အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ
ဒေါက်တာအရှင်ဓမ္မသာမိ
တို့များ
ကြိုဆိုဖို့ အဆင်သင့်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အချိန်မှန်တဲ့ အတာသင်္ကြန် မြန်မာနှစ်သစ်ကူးကတော့
ပုံမှန်အတိုင်း ရောက်လာပြန်ပြီ။ ရက်တွေ၊ လတွေကတော့ မည်သူ့ကိုမှ မဆိုင်းဘဲ သူ့ဟာသူ ခရီးသွားစရာရှိတာ
သွားနေသည်၊ လူတွေကိုလည်း ဘဝရဲ့ အစဉ်အမြဲမတည်ရှိမှု၊ ထာဝရ ပြောင်းလဲနေမှု အကြောင်းတို့ကို
မပြတ် သွန်သင်ပြသနေသည်။ တို့များ ပညာမျက်စိနှင့် ကြည့်ရှုဖို့သာ လိုလေသည်။
မြန်မာနိုင်ငံမှာ
ရခိုင်ပြည်နယ် နယ်ခြားကိစ္စကြောင့် ဖြစ်ပေါ်လာသည့် အနောက်နိုင်ငံများ ဖိအားပေးမှုနှင့်
ဆက်စပ်နေသည့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများသည် တစ်နိုင်ငံလုံးကို အကျိုးသက်ရောက်မှု
ရှိစေခဲ့သည်။ နိုင်ငံခြားမှာ ဘာသာခြားတွေနှင့်ရော ဘာသာတူ လူမျိုးခြားတွေနှင့်ပါ ကွန်ဖရန့်
အစည်းအဝေးများ၌ ဆုံတိုင်း အမေးအမြန်းခံရလို့ ဒီအကျိုး သက်ရောက်မှုကို မိမိကိုယ်တိုင်လည်း
ခံစားနေရပါသည်။ ဒီအကြောင်းနှင့် ပတ်သက်ပြီး အီးမေးလ်တွေလည်း မကြာခဏဆိုသလို လက်ခံရတာလည်းရှိသလို
မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာရှုထောင့်မှ ရှင်းပြရသည့် အကြိမ်လည်း မနည်းတော့ပါ။ ပြည်ပရောက်
အချို့မြန်မာဗုဒ္ဓဘာသာ လူမျိုးများဆို နိုင်ငံခြားရုပ်မြင်သံကြား သတင်းများသည် ကိုယ့်မြန်မာပြည်ကို
တစ်ဖက်သတ် တိုက်ခိုက်လွန်းလို့ ကြောက်ရွံ့ မုန်းတီးလာသလို ဖြစ်နေရပြီး မကြည့်ချင်တော့သည်အထိ
ဖြစ်နေတာလည်း မနည်းပါ။
သို့သော်
ဒီလိုပြဿနာမျိုးကို ရှောင်ပြေးလို့မရပါ။ မပြေလည်နိုင်ပါ။ မိမိတို့ မြန်မာနိုင်ငံသည်သာမက
တစ်ကမ္ဘာလုံးလိုလို နိုင်ငံတိုင်း ပြဿနာ ကြီးကြီးမားမား ရှိကြသည်ချည်းသာ ဖြစ်သည်။ ဥပမာ၊
အမေရိကန်၏ မက္ကဆီကို နယ်ခြားပြဿနာ၊ အင်္ဂလန်၏ ဘရက်ဇက် (Brexit) ပြဿနာ၊ ဂျာမနီ တရားမဝင်
လာရောက်နေထိုင် သူများ (Immigration) ပြဿနာ စသည်တို့ ဖြစ်သည်။ နိုင်ငံ၏ပြဿနာသည် အများပြဿနာမို့
မိမိတတ်နိုင်သမျှ မိမိအခန်းကဏ္ဍမှ ဝိုင်းဝန်းဖြေရှင်းခြင်းဖြင့် ပါရမီကိုယ်စီ ဖြည့်ကျင့်ကြရမည်
ဖြစ်ပါသည်။ ပြဿနာဆိုသည့် သစ္စာ ''ဒုက္ခသစ္စာကို ထွက်မပြေးဘဲ နားလည်အောင် လုပ်ရမည်'' ဟု
ဗုဒ္ဓရှင်တော်မြတ် မိန့်မှာတော်မူခဲ့သည် မဟုတ်ပါလော။
ဤပြဿနာမျိုး
ဝိုင်းဝန်းဖြေရှင်းနိုင်ရန် လိုအပ်သည့် အရာတစ်ခုမှာ တစ်ဦးချင်းအနေဖြင့်ရော နိုင်ငံတစ်ခုလုံး
အနေဖြင့်ပါ ကြံ့ကြံ့ခံနိုင်စွမ်း resilience မြင့်မားအောင် မပြတ်ကြိုးစားဖို့ပင် ဖြစ်သည်။
ကြံ့ကြံ့ခံနိုင်ရည်နှင့် ပတ်သက်၍ ကမ္ဘာကျော် ဦးနှောက်နှင့် စိတ္တဗေဒ ကျွမ်းကျင်သူ သိပ္ပံပညာရှင်တစ်ယောက်က
ရှာဖွေတွေ့ရှိ ထားသည်မှာ ''ကြံ့ကြံ့ခံနိုင်မှုသည် ကျသွားသည် အင်အား ကို ပြန်လည်ဖြည့်ဆည်းနိုင်ခြင်းကို
ဆိုသည်။ တင်းခံ နိုင်ခြင်းကို မဆိုလို- Resilience is how you recharge and not
how you endure'' ဟူ၍ ဖြစ်သည်။
တစ်နေ့တာ၊
တစ်လတာ၊ တစ်နှစ်တာ အသုံးပြု ကုန်ခန်းသွားတဲ့ စိတ်ဓာတ်အင်အားကို မိမိတို့ ပြန်လည် ဖြည့်ဆည်းရာတွင်
မုဒိတာသည် အဓိကကျပါသည်။ လူတစ်ဦးချင်းအနေဖြင့် နေ့စဉ်၊ လစဉ်၊ နှစ်စဉ် မိမိ၏ ကြိုးစားမှု၊
မိမိရဲ့ အောင်မြင်မှုနှင့် မိမိလက်ထဲမှာရှိနေသည့် စွမ်းရည် (သို့) ပိုင်ဆိုင်မှုများကို
အကောင်းဘက်ကနေတွေးပြီး ဝမ်းမြောက်နိုင်သည့်စိတ် မွေးပေးရပါမည်။ မိမိတို့ကျန်းမာ ရေးအတွက်
မကြာခဏ ရေသောက်ဖို့ရာ အကျင့်လုပ်သလို မုဒိတာ စိတ်ကိုလည်း မကြာခဏ အကျင့်လုပ်ပြီး မွေးပေးရပါမည်။
မုဒိတာဆိုသည်မှာ အခက်အခဲများကြားထဲမှ မိမိ၏ အားသာချက်ကို ပြန်သုံးသပ်၊ ပြန်ကြည့်ကာ
အကောင်းဘက်တွေးပြီး စိတ်အားရှိအောင် ပြုလုပ်ခြင်းပါ။ တစ်ဦးချင်းအနေဖြင့် မြန်မာနိုင်ငံသားများအများစု
ပြီးခဲ့သည့်နှစ်အတွင်းမှာ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်မှာ မိမိကိုယ်မိမိ အသိဆုံးပင်ဖြစ်ပါသည်။
ဤအချက်များကို မိမိဘာသာ မိမိတွေး၍ ဂုဏ်ယူပီတိဖြစ်နိုင်ရမည်။
လူအများအနေဖြင့်လည်း
အချင်းချင်း အခြားတစ်ဖက်မှ ကောင်းသည့်လုပ်ဆောင်ချက်ကို ကြည့်တတ်၊ အသိအမှတ်ပြုတတ်သည့်
အကျင့်ကောင်းသည် လူကြီးလူကောင်းဆန်ရုံတင်မက တိုင်းပြည်တစ်ခုလုံး၏ စိတ်ကျန်းမာရေးအတွက်လည်း
လွန်စွာအရေးကြီး ပေသည်။ အမှန်ဆိုလျှင် ဤကဲ့သို့သော မုဒိတာသည် အမြင့်ဆုံး မုဒိတာဟု ဆိုနိုင်သည်။
တင်းမာမှုဖြေလျှော့ရေး၊ ရင်ကြား စေ့ရေးနှင့် ညီညွတ်ရေးတို့ကို ဖြစ်စေတတ်သည့် အဆင့်မြင့်
Emotion (စိတ်ခံစားမှု)ဖြစ်သည်။ ဥပမာ၊ အမေရိကန် နိုင်ငံ၏ လွှတ်တော်ကွန်ဂရက်နှင့် ဆီးနိတ်များတွင်
ရီပတ် ဘလီကင်ပါတီဝင်များနှင့် ဒီမိုကရက်ပါတီဝင် အမတ်များ တစ်ဦး၏ ကောင်းသောလုပ်ဆောင်မှုကို
တစ်ဦးက အသိ အမှတ်ပြုလက်ခံပါက ပြည်သူများအနေဖြင့် ထိုအမတ်များသည် ကိုယ်ကျိုး၊ ပါတီကျိုးထက်
နိုင်ငံအကျိုး ပြည်သူ အကျိုးကို ပိုအလေးထားသည်ဟု ခံစားရကာ နိုင်ငံရေး သမားများကို ပို၍ယုံကြည်မှု၊
စိတ်ချမှုရှိမည်မှာ မလွဲပါ။ ကိုယ်ကျိုးရှေ့တန်းမထား တိုင်းပြည်ကို အလုပ်အကျွေး ပြုခြင်းဖြင့်
ပါရမီဖြည့်နေသူများဟု မြင်ကြလိမ့်မည်။
ထိုလူကြီးလူကောင်းများသည်
အထက်တန်းကျောင်းနှင့် တက္ကသိုလ်ကျောင်းသားများအတွက်လည်း အတုယူစရာ နမူနာကောင်း ဖြစ်ပါသည်။
ဤအချက်သည် အနာဂတ်နိုင်ငံတော်အတွက် လွန်စွာအရေးပါသည်။ ဤကဲ့သို့မဟုတ်ဘဲ အချင်းချင်းအပြစ်သာရှာနေပါက
တိုင်းပြည်အရေးအတွက် နိစ္စဓူဝ တွေးတောဆောင်ရွက် နေသည့် နိုင်ငံရေးလောကကို ပြည်သူများက
စိတ်ကုန်သည် ဆိုသည့် စိတ်ခံစားမှုမျိုး ပြည်သူ့အကြား ဖြစ်ပွားတတ်သည်။ အပြစ်ရှာမှုနှင့်
စိတ်ကုန်မှုတို့နှစ်မျိုးစလုံးကို ''ဒေါသ အကုသိုလ်''ဟု ဗုဒ္ဓမြတ်စွာ မိန့်တော်မူပါသည်။
မိမိနိုင်ငံ၏အရေးကို စိတ်ကုန်၍ မျက်နှာတခြား လွှဲထားပါက တိုင်းပြည်အတွက် ပါဝင်လုပ်ဆောင်သူ
တဖြည်းဖြည်း နည်းသွားမည်။ တိုင်းပြည်အတွက် လိုအပ်သော စိစစ်မှုနှင့် ချိန်ခွင်လျှာဆိုသည့်
စနစ်လည်း အားနည်းသွားမည် ဖြစ်ပေသည်။
မိမိတိုင်းပြည်အကြောင်းတွေး၍
စိတ်ပျက်နေသည် ထက်ကောင်းတာတွေး၍ စိတ်ပျော်ရွှင် စိတ်အားတက်ကာ အခက်အခဲများကို တတ်နိုင်သည့်
ဘက်မှ ဝင်ရောက်ကူညီဖြေရှင်းပေးခြင်းသည်သာ မွန်မြတ်ပါသည်။ မြန်မာနိုင်ငံ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏
တစ်ဦးအပေါ်တစ်ဦး မုဒိတာဖြစ်နိုင်မှုသည် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန်နှင့် တိုးတက်
ကြီးပွားရေးတို့အတွက် အဓိကတွန်းအားအင်ဂျင်ဟု ယူဆပါသည်။ အကျဉ်းအားဖြင့် ခြုံငုံဆိုလိုသည်မှာ
ကိုယ်စီတာဝန်ယူ တည်ဆောက်ပါက မြန်မာနိုင်ငံ၏ ပြည်တွင်း ကိုယ်ပိုင်အင်အားများလည်း ရှိပါသေးသည်
ဟူ၍ ဖြစ်ပါသည်။
သည့်အပြင်
ထိုကဲ့သို့ အများ၏ပြဿနာကို ဝိုင်းဝန်းဖြေရှင်းနိုင်ရန် လိုအပ်သည့် ကြံ့ကြံ့ခံနိုင်မှုကို
တစ်ဦးချင်းနှင့် စုပေါင်းတည်ဆောက်ရာ၌ မုဒိတာ အကောင်းကိုမြင်တတ်၍ စိတ်ဓာတ်အင်အား ဖြည့်ဆည်းခြင်းသည်
အတာသင်္ကြန်ကဲ့သို့သော နှစ်သစ်ကို ပို၍ အဓိပ္ပာယ်ရှိစေမည်။ မုဒိတာတည်းဟူသော ဗြဟ္မဝိဟာရ
နှလုံးသားဖြင့် မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်ကို ကြိုဆိုနိုင်ကြပါစေ။ ကိုယ်ကျန်းမာ၊
စိတ်ချမ်းသာစွာဖြင့် လောကဓမ္မ ကောင်းကျိုး နှစ်မျိုးအတွက် တိုး၍တိုး၍ သယ်ပိုးနိုင်သူများ
ဖြစ်ကြပါစေ။ ။

No comments:
Post a Comment