Sunday, May 20, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဖလမ်းနှင့် ဟားခါး မြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု




နေပြည်တော် မေ ၂၀


ချင်းပြည်နယ် ဖလမ်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ် နှင့် ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ ၁၉ ရက်တွင် ဖလမ်းနှင့် ဟားခါးမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု သည်။



နံနက်ပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဖလမ်းမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိပြီး ဆေးဝါးကုသမှု ခံယူနေကြသည့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။


ထို့နောက် ဒုတိယသမ္မတသည် ဆေးရုံဝန်ထမ်းအိမ်ရာ တည်ဆောက်မည့်နေရာ၊ သူနာပြု သင်တန်းကျောင်း ခန်းမ တည်ဆောက်နေမှု တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဒေသခံ ပြည်သူများအား နိုင်ငံတော်မှ ထိရောက်ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ယခုကဲ့သို့ ဆေးရုံများ အဆင့်မြှင့်တင်ပေးခြင်းနှင့် သူနာပြုသင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို လေလွင့်မှုမရှိအောင် စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဖလမ်းမြို့နယ် တလန်းဇာရ်ကျေးရွာ အနီးရှိ လိုင်ဗား တမံ (အောက်တမံ) တည်ဆောက်မည့် နေရာကို ကြည့်ရှုစစ်ဆေးသည်။


ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လိုင်ဗားရေလှောင်တမံ ရှင်းလင်း ဆောင်သို့ ရောက်ရှိရာ ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးခင်ဇော်က ဖလမ်းမြို့ ရေပေးဝေနိုင်ရေးအတွက် လိုင်ဗားတမံ (အောက်တမံ) စီမံကိန်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက စီမံကိန်းလုပ်ငန်းများကို စနစ်တကျ သေချာ တိုင်းတာ စစ်ဆေးသွားရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ ဘဏ္ဍာငွေကို လေလွင့်မှု မရှိဘဲ ဒေသခံပြည်သူများအား တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဖလမ်းမြို့ ရေပေးဝေနိုင်ရေးအတွက် လိုင်ဗားတမံ (အောက်တမံ) တည်ဆောက်ရေး အတွက် စူးစမ်းလေ့လာခဲ့ရာ လက်ရှိ လိုင်ဗားရေလှောင်တမံ၏ အောက်ဘက် ၁ ဒသမ ၅ မိုင် အကွာနေရာ၌ ရေဆင်းဧရိယာ ၂ ဒသမ ၅ စတုရန်းမိုင်၊ နှစ်စဉ်ပျှမ်းမျှ စီးဝင်ရေ ၄၈၂၀ ဧကပေ စီးဝင်နိုင်ပြီး ရေဂါလန် ၁၆၂ သန်းမှ ၂၁၆ သန်းအထိ သိုလှောင်နိုင်မည့်နေရာကို ရှာဖွေတွေ့ရှိ ခဲ့သည်။
ယင်းသိုလှောင်ပမာဏသည် ဖလမ်းမြို့နယ်အတွင်းရှိ ပြည်သူ နှစ်သောင်းခွဲကျော် နေ့စဉ် လိုအပ်လျက်ရှိသည့် ရေဂါလန် ၃ သိန်းမှ ၈ သိန်း လိုအပ်ချက်ကို လုံလောက်စွာ ဖြန့်ဝေပေးနိုင် မည့်အပြင် တမံအနီးတွင် ချင်းပြည်နယ်၏ အထင်ကရ ဇိန်မှုတောင် တည်ရှိသဖြင့် သဘာဝ ပတ်ဝန်းကျင် အခြေပြု ခရီးသွားလာမှု တိုးတက်လာနိုင်ခြင်း၊ အပန်းဖြေစခန်းများ၊ အရောင်းဆိုင် များ တည်ဆောက်၍ ဒေသထွက် ရိုးရာပစ္စည်းများနှင့် အစားအစာများ ထုတ်လုပ်ရောင်းချနိုင် သည့်အပြင် ဒေသနေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာ မည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဇိန်မှုတောင် အမျိုးသားဥယျာဉ် ဖွဲ့စည်းသတ်မှတ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် ဇိန်မှုတောင်ပေါ်သို့ ရောက်ရှိလေ့လာပြီး သဘာဝ ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေဥယျာဉ် တည်ဆောက်သွားနိုင်ရေးနှင့် ဇိန်မှုတောင်ပေါ်ရှိ လိုင်သီလီရေကန်အား ရာသီမပြတ် ရေသိုလှောင်နိုင်ရန် မြေသားတမံနှင့် ရေပိုလွှဲများ တည်ဆောက်နိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားသည်။
ဇိန်မှုတောင် အမျိုးသားဥယျာဉ်သည် ချင်းပြည်နယ် ဟားခါးခရိုင် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းခရိုင် ဖလမ်းမြို့နယ်တို့ဆုံရာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၈၆၀၀ ခန့်တွင် တည်ရှိသည်။ ချင်းပြည်နယ်၏ တတိယ အမြင့်ဆုံးတောင်ဖြစ်၍ ရာသီဥတု သာယာချိန်တွင် ချင်းပြည်နယ် မြောက်ပိုင်းတစ်ခွင်ကိုလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့ ကိုလည်းကောင်း မြင်တွေ့နိုင်ကြောင်း သိရသည်။ ဇိန်မှုတောင် ကလပ်တွင် သဘာဝအလျှောက် တည်ရှိနေသော နတ်ရေကန်ဟု တင်စားခေါ်ဝေါ်သည့် ဒေသအခေါ် လိုင်သီလီ ရေကန်တည်ရှိသည်။ ဇိန်မှုတောင်ပေါ်ရှိ လိုင်သီလီရေကန်ကို ရာသီမပြတ် ရေသိုလှောင်နိုင်ရန် အတွက် မြေသားတမံနှင့် ရေပိုလွှဲများ တည်ဆောက်သွားမည့်အပြင် သဘာဝခရီးသွားနေရာများနှင့် အပန်းဖြေ အနားယူဥယျာဉ်များကို မူလသဘာဝပတ်ဝန်းကျင် မပျက်စေဘဲ ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်သည်။ ရေလှောင်တမံ တည်ဆောက်ပြီးပါက ချင်းပြည်နယ် သာမက မြန်မာနိုင်ငံတွင် အမြင့်ပေ ၇၆၀၀ အထက်၌တည်ရှိသော ပထမဆုံးသော ရေကန်အဖြစ် မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


ချင်းပြည်နယ်အတွင်း သစ်တောဦးစီးဌာန အနေဖြင့် ဟားခါးခရိုင် ထန်တလန်မြို့နယ်၌ ကျီရီးယန်းတောင် အမျိုးသားဥယျာဉ် ဧရိယာစတုရန်း မိုင် ၁၃ ဒသမ ၁၀ ဧကနှင့် ဗွေပါးတောင် အမျိုးသားဥယျာဉ် ဧရိယာစတုရန်းမိုင် ၆၈ ဒသမ ၀၂ ဧက၊ ဟားခါးမြို့နယ်ရှိ ဇိန်မှုတောင် အမျိုးသားဥယျာဉ် ဧရိယာစတုရန်းမိုင် ၃၁ ဒသမ ၁၅ ဧက၊ ထန်တလန်မြို့နယ်ရှိ မီအေပီတောင် အမျိုးသားဥယျာဉ် ဧရိယာစတုရန်းမိုင် ၁၉ ဒသမ ၃၀ ဧက၊ ဟားခါးမြို့နယ်ရှိ မှုန်တောင် သဘာဝထိန်းသိမ်းရေးနယ်မြေ ဧရိယာစတုရန်းမိုင် ၂ ဒသမ ၂၀ ဧက၊ ထန်တလန်မြို့နယ်ရှိ စာမွှန်းတောင် အမျိုးသားဥယျာဉ် ဧရိယာစတုရန်းမိုင် ၄၄ ဒသမ ၃၀ ဧကနှင့် ဖလမ်းခရိုင် တီးတိန်မြို့နယ်ရှိ လေသာတောင် အမျိုးသားဥယျာဉ် ဧရိယာစတုရန်းမိုင် ၃၆ ဒသမ ၆၆ ဧက တို့ကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


ယင်းနောက် ဟားခါးမြို့ ဟားခါးပညာရေးကောလိပ် တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ဆောက်လုပ်ရေး ၀န်ကြီးဌာန အဆောက်အဦ အထူးအဖွဲ့(၉)မှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေနှင့် တာဝန်ရှိသူများက ကျောင်းဆောင်များ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ သင်တန်းများ ဖွင့်လှစ်နေမှုနှင့် သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပေါင်းစပ်ညှိနှိုင်းပေးပြီး ဟားခါးပညာရေးကောလိပ် တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်နှင့် ဟားခါးမြို့ သားဖွား သင်တန်းကျောင်း တည်ဆောက်မည့်နေရာတို့ကို လှည့်လည်ကြည့်ရှုသည်။
ထိုမှတစ်ဆင့် ဟားခါးမြို့ ဟားခါးထာရ်အပိုင်း(၁)တွင် အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် လူဦးရေ ၆၅၀ ကျော် ခိုလှုံနိုင်မည့် သဘာဝဘေး ဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံ တည်ဆောက်နေမှုနှင့် ပြည်သူ့ကျန်းမာရေးခရိုင် ဦးစီးမှူးရုံး RC ၄ ထပ် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။


ထိုသို့ လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် ဒုတိယသမ္မတက ယခုကဲ့သို့ နိုင်ငံတော်မှ ဘဏ္ဍာငွေ အကုန်အကျခံ၍ ဒေသခံ ပြည်သူများအတွက် ဆောင်ရွက်ပေးနေခြင်းကို ထိထိရောက်ရောက်နှင့် အကျိုးရှိအောင် စနစ်တကျ အသုံးပြုသွားရမည် ဖြစ်ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စီမံကိန်းနယ်မြေအတွင်း၌ မူလရှိသည့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် အလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် ဟားခါးမြို့သစ်ရပ်ကွက်၌ မြေထိန်းနံရံများအား ဗတီဘာမြက်မျိုး စိုက်ပျိုးထား မှုကို ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) တည်ဆောက်ရေး စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ အားကစားနှင့် ကာယပညာသိပ္ပံ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက မြေနေရာရရှိမှု၊ ကျောင်းအဆောက် အအုံများနှင့် လေ့ကျင့်ရေးဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်သွားမည့် အစီအစဉ်၊ သင်ကြားပေးမည့် အားကစားနည်းများ ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက စီမံကိန်းလုပ်ငန်းများကို သတ်မှတ်အချိန်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားရန်နှင့် သင်တန်းကျောင်းသို့ ဆက်သွယ်သည့် လမ်းအား ကောင်းမွန်အောင် ဆောင်ရွက်ရန် ပြောကြားသည်။


အားကစားနှင့် ကာယပညာ သိပ္ပံများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ လွိုင်ကော်နှင့် မုံရွာ တို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ချင်းပြည်နယ် အတွင်းမှ အလားအလာရှိသော အားကစားသမားများကို ဖော်ထုတ်ရွေးချယ်၍ ခေတ်မီ အားကစား နည်းစနစ်များကို သင်ကြား လေ့ကျင့်ပေးပြီး မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်ရန်အတွက် ဟားခါးမြို့ အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး)ကို တည်ဆောက်ဖွင့်လှစ် သွားမည်ဖြစ်သည်။
ဆက်လက်၍ ဟားခါးမြို့ မြို့ဟောင်းနှင့် ဈေးဟောင်း ရပ်ကွက်အကြား သဘာဝဘေး ကာကွယ်ရေးအတွက် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေဖြင့် ဟောက်ဆန်းဗားချောင်းအား ကွန်ကရစ်မြေထိန်း ရေမြောင်းသွယ်တန်း ဖောက်လုပ်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးဝါးကုသမှု ခံယူနေသည့် ဒေသခံ ပြည်သူများအား အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်သည်။


ဆက်လက်၍ ဆေးရုံကြီးအတွင်း၌ ခုတင် ၅၀၀ ဆံ့ ဆေးရုံအဖြစ် ရည်မှန်းပြီး တည်ဆောက်နေသည့် လူနာဆောင်များနှင့် ၀န်ထမ်းအိမ်ရာ လျာထားနေရာများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ဆောင်ရွက်မည့် လုပ်ငန်းများအတွက် မြေနေရာ လုံလောက်မှု ရှိ၊ မရှိ ကို လည်း စိစစ်ဆောင်ရွက်သွားရန် မှာကြားသည်။


ထို့နောက် ချင်းပြည်နယ် လွှတ်တော်ရုံး တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။


ချင်းပြည်နယ် လွှတ်တော်ရုံးကို နိုင်ငံတော်မှ ခွဲဝေရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ယင်းနောက် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ရှိ ဟားခါးကောလိပ်သို့ ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ အထူးအဖွဲ့(၉)မှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ဆွေနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာအေးအေးငွန် တို့က ကျောင်းဆောင်သစ်များ တိုးချဲ့တည် ဆောက်နေမှု၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စာသင်နှစ်အလိုက် သင်ကြား ပို့ချနေမှု၊ နည်းပညာ တက္ကသိုလ် တည်ဆောက်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

No comments:

Post a Comment