါတယ်။ ယခုအချိန်ထိ အကြမ်းဖျင်းလူဦးရေ လေးထောင်ကျော်လောက်ကို ကျွန်တော်တို့ ပြည်နယ် အစိုးရအနေနဲ့ သိန်းပေါင်း ၂၀၀၀ လောက် ထောက်ပံ့ထားပါတယ်” ဟု ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲ၊ မြစ်ဆုံကျေးရွာရှိ မာရီယာ ကောင်းကင်ဘုံသခင်မ ဘုရားကျောင်းသို့ သွားရောက်ကာ လတ်တလော အခြေအနေများကြောင့် ကျေးရွာများမှ နေရပ်စွန့်ခွာ တိမ်းရှောင်၍ ဘုရားကျောင်းသို့ ခေတ္တရွေ့ပြောင်းလာသူများနှင့် တွေ့ဆုံ မေးမြန်း၍ သတင်းရယူသည်။
မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲ၊ မြစ်ဆုံကျေးရွာရှိ မာရီယာကောင်းကင်ဘုံသခင်မ ဘုရားကျောင်းတွင် ကျေးရွာ ၁၈ ရွာမှ  လူဦးရေ ၁၂၀၀ ခန့် ရောက်ရှိနေပြီး ဧပြီ ၂၆ ရက်နေ့ကတည်းက စတင်ရောက် ရှိခြင်းဖြစ်ကြောင်း တန်ဖရဲ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ်စတီဖင် ဆွပ်မာဆွတ်အောင်ထံက သိရသည်။
 “ပုဂ္ဂလိက အလှူရှင်တွေ ရှိသလို အဖွဲ့အစည်းတွေကလည်း ပံ့ပိုးပါတယ်။ စားသောက်ရေးနဲ့ ရိက္ခာအတွက်ကတော့ နယ်စပ်ရေးရာ ၀န်ကြီးဌာနကလည်း ပံ့ပိုးပေးပါတယ်။ ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့ကလည်း လူတစ်ဦး တစ်ယောက်အတွက် အရေးကြီးတဲ့ ဆန်၊ ဆီ၊ ဆားနဲ့ အခြားအရာတွေ ကူညီပေးပါတယ်။ ကြက်ခြေနီ IRIC နဲ့ နိုင်ငံတကာအဖွဲ့တွေက ကူညီပါတယ်။ တစ်နေ့ကို ထမင်း နှစ် နှပ်ကျွေး ပါတယ်။ နေရပ်ပြန်ရေးအတွက်ကတော့ တိကျမှန်ကန်တဲ့ အာမခံချက်မရှိရင် မပြန်ရဲပါဘူး။ တောထဲမ၀င်ရဲဘူး” ဟု ဖာသာရ်စတီဖင် ဆွပ်မာဆွတ်အောင် ပြောသည်။
ဆက်လက်၍ သတင်းမီဒီယာအဖွဲ့သည် က၀ါးခ၊ နောင်နန်းကျေးရွာအုပ်စု တြီနတီနှစ်ခြင်း ဘုရားကျောင်းသို့ သွားရောက်၍ နေရပ်စွန့်ခွာတိမ်းရှောင်၍ ဘုရားကျောင်းသို့ ခေတ္တ ရွေ့ပြောင်းလာ သူများနှင့် တွေ့ဆုံသည်။
တြီနတီနှစ်ခြင်း ဘုရားကျောင်း သိက္ခာတော်ရဆရာတော် ဦးဒီလခေါင်က “လက်တလော ဒီမှာ လူ ၇၈၀ လောက်ရှိတယ်။ အင်ဂျန်းယန်ဘက်နေ ထပ်ပြီး မထွက်လာနိုင်တဲ့ သူတွေ ရှိသေးတယ်။ အင်ဂျန်းယန်း ဘုရားကျောင်းမှာတင် လူ  ၁၆၀ လောက်ရှိတယ် ပြောပါတယ်။ သူတို့ရဲ့ပြောပုံအရ ငြိမ်းချမ်းချင်တယ်။ သူတို့ရဲ့ နေရာဒေသမှာ အေးအေးချမ်းချမ်း ပြန်နေချင်ကြတယ်။ ကလေးတွေဆို စရောက်ကတည်းက မိုးချုပ်လာရင် အိမ်ပြန်ချင်တယ်လို့ ပြောကြတယ်” ဟုပြောသည်။
ယနေ့သွားရောက်သည့် ခေတ္တကယ်ဆယ်ရေး စခန်းများသို့ မီဒီယာအဖွဲ့နှင့်အတူ ပြည်နယ် လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ ပညာရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တို့မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
 (သတင်းစဉ်)

No comments:

Post a Comment