နေပြည်တော် ဧပြီ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း
(အိုင်အိုအမ်) တို့ ပူးပေါင်း၍ “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့်
လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းဆိုင်ရာ
နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား” ကို ယနေ့တွင် နေပြည်တော် Parkroyal ဟိုတယ်တွင် ကျင်းပရာ လူကုန်ကူး ခံရသူများအား ပြန်လည်လက်ခံရေး၊
ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍
အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသည် မြန်မာနိုင်ငံ
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ တတိယငါးနှစ် စီမံကိန်း၏ ၂၀၁၈ ခုနှစ်၊ လုပ်ငန်းစီမံချက်မှ
လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ဤစာအုပ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှု
အစီအစဉ် များအရ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများ နေရပ်ပြန်ရေးအတွက်
အကူအညီပေးရာတွင် နှစ်နိုင်ငံ လိုက်နာရမည့် စံလုပ်ငန်း အစီအစဉ်များကို ရေးဆွဲဖော်ပြထားသည်။
မြန်မာ-ထိုင်း စံလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များသည် ထိုင်းနိုင်ငံမှ မြန်မာ
လူကုန်ကူး ခံရသူများ၏ နေရပ်ပြန်ရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး လုပ်ငန်းစဉ်များတစ်လျှောက်
လူကုန်ကူးခံရသူ၏ အကျိုးစီးပွားကို ဦးတည်သည့် နည်းလမ်း ဖြင့် ကာကွယ်စောင့်ရှောက်ရေးနှင့်
အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပါဝင်လုပ်ဆောင် သူများအားလုံးအတွက်
လမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားခြင်းဖြစ်ပါသည်။
အဆိုပါ စံလုပ်ငန်း အစီအစဉ်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအစိုးရတို့အကြား
ပူးပေါင်းဆောင်ရွက်မှုများမှ သိသာ ထင်ရှားသောအောင်မြင်မှုတစ်ရပ်ဖြစ် ပြောကြားသည်။ ဆက်လက်၍
ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်မှ စံလုပ်ငန်းအစီအစဉ်ပါ
လုပ်ငန်းရပ်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယ၀န်ကြီး ဦးစိုးအောင်နှင့်
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့က “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့်
လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းဆိုင်ရာ
နှစ်နိုင်ငံ စံလုပ်ငန်းအစီအစဉ် စာအုပ်များကို တက်ရောက်လာကြသူများအား ပေးအပ်ခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment