Tuesday, April 10, 2018

မဟာသင်္ကြန်ကာလ ပြည်သူများ စိတ်အေးချမ်းသာယာစွာ ပျော်ရွှင်နိုင်စေရေးနှင့် တရားဘာဝနာပွားများနိုင်စေရေးအတွက် စည်းကမ်းမဲ့ ဆူညံ အိတ်ဇောဖွင့် ဆိုင်ကယ်များ ဖမ်းဆီးခြင်းနှင့် အိတ်ဇောပိုက်များ ဖျက်စီးခြင်း ပြုလုပ်



ကျောက်ပန်းတောင်း ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မဟာသင်္ကြန် ကာလအတွင်း ပြည်သူများ စိတ်အေးချမ်း သာယာစွာ ပျော်ရွှင်နိုင်စေရေးနှင့် တရားဘာဝနာပွားများလိုသူများ စိတ်အနှောက်အယှက် မဖြစ်စေရေးတို့အတွက်၊ စည်းကမ်းမဲ့ အိတ်ဇောဖွင့် ဆိုင်ကယ်များ ဖမ်းဆီးခြင်းနှင့် အိတ်ဇော်ပြောင်းများ ဖျက်စီးခြင်းကို၊ ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


၏ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုတို့၏ ဦးဆောင်မှုဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်(၉၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်သျှန်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နံနက်(၉)နာရီမှ စတင်၍ ကျောက်ပန်းတောင်းမြို့ ဈေးပတ်ဝန်းကျင်ရှိ မော်တော်ဆိုင်ကယ်များအား စစ်ဆေးခြင်း၊ ရန်ကုန်-ပြည်-မန္တလေး လမ်းမကြီး တစ်လျှောက် လမ်းဘေးဝဲ/ယာမှ ဆိုင်ကယ်ပြုပြင်သည့်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဝင်ရောက်၍ အိတ်ဇောပြောင်း ဆိုင်ကယ်များအား ရှာဖွေဖမ်းဆီးခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို နံနက်(၁၀) နာရီ (၃၀) မိနစ်အထိ မြို့တစ်ပတ် ဆောင်ရွက်ခဲ့ကြပြီး နံနက်(၁၁)နာရီ (၁၅) မိနစ်တွင် ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေး ရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့ မော်တော်ကားလမ်းဘေးတွင် စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်များမှ ဖမ်းဆီးဖြုတ်သိမ်းပြီးဖြစ်သော ပုံမှန်မဟုတ်သည့် ပါဝါပြောင်း၊ ဇောင်းပြောင်း၊ အသံကျယ်လောင်စေရန် တမင်လှီးဖြတ် ပြုပြင်ထားသည့် အိတ်ဇောပြောင်းများအား လမ်းကြိတ်စက်ဖြင့် ကြိတ်ချေဖျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မဟာသင်္ကြန်ကာလမတိုင်မီ စည်းကမ်းပျက် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးခြင်းကို ယနေ့စတင် ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ဆေးဆောင်ရွက်သည့် လမ်းတစ်လျှောက် တွေ့ရှိဖမ်းဆီးမိသည့် ဆိုင်ကယ်(၁၃)စီး ဖြစ်၍ ယနေ့ လမ်းကြိတ်စက်ဖြင့် ကြိတ်ချေဖျက်စီးခဲ့သည့် အိတ်ဇောပြောင်းများမှာ စုစုပေါင်း အခုရေ (၂၀၀) ဖြစ်ကြောင်းနှင့် ယနေ့ ည(၈)နာရီမှ စတင်၍ မဟာသင်္ကြန်ကာလအတွင်း စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးခြင်းနှင့် တုတ်၊ ဓါး၊ လက်နက်များ စစ်ဆေးဖမ်းဆီးခြင်းများကို ယခုလိုအဖွဲ့စုံ လှည့်ကင်းစနစ်ဖြင့် ဆက်လက်ဆောင်ရွက်ဖမ်းစီးသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(iprd)

No comments:

Post a Comment