နေပြည်တော် ဧပြီ ၁၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်ပိုင်းတွင်
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်ရတနာ သင်တန်းကျောင်းသို့
သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည်
သင်တန်းကျောင်းအတွင်း သင်တန်းသား/ သင်တန်းသူများ ကျောက်စိမ်းလက်ကောက်နှင့် ပုတီးပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကွန်ပြူတာဖြင့်
ကျောက်စိမ်းပန်းပုထုလုပ်ခြင်း၊ လက်ဝတ်ရတနာပြုလုပ်ရန် ဖယောင်း ပုံသွင်းခြင်း၊ ကျောက်စိမ်းပန်းပုထုလုပ်ခြင်း၊
ကျောက်စီပန်းချီပြုလုပ်ခြင်း စသည့်လက်တွေ့ လုပ်ဆောင်နေမှုများနှင့် အချော ထည်ထုတ်လုပ်နိုင်မှုတို့အား
စစ်ဆေးကြည့်ရှုခဲ့သည့်အပြင် သင်တန်းတွင် လက်တွေ့လုပ်ငန်း ဆောင်ရွက်နိုင်ရန် လိုအပ် သော
ကုန်ကြမ်းကျောက်များရရှိရေး မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူနှင့်လည်း
ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ ရှစ်လကြာ ဖွင့်လှစ်သင်ကြားနေခြင်းဖြစ်ပြီး ယခု
သင်တန်းသည် ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်
ရွှေကြာပင်ရပ်ကွက်၊ ခြံအမှတ်အမှတ် (၄၈) တွင် သိမ်းဆည်းထားသည့် ကျောက်မျက်ရွှေပြည် ကျောက်မျက်ကုမ္ပဏီမှ
ဇန်နဝါရီ ၂၀ ရက်တွင် လုံးခင်း-ဖားကန့် ရတနာနယ်မြေ၊ ဝှေခါလုပ်ကွက် အမှတ် (၅၅၈) မှ တူးဖော်ရရှိသော
အလေးချိန် (၁၄၆၆) ကီလိုရှိ ကျောက်စိမ်းတုံးအား သွားရောက် စစ်ဆေးကြည့်ရှုရာ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းနှင့်
ကုမ္ပဏီမှတာဝန်ရှိသူများက ကျောက်စိမ်းတုံးတူးဖော်ရရှိမှု၊ နေပြည်တော်တွင် သိမ်းဆည်းထားရှိမှုနှင့်
ကျောက်စိမ်း အရည်အသွေး အကဲဖြတ်ထားမှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည်
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ ကျောက်စိမ်းဥယျာဉ်နှင့် မဏိရတနာ
ကျောက်စိမ်းခန်းမအတွင်း မတ် ၃၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု
အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ပြန်လည်ပြုပြင်ထိန်းသိမ်းမည့်
အစီအစဉ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment