Thursday, April 12, 2018

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြ၀တီ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ


မြ၀တီ ဧပြီ ၁၂
ကရင်ပြည်နယ် မြ၀တီမြို့၌ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ယနေ့နံနက် ၉ နာရီတွင် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက်၊ သောင်ရင်းခန်းမ၌ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဲဆန္ဒရှင် ပြည်သူ များနှင့် တွေ့ဆုံ သည်။

တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယခုကဲ့သို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံရသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ လွှတ်တော်နားသည့်ကာလအတွင်း လွှတ်တော်တွင် ဆောင်ရွက်ခဲ့သည့် ကိစ္စ ရပ်များကို ပြည်သူများ သိရှိနိုင်စေရန် အသိပေးပြောကြားသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ၂ နှစ်တာ ကာလအတွင်း အသစ်ပြဋ္ဌာန်း သည့် ဥပဒေ ၂၄ ခု၊ ပြင်ဆင်သည့် ဥပဒေ ၂၄ခု၊ ရုပ်သိမ်းသည့် ဥပဒေ ၉ခု စုစုပေါင်း ၅၇ ခုကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သတ္တမအကြိမ် အစည်း အဝေး ကာလ အတွင်း သမ္မတသစ် ရွေးချယ် တင်မြှောက်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ရပါကြောင်း။
အမျိုးသားလွှတ်တော်တွင် ကော်မတီ ၁၇ ခုရှိပြီး ကော်မတီတစ်ခုချင်းစီ အလိုက် သက်ဆိုင်ရာ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် ၂ နှစ်တာကာလအတွင်း အဆို ၁၅ ခု တင်သွင်း ခဲ့ရာတွင် ၈ ခု အတည်ပြုပေး နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အတွက်များစွာ အကျိုးရှိသည့် အဆိုနှင့် မေးခွန်းများကို လည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော် နားရက်များတွင် မိမိတို့ ဒေသ၏ လိုအပ်ချက်များကို ရှာဖွေကာ လွှတ်တော်ကျင်းပချိန်တွင် ပြည်သူတို့၏ အသံကို လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများဖြင့် ပြည်သူလူထုအတွက် ဆောင် ရွက်ပေးရပါကြောင်း၊ မိမိအနေဖြင့်လည်း ယခုကဲ့သို့  လွှတ်တော်နားရက်တွင် မဲဆန္ဒရှင် ပြည်သူများ၏ အသံများကို နားစွင့်ကာ အခက်အခဲများကို မိမိတတ်နိုင်သည့်ဘက်မှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက  ဒေသဖွံ့ဖြိုးရေး လိုအပ် ချက်များကို ရှင်းလင်းတင်ပြမေးမြန်းကြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တတ်ရောက်လာသူများအနေဖြင့် မိမိတို့၏ခံစားချက်များ၊ အကြံပြုချက်များကို  ပြောကြားပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ယခုလို ပြောကြား ပေးသည့် အတွက် အောက်ခြေရှိ အဖြစ်အပျက် များကို သိရှိနိုင်ပြီး လိုအပ်သလို ဆောင် ရွက်ပေး နိုင်မည် ဖြစ် ပါကြောင်း၊ မိမိ အနေဖြင့်လည်း အကြံပြုချက်များကို မှတ်သား၍ အတတ်နိုင်ဆုံး ဆောင်ရွက်ပေး သွားမည် ဖြစ်ပါ ကြောင်း နိဂုံးချုပ်စကားပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲအပြီးတွင်  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ က ဒေသခံပြည် သူများ အား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။                
(သတင်းစဉ်)

No comments:

Post a Comment