နေပြည်တော် မေ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ
သံအမတ်ကြီး H.E. Mr. Nicholas Coppel၊ Centre for Humanitarian Dialogue မှ
Myanmar Country Representative, Mr. Adam Cooper နှင့် ကချင် ပြည်နယ်မှ အမျိုးသမီးခေါင်းဆောင်များ၊
ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ နှင့် ငြိမ်းချမ်းရေးအတွက်
ကျား၊မ တန်းတူရေး မဟာမိတ်မှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့များ ယနေ့ မွန်းလွဲပိုင်းတွင်
အဆိုပါ ၀န်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ လာရောက် တွေ့ဆုံသည်။
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး
H.E. Mr. Nicholas Coppel နှင့်တွေ့ဆုံစဉ် သြစတြေးလျ နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်၊
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ လူသားချင်း စာနာမှု
အကူအညီ လိုအပ်နေသော သူများအား ကူညီထောက်ပံ့နိုင်ရန် အမေရိကန်ဒေါ်လာ (၁၃)သန်းအား လူသားချင်းစာနာကူညီမှုများ
ဆောင်ရွက်နေသော အဖွဲ့အစည်းမှတဆင့် ထောက်ပံ့ပေးသွားမည့်ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ
ပြန်လည်လက်ခံရေး အစီအစဉ်တွင် UNHCR နှင့် UNDP တို့ ပူးပေါင်း ပါဝင်နိုင်ရေး နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးမည့် ကိစ္စ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် (၂)နိုင်ငံ ပူးတွဲလုပ်ငန်း အဖွဲ့၏ ဒုတိယအကြိမ်
အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် မေ(၁၇) ရက်တွင် ကျင်းပမည့်ကိစ္စ၊ UEHRD
၏ လုပ်ငန်းအဖွဲ့ (၁၁)ဖွဲ့မှ တဆင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ Centre for Humanitarian Dialogue
နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်မည့် စီမံကိန်း (၃)ခုနှင့်
စပ်လျဉ်း၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်များအား ကနဦး အကောင်အထည်
ဖေါ်မည့် စံပြမြို့နယ်တစ်ခု ရွေးချယ် သတ်မှတ်ရေးကိစ္စ စီမံကိန်း အကောင်အထည်ဖေါ်ရေးအတွက်
လုပ်ငန်းအဖွဲ့နှင့် အကောင်အထည် ဖေါ်ဆောင်ရေး အဖွဲ့အား သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ
တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းသွား မည့် ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်မှ အမျိုးသမီးခေါင်းဆောင်များ၊
ကချင်ပြည်နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက်
ကျား၊ မ တန်းတူရေး မဟာမိတ်မှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း
လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ပြည်သူများအား လူသားချင်းစာနာကူညီမှုများ
ထောက်ပံ့နိုင်ရေး၊ အခြားသော နေရာများတွင် ခိုလှုံနေသော နေရပ်စွန့်ခွာ ပြည်သူများအား
လုံခြုံစိတ်ချ၍ အထောက်အပံ့များရရှိမည့် ယာယီခိုလှုံရေးစခန်းများ ထားရှိနိုင်ရေး၊ လူမှုအဖွဲ့အစည်းများမှ
နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စရပ်များအား
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment