နေပြည်တော် မေ ၁၁
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏
ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) ကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
တက်ရောက်၍ အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယခုညှိနှိုင်း အစည်းအဝေးကို ယခင် အစည်းအဝေးများနည်းတူ
ရေနှင့်ဆက်နွယ်သော ကဏ္ဍများဖွံ့ဖြိုး တိုးတက်ရေး၊ ရေအရင်းအမြစ်များ ကို ထိရောက်စွာ စီမံခန့်ခွဲရေးနှင့်
အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိရောက်အကျိုးရှိစွာ
ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့အတွက် အထောက်အကူပြုနိုင်ရန်၊
ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာလုပ်ငန်း
အကောင်အထည်ဖော် ဆောင်ရွက် မှုများနှင့် ပတ်သက်၍ အခက်အခဲများရှိပါက ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ရန်အတွက် ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်ပြီး ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးနိုင်ရန်
ကျင်းပရခြင်း ဖြစ်ပါကြောင်း။
ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်
ညှိနှိုင်းအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု အောင်မြင်စွာ
အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ဆောင်ရွက် လျက်ရှိသည့်
လုပ်ငန်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ တိုင်းဒေသကြီးများနှင့်
ပြည်နယ်များမှ ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းလိုအပ်ချက်များ၊ ဝန်ကြီးဌာနများ၊
အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကော်မတီဝင်များမှ
ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည့်အတွက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ
အဆင်ပြေချောမွေ့မှုနှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ သတ်မှတ်ရာတွင် များစွာအထောက်အကူပြု
နိုင်ခဲ့ပါကြောင်း။
ရေဆိုင်ရာလုပ်ငန်းများသည်
နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လုပ်ငန်းများဖြစ်သည့်အတွက် မှန်ကန်
သော အကျိုး ရလဒ်များရရှိစေရန် ရန်ကုန်ကြေညာစာတမ်းနှင့် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသည့်
ရေရှည် ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များ (Sustainable Development Goals) ကို
ဆက်လက်ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
၂၀၁၈ ခုနှစ် မတ်လအတွင်း
ဘရာဇီးနိုင်ငံ ဘရာစီးလီးယား (Brasilia) မြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ်
သို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့်
တတိယအကြိမ် အာရှ - ပစိဖိတ် ရေညီလာခံ ၏ ရလဒ်များကို တင်ပြခွင့်ရခဲ့သည့်အပြင် ကမ္ဘာ့ရေဖိုရမ်၏
ဝန်ကြီးအဆင့် ကြေညာစာတမ်း၌ မြန်မာနိုင်ငံ၏ပါဝင်မှုကို ထည့်သွင်းဆွေးနွေးခွင့်ရရှိခဲ့ပါကြောင်း၊
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရေနှင့် သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်
ကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ရေနှင့် ဆက်နွယ်သည့်
ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဝင်များအနေဖြင့်
နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် လုပ်ငန်းများ အကောင်အထည်ဖော်
ဆောင်ရွက်ရာတွင် မိမိတို့ စီမံအုပ်ချုပ်လျက်ရှိသည့် ဝန်ထမ်းများပါ တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်စေရန်
အလေးထားပြီး ကြိုးပမ်းဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
မိမိတို့ ကော်မတီအနေဖြင့်
ရေဆိုင်ရာအခန်းကဏ္ဍတွင် ရေရှည်တည်တံ့သော ရေစီမံခန့်ခွဲမှုနှင့် ရေအသုံးချမှု ဖြစ်ပေါ် စေရေး၊
တိုင်းရင်းသားပြည်သူလူထုအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရေး၊ ရေနှင့် ဆက်နွယ်သော
သဘာဝဘေး အန္တရာယ်များ လျော့ပါးသက်သာစေရေး၊ နယ်စပ်ဖြတ်ကျော်မြစ်များတွင် အိမ်နီးချင်းနိုင်ငံများအကြား
ပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ရေး၊ နည်းပညာများရယူပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး၊
ရေဆိုင်ရာ အချက်အလက်များ စုစည်းပြုစုပြီး ပြန်လည်ဖြန့်ဝေရေးတို့အတွက် ပံ့ပိုးပါဝင်ဆောင်ရွက်သွားကြရမည်
ဖြစ်ပါကြောင်း။
နိုင်ငံတကာ အဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်နေသည့် ရေအရင်း အမြစ်ဘက်စုံ စီမံခန့်ခွဲမှုနှင့် ဆက်နွယ်သည့် လုပ်ငန်းများ၊
စွမ်းဆောင် ရည်မြှင့်တင်မှု လုပ်ငန်းများနှင့်ပတ်သက်ပြီးလည်း နိုင်ငံတော်နှင့် ပြည်သူများ၏
လိုအပ်ချက်နှင့် ကိုက်ညီပြီး အမှန်တကယ် ထိရောက် အကျိုးရှိစေမည့် လုပ်ငန်းများကိုသာ
ဦးစားပေးညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအပြင်
အာဆီယံ လန်ချန်း - မဲခေါင် စသည့်ဒေသတွင်း နိုင်ငံများနှင့် ဆက်နွယ်သည့် ရေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း
လိုအပ်သည့် ရှေ့လုပ်ငန်းစဉ်များ၊ စီမံကိန်းများအတွက် ပြင်ဆင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာဝန်ကြီးဌာန
အဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
အမျိုးသားအဆင့် ရေအရင်းအမြစ်
ကော်မတီဝင်များကို မိမိတို့ ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ရေနှင့်ဆက်နွယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အခြားဝန်ကြီးဌာန အဖွဲ့အစည်းများ
နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အကြံပြုချက်များကို ယခုအစည်းအဝေးမှာ တက်တက်ကြွကြွ
ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုပါကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံနှင့် ပြည်သူများအတွက်
ပိုမိုအကျိုးရှိစေမည့် ထိရောက်သော ရေအရင်း အမြစ် ဘက်စုံစီမံခန့်ခွဲမှုစနစ် အောင်မြင်စွာ
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဘက်ပေါင်းစုံမှ တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်
လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီ
ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က
မြစ်ချောင်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
မြစ်ကူးတံတားကြီးများ ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် စစ်ဆေးခြင်း၊ မြစ်ရေအရည်အသွေး
စောင့်ကြည့်လေ့လာခြင်း၊ မိုးလေ၀သနှင့် ဇလဗေဒ ဆိုင်ရာ အချက်အလက်များ တိုင်းတာ၍ အများပြည်သူသို့
ထုတ်ပြန်ခြင်း၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ခြင်းနှင့် ဆိပ်ကမ်းလုပ်ငန်းများ
ကြီးကြပ်ဆောင်ရွက်ခြင်း၊ ရေယာဉ်များနှင့် ခရီးသည်များ အန္တရာယ် ကင်းရှင်းရေးအတွက် ကြီးကြပ်
ဆောင်ရွက်ခြင်း၊ ရေကြောင်းသယ်ယူ ပို့ဆောင်ရေးနှင့် ဆက်နွယ်သည့် ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးခြင်း၊
ဧရာဝတီ မြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ပုဂံဒေသ၌ မိုးရေ စုဆောင်းမှုဆိုင်ရာစနစ်
(Rainwater Harvesting System) စသည့် ရေနှင့်သက်ဆိုင်သည့် ကဏ္ဍများတွင် အလေးထား အကောင်အထည်ဖော်
ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အမျိုးသားအဆင့်
ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကော်မတီ အတွင်းရေးမှူး ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက
ရှင်းလင်းတင်ပြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်ဝင်းနှင့် ဦးအုန်းဝင်း၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ အမျိုးသားရေအရင်းအမြစ် ကော်မတီဝင်များ၊ အကြံပေးအဖွဲ့နှင့် ဌာနဆိုင်ရာကျွမ်းကျင်သူအဖွဲ့တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်ဝင်းနှင့် ဦးအုန်းဝင်း၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ အမျိုးသားရေအရင်းအမြစ် ကော်မတီဝင်များ၊ အကြံပေးအဖွဲ့နှင့် ဌာနဆိုင်ရာကျွမ်းကျင်သူအဖွဲ့တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အမျိုးသားအဆင့်
ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး
မိမိတို့ကော်မတီအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များကို
စီမံခန့်ခွဲနိုင်ရန်အတွက် ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများအလိုက် ပုံမှန်ဆောင်ရွက်နေသော
လုပ်ငန်းတာဝန်များအပြင် ရေနှင့် ဆက်နွယ်နေသည့် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအတွက်ကိုလည်း
ပံ့ပိုးပါဝင်ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ ယနေ့အစည်းအဝေးမှ ရရှိလာသည့် ဆွေးနွေးချက်များနှင့်
အကြံပြုချက်များသည် မိမိတို့ နိုင်ငံ၏ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု၊ ရေနှင့်ဆက်နွယ်သော
လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အထောက် အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း
နိဂုံးချုပ်အမှာစကားပြောကြားသည်။
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့်
ရန်ကုန်ကြေညာစာတမ်းနှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ
ရေသယံဇာတ ဆယ်စုနှစ် (၂၀၁၈ - ၂၀၂၈) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ရေဥပဒေ မူကြမ်း
ပြုစုခြင်း၊ ဆည်ရေလှောင်တမံများ၏ ရေဝေရေလဲထိန်းသိမ်းခြင်း လုပ်ငန်းနှင့် ရေဝေရေလဲ သစ်တောစိုက်ခင်းများ
စိုက်ပျိုးထိန်းသိမ်းခြင်း၊ သဘာဝရေထွက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်
ပြည်နယ်အလိုက် စာရင်းကောက်ယူပြီး ဦးစားပေးအဆင့်အလိုက် ကာကွယ်ထိန်းသိမ်းခြင်း၊ သံလွင်မြစ်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစ်ဝှမ်းဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်
ညှိနှိုင်းဆောင် ရွက်ခြင်း၊ မြစ်များ၏ အရည်အသွေး တိုင်းတာစစ်ဆေးခြင်းနှင့် ရေထုညစ်ညမ်းမှု
ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ အကြား အချက်အလက်များ မျှဝေခြင်းနှင့်
ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း၊ အမျိုးသားမိုးရေခံလှုပ်ရှားမှုနှင့် သြစတြေးလျ နှင့်
ပူးပေါင်းဆောင်ရွက် မည့်လုပ်ငန်းများ၊ လူငယ်ရေပညာရှင် လေ့ကျင့်မွေးထုတ်ရေး စသည်တို့ကို
ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref; Myanmar
President Office

No comments:
Post a Comment