နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊
ဒေါက်တာမြင့်ထွေး၊ ဦးသန့်စင်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့်
တာဝန်ရှိသူများ တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊
မြောင်းမြမြို့၊ ဂုန်နီစက်ရုံ ရဟတ်ယာဉ် ကွင်းသို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဒုတိယ၀န်ကြီးဦးကျော်လင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ
များနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ ဇေယျမေဒနီ စာသင်တိုက်၊
ပဓါန နာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒ၀ရ
အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇေယျမေဒနီ စာသင်တိုက်သို့ မိခင်ဖြစ်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်
အိန္ဒိယနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၆၄ ခုနှစ်က ပေးပို့လှူဒါန်းခဲ့သော
အင်ကြင်းပင် ပွားနှင့် မဟာဗောဓိပင်ပွားအား ကြည့်ရှုပြီး မဟာဗောဓိ ညောင်ပင်ပွားကို အမွှေးနံ့သာရည်များဖြင့်
ပက်ဖြန်းသည်။
ထို့နောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြောင်းမြမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့
ရောက်ရှိပြီး ပညာရတနာခန်းမတွင် ဒေသခံပြည်သူများနှင့် ငြိမ်းချမ်းရေးစကားဝိုင်း
(PEACE TALK) အစီအစဉ်ကို ပါဝင် တက်ရောက် ဆွေးနွေးသည်။
ယင်းနောက် မြောင်းမြတံတားအသစ်
တည်ဆာက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်းဆောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးလှမိုးအောင်က မြောင်းမြကြိုးတံတားဟောင်း ပြတ်ကျပြီးနောက် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊
လက်ရှိလမ်းပန်းဆက်သွယ်ရေး အခြေအနေနှင့် ပြည်သူများ သွားလာမှု လွယ်ကူ ချောမွေ့စေရန် စီစဉ်ဆောင်ရွက်ပေးထားမှု
အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီး
ဦးကျော်လင်းက မြောင်းမြကြိုးတံတားအဟောင်း ပြန်လည်ဆယ်ယူမည့် အခြေအနေ၊ လက်ရှိ တည်ဆောက်လျက်ရှိသည့်
တံတားအသစ်ကို အချိန်မီပြီးစီးအောင် တည်ဆောက်သွားမည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြည်သူများသွားလာမှု လွယ်ကူ
ချောမွေ့စေရန် ပို့ဆောင်ရေးဌာနပိုင် ဇက်ရေယာဉ်များဖြင့် ပို့ဆောင်ပေးနေမှု အခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်
စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူ့အသက်တစ်ချောင်း တန်ဖိုးဖြတ်မရဆိုသည့်
အတိုင်း ဆုံးရှုံးနစ်နာရမှုမှာ တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း၊ ကျိုးကျသွားသော ကြိုးတံတားဘေးတွင်
တည်ဆောက် လျက်ရှိသည့် တံတားအသစ်နှင့်ပတ်သက်၍ နောင်တွင်ပြောစရာမဖြစ်အောင် စနစ်တကျဆောင်ရွက်ရန်
လိုအပ် ကြောင်း၊ တံတားအသစ်ကို ဂျပန်နိုင်ငံမှပညာရှင်များ၊ တရုတ်နိုင်ငံမှ ပညာရှင်များ၊
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးပြီး တံတားဒီဇိုင်းပြောင်းလဲလိုက်၍
တစ်နှစ်အတွင်း ပြီးစီးနိုင်မည်ဆိုသော်လည်း ရေရှည် ဘေးကင်းလုံခြုံရေးအတွက် အာမခံချက်
အပြည့်အဝရှိရဲ့လား၊ အရည်အသွေးပြည့်မီရဲ့လား စသည်အားဖြင့်ဘက်ပေါင်းစုံမှ ပြန်လည်လေ့လာသုံးသပ်ပြီးမှ
ဆောင်ရွက်ရန်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ကို သီးခြားလွတ်လပ်သော စစ်ဆေးရေး အဖွဲ့ဖြင့်သာ
ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုအရည်အသွေးစစ်ဆေးရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရက ရှာပေးမည်
ဖြစ်ကြောင်း။
အလားတူ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်
ကျန်ရှိနေသော ကြိုးတံတား ၂၉ စင်းကိုလည်း ကြံ့ခိုင်မှုနှင့် အရည်အသွေး စစ်ဆေးမှုများ အမြန်ဆုံး
ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြိုးတံတား ကျိုးကျသွား၍ ဒေသခံ ပြည်သူများ ခရီးသွားလာရေး
အခက်အခဲဖြစ်ပေါ်နေမှုကို ရေတိုကာလအားဖြင့် အဆင်ပြေစေရန် ပို့ဆောင်ရေး ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့်
မော်တော်ယာဉ်များ တင်ဆောင်ပေးမည့် ဇက်ရေယာဉ် ၃ စင်း၊ ခရီးသည်များ စီးနင်းနိုင်ရန် တောသူမယ်
နှစ်ထပ်ရေယာဉ် တို့ဖြင့် စနစ်တကျ သတ်မှတ်ပြေးဆွဲပေးရန်၊ မီးလောင်လွယ်သော ဆီသယ်ယာဉ်ကဲ့သို့
ယာဉ်များကို တံတား ဆောက်လုပ်ရေးလုပ်ငန်းသုံး ဇက်ဆိပ်၌ အချိန်သတ်မှတ်ချက်ဖြင့် သယ်ယူပို့ဆောင်ပေးရန်၊
ရေရှည်ကာလအားဖြင့် ဒေသတွင်း ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် လပွတ္တာမြို့မှ ပြည်သူများအနေဖြင့်
မြောင်းမြမြို့သို့ ဖြတ်သန်းရန် မလိုဘဲ ပုသိမ်မြို့သို့ တိုက်ရိုက်သွားနိုင်မည့် လပွတ္တာ
- ငပုတော- ပုသိမ်လမ်းမှာ ဘတ်ဂျက်ခွဲဝေပေးထားပြီး ဖြစ်၍ လာမည့်နှစ်ပတ်အတွင်း အမြန်ဆုံး
အကောင်အထည်ဖော်ပြင်ဆင်သွားရန်၊ လပွတ္တာမှ ဇက်ရေယာဉ် ၁ စီးကို ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး
ဝန်ကြီးဌာနက အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန်၊ သို့မှသာ မြောင်းမြတံတားကို အားကိုး အားထားပြုသွားလာနေရသည့်
ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း။
တံတားအသစ် တည်ဆောက်မှု
မပြီးစီးခင် ရေယာဉ်များအတွက် စက်သုံးဆီကုန်ကျစရိတ်များကို နိုင်ငံတော်အစိုးရမှ ကျခံ
နိုင်ရေး နေပြည်တော်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမြန်ဆုံးဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊
ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက
ပြည်သူများ အဆင်ပြေ စေရေးအတွက် ညှိနှိုင်းပေါင်းစပ်မှုများ ပြုလုပ်ပြီး စနစ်တကျ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း
စသည်ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြောင်းမြကြိုး တံတားအဟောင်းနှင့် မြောင်းမြတံတားအသစ် တည်ဆောက်နေမှု
အခြေအနေတို့ကိုကြည့်ရှုပြီး မြောင်းမြကြိုးတံတားအဟောင်း ပြတ်ကျရာတွင် အသက်ဆုံးရှုံးခဲ့ရသူ
နှစ်ဦး၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊
သူနာပြုသင်တန်းကျောင်း (မြောင်းမြ) ဆောက်လုပ်မည့် မြေနေရာသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အထူးအဖွဲ့ (၁၅) လက်ထောက် ညွှန်ကြားရေး
မှူး ဦးမြ၀င်း၊ သူနာပြုသင်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်ကြီး နော်ကပေါ်ရှီးနှင့်
ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးမှူး ဒေါက်တာအောင်ကျော်ထွေးတို့က သင်တန်းကျောင်းဆောင်
ဆောက်လုပ်မည့်အခြေအနေ၊ လိုအပ်သည့် ကျန်းမာရေး ၀န်ထမ်းအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးက လက်ရှိနေရာအပြင် မြောင်းမြဂုံနီစက်ရုံအတွင်း လှူဒါန်းလိုသည့် အလှူရှင်များ၏
တင်ပြချက်ကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က
သူနာပြုသင်တန်းကျောင်းနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးအတွက် ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြမြို့ခရီးစဉ်တွင် ဒေသခံပြည်သူများက လမ်းတစ်လျောက် သောင်းသောင်းဖျဖျ
ကြိုဆိုခဲ့ကြပြီး ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များ
သည် ရဟတ်ယာဉ်ဖြင့် ပုသိမ်မြို့သို့ထွက်ခွာပြီး ထိုမှတတဆင့် နေပြည်တော်သို့ ဆက်လက်ထွက်ခွာသည်။
(သတင်းစဉ်)

No comments:
Post a Comment