Friday, May 11, 2018

ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ


နေပြည်တော် မေ ၁၁
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြည်ထောင်စု ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါနယ်မြေရှိ အားကစား လေ့ကျင့်ရေးစခန်း၊ Cluster-3, Building (7) ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းတို့က ဖဲကြိုးဖြတ်ပြီး စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

အဆိုပါ ရုံးဖွင့်ပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဖွဲ့စည်းရခြင်းမှာ ဥပဒေဆိုင်ရာ အထောက်အကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှမှု အခွင့်အရေးများ ရရှိစေရန်၊ ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်တို့ကို ဆောင်ရွက်ရာ၌ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု၊ စိတ်ကောင်း စေတနာထားရှိမှုတို့ကို အခြေခံ၍ ထိရောက်သည့် ဥပဒေဆိုင်ရာ အထောက်အကူ ရရှိစေရန်၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများ ကို အများပြည်သူ သိရှိနားလည် ကျင့်သုံးလာစေရေးအတွက် ပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန်၊ ပြစ်မှုဆိုင်ရာ ဥပဒေပြဿနာများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာပြီး တရားမျှတမှု ရရှိစေခြင်းဖြင့် တရားဥပဒေ စိုးမိုးမှုနှင့် တရားဥပဒေအပေါ် ယုံကြည်မှု ပိုမိုမြင့်မားလာစေရန်၊ ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ် ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်းထောင်များ၌ မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့်ကာလ လျော့ကျစေရန်နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်စေရန်၊ အမှုများကို မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေးအတွက် အထောက်အကူပြုရန်၊ မှုခင်းကြိုတင် ကာကွယ်ရေးကို အထောက်အကူ ပြုစေရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment