Thursday, April 12, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များအား တွေ့ဆုံ

              
နေပြည်တော်၊ ဧပြီ ၁၂
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင်၌  တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့် အရေးတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ရှိပါကြောင်း၊ အဆိုပါ အချက်များမှ တစ်စုံတစ်ခုကို ချိုးဖောက်ခြင်းခံရပါက  အခြားအချက်များကို ချိုးဖောက်ခံရသည်နှင့် တူညီပါကြောင်း၊ လူ့အခွင့်အရေးသည် နက်နဲ ကျယ်ပြန့် ပါကြောင်း၊ နိုင်ငံသားများ၏ မူလလူ့အခွင့် အရေးသည် မည်သူတစ်ဦး တစ်ယောက်က ပေးသည့် အခွင့် အရေးများ မဟုတ်ဘဲ မွေးရာပါ အခွင့်အရေးများ ပင်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက် အချို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု တရားစီရင်ရေးဥပဒေ၊ ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေ၊ တရားရုံးများလက်စွဲနှင့် တည်ဆဲ ဥပဒေတို့တွင် ပါရှိပြီးဖြစ်ပါကြောင်း၊ လူ့ အခွင့်အရေးကို လေးစားလိုက်နာခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီအခွင့် အရေးတို့သည် ကျွဲကူး ရေပါသလို ရရှိပြီးဖြစ်ပါကြောင်း။
ရဲအချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် ရဲဘက်စခန်းများတွင် အချုပ်သား အကျဉ်း သားများ လူ့အခွင့်အရေး ချိုးဖောက်မှုမခံရစေရေးနှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိ စေရေး အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တရားဥပဒေမဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုများကို နိုင်ငံသူ နိုင်ငံသားများနှင့် နောင်မျိုးဆက်များ မခံစားရစေရေးအတွက် လူ့အခွင့် အရေးကော်မရှင်အနေဖြင့် ပိုမိုအရှိန်မြှင့်တင်၍ တည်ဆဲဥပဒေများနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက် စေလိုပါကြောင်း၊ နိုင်ငံသားအားလုံး မွေးရာပါလူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ရရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်များ၊ ကွန်ဗင်းရှင်းပါအချက်များ၊ တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နေမှု၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းကို တိုင်းရင်းသား ဘာသာ များဖြင့် ဘာသာပြန်ဆိုနေမှု၊ ကော်မရှင်၏ ဖွဲ့စည်းပုံ ပြင်ဆင်ဆောင်ရွက်နေမှု၊ ကော်မရှင်၏ အသိပညာပေး ဆောင်ရွက် မှုများနှင့် သင်တန်း ဖွင့်လှစ်ပို့ချမှု အခြေအနေများ၊ စုံစမ်းစစ်ဆေး ဆောင်ရွက်နေမှု အခြေ အနေများ၊ တွေ့ကြုံရ သည့်အခက်အခဲများနှင့် အာဆီယံအပါအ၀င်နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေ အနေများကှို ရှင်းလင်းတင်ပြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးယုလွင်အောင်၊ ဦးညွန့်ဆွေ၊ ဦးခင်မောင်လေးနှင့် ဦးစိုးဘုန်းမြင့် တို့ တက်ရောက် ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment