အမေး၊
အရေး- မော်စီ၊ ဓာတ်ပုံ- ထိန်နန်နော်
တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊
အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် ကိုးကွယ်သည့် ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ ရရှိရေးတို့ အပါအဝင် လူမှုစီးပွားဘဝ ဖွံ့ ဖြိုးတိုးတက်ရေး
စသည့်ကိစ္စရပ်များကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ယခုအစိုးရ လက်ထက်တွင်
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏
ဒုတိယ(၁)နှစ်တာကာလအတွင်း တိုင်းရင်းသားများ ပြည်ထောင်စု စိတ်ဓာတ် တိုးတက် ခိုင်မာလာပြီး
တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရန် ဆောင်ရွက်ခဲ့မှုများကို သိရှိနိုင်ရန်
ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို
ရေးသားဖော်ပြလိုက်ရပါ သည်။
နိုင်သက်လွင်၊
ပြည်ထောင်စုဝန်ကြီး
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
မေး
။ ။ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်ကို ပထမဦးဆုံး
ရှင်းပြပေး ပါခင်ဗျာ။
ဖြေ ။ ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေစုပေါင်းနေထိုင်ကြတဲ့
နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တိုင်းရင်းသား တွေဟာ အတိတ်သမိုင်းကြောင်း အခြေအနေအဖြစ်တွေကြောင့်
တိုင်းရင်း သားညီအစ်ကို မောင်နှမတွေအကြား သံသယတေ ဖြစ်ပွားခဲ့ကြတယ်။ အခွင့်အရေးတွေ တန်းတူမရရှိ
ဘူးလို့ ထင်မြင်ပြီး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြရပါ တယ်။ ဒါကြောင့် အခြေခံဥပဒေပါ နိုင်ငံသား
အခွင့်အရေးတွေ တန်းတူညီမျှ ရရှိဖို့အတွက် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်
စောင့်ရှောက်သည့် ဥပဒေကို ၂ဝ၁၅ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေအရ
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ယခုအစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့လို့
ဝန်ကြီးဌာနရဲ့ သက်တမ်းဟာလည်း အခုဆိုရင် နှစ်နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။
မေး
။ ။ ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်(Vision)နဲ့ ဆောင်ရွက်ခဲ့မှုများကို ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်ကတော့
တိုင်းရင်းသားတွေရဲ့ စာပေနှင့် ယဉ်ကျေးမှုတွေကို ထိန်းသိမ်း မြှင့်တင်မယ်။ အခွင့်အရေးတွေကို
ကာကွယ်စောင့်ရှောက်မယ်။ ဒီလိုဆောင်ရွက်ခြင်းဟာ တိုင်းရင်းသားတွေ ပြည်ထောင်စု စိတ်ဓာတ်
တိုးတက်ခိုင်မာလာပြီး တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ဖို့ ဖြစ်ပါတယ်။
အခွင့်အရေးဆိုတာကလည်း ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေနဲ့အညီ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ပဲဖြစ်ပါတယ်။
အခွင့်အရေးကို ရယူမယ်ဆိုရင် တာဝန်လည်းတွဲပါလာမယ်ဆိုတာကို သိရှိဖို့ လည်း လိုမှာဖြစ်ပါတယ်။
အခွင့်အရေးနဲ့ တာဝန်ကို ဒွန်တွဲပြီး တူညီတဲ့တန်ဖိုးထားမှ မိမိတို့ရဲ့ လူ့အသိုက်အဝန်းဟာ
တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
မေး
။ ။ ဝန်ကြီးဌာနရဲ့ အကောင်အထည်ဖော်ဆာင်ရွက်နေတဲ့ လုပ်ငန်းတွေကို ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ ပြဋ္ဌာန်းဥပဒေမှာ ပါရှိတဲ့တိုင်းရင်းသားတွေရဲ့
နေ့ထူး နေ့မြတ် အထိမ်းအမှတ် အခမ်းအနားတွေကို ဥပဒေနဲ့အညီ ကျင်းပနိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသား တွေရဲ့ အခမ်းအနား တွေအတွက် တိုင်းဒေသကြီးနဲ့
ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတွေကလည်း ထောက်ပံ့မှုတွေ ပေးလျက်ရှိပါတယ်။
မေး
။ ။ တိုင်းရင်းသားတွေရဲ့ ပညာရေးကဏ္ဍတိုးတက်ရေး ဆောင်ရွက်မှုတွေကို သိပါရစေ။
ဖြေ ။ ။ ယခင်က တိုင်းရင်းသားတွေဟာ ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာ
နေထိုင်ကြတာမို့ ပညာသင်ကြားဖို့ အခွင့်အလမ်းနည်းပါးခဲ့တဲ့ အတွက် ပညာရေးမှာချို့တဲ့ခဲ့ပြီး
လူတစ်စုတစ်ဖွဲ့ရဲ့ အသုံးချမှုတွေကိုခံခဲ့ရကြပါတယ်။ အခု အချိန်မှာပညာသင်ဖို့အခွင့်အလမ်းတွေ
ပိုမိုရရှိလာပြီ ဖြစ်ပါတယ်။ မိမိတို့ တိုင်းရင်းသား ဘာသာစကားတွေကို ပညာရေးမူဝါဒနဲ့အညီ
သင်ကြားနိုင်ပြီ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေကလည်း မိမိဘာသာစကား အပြင် ပြည်ထောင်စုမှာ
ဝင်ဆံ့နိုင်ဖို့ ပြည်ထောင်စုသုံး ဘာသာစကား၊ နိုင်ငံတကာမှာ ဝင်ဆံ့နိုင်ဖို့ နိုင်ငံတကာသုံး
ဘာသာစကားတွေကိုလည်း တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ ဒီလို တတ်မြောက်ဖို့အတွက် အခြေခံပညာ
ကျောင်းတွေမှာ တိုင်းရင်းသားကလေးငယ်တွေ သင်ကြားသင်ယူမှု အဆင်ပြေချောမွေ့စေဖို့နဲ့ သင်ယူ
တတ်မြောက်မှုအရည်အသွေး ပိုမိုမြင့်မားလာစေဖို့ အတွက် သင်ကြားမှုဘာသာရပ်တွေကို တိုင်းရင်းသား
ဘာသာစကားနဲ့ လိုအပ်တာတွေ ကူညီ ရှင်းလင်းသင်ကြားပေးဖို့ နေ့စားလပေး (Teaching
Assistant- TA) တွေ ခန့်ထားနိုင်ဖို့ ပညာ ရေးဝန်ကြီးဌာနနဲ့
ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ တဲ့အတွက် တိုင်းရင်းသားလူငယ်တွေ အလုပ် အကိုင် အခွင့်အလမ်းတွေ
ရရှိခဲ့ပါတယ်။ နောင်မှာလည်း လိုအပ်တဲ့နေရာတွေမှာ ဆက်လက်ခန့်ထား နိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့
ထပ်ပြီးညှိနှိုင်းဆောင် ရွက်သွားမှာပါ။
မေး
။ ။ အခြားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး တိုင်းရင်းသားတွေအတွက် ဆောင်ရွက်ခဲ့မှုတွေကို
ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနက
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးတဲ့စီမံချက်တွေ၊
ကြက်ငှက် တုပ်ကွေး အသိပညာပေးမှုတွေ စတဲ့ ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေကို တိုင်းရင်းသားဘာသာ
စကားနဲ့ ဘာသာပြန်ဆိုပေးခဲ့ပြီး တိုင်းရင်းသား ဒေသတွေမှာ ကျန်းမာရေးဆိုင်ရာအသိပညာပေး
လုပ်ငန်း၊ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက် စာအုပ်ကို တိုင်းရင်းသားဘာသာစကားတွေနဲ
ဘာသာပြန်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားကျေးရွာတွေက လျှပ်စစ်မီးရရှိနိုင်ရေး
တင်ပြလာမှုတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ညှိနှိုင်းခဲ့လို့
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အမျိုးသား လျှပ်စစ် စီမံကိန်းနဲ့ ၁ဝ မိုင်ကျော်ကွာဝေးတဲ့
ရွာတွေကို ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ဆောင်ရွက်ပေးခဲ့ ပါတယ်။
မေး
။ ။ ဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရုံးအဆောက်အအုံ အသစ်တွေ တည်ဆောက်နေတာနဲ့
ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုရန်ပုံငွေနဲ့
ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ
ပေ (၈ဝx ၆ဝ) အရွယ် သံကူကွန်ကရစ် နှစ်ထပ် အဆောက်အအုံတွေ ဆောက်လုပ်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို
လုပ်ငန်းအပ်နှံပြီး ဆောင်ရွက်ခဲ့ပါတယ်။ မွန် ပြည်နယ် မော်လမြိုင်မြို့မှာ ဆောက်လုပ်တဲ့
အဆောက်အအုံသစ်ကို (၄၄)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ၂ဝ၁၈ ခုနှစ် မတ်လ
၁၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရုံး
အဆောက်အအုံသစ်တွေကိုလည်း မကြာမီဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။
မေး
။ ။ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ အခြားဆောင်ရွက်ပေးခဲ့တာတွေ ရှိရင်လည်း ပြောကြာပေးစေ
လိုပါတယ်။
ဖြေ ။ ။ တိုင်းရင်းသားတွေရဲ့ လူမှုဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့
ဆောင်ရွက်ရာမှာ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးဟာ ဒွန်တွဲနေပါတယ်။ ငြိမ်းချမ်းရေးရှိမှ
ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး ဖွံ့ဖြိုး တိုးတက်မှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှာ
ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို
၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတုန်းက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖိုရမ်မှာ တိုင်းရင်းသားလူမျိုးတွေရဲ့
စီးပွားရေးဆိုင်ရာကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားမီဒီယာကဏ္ဍနဲ့ တိုင်းရင်းသား
သယံဇာတတွေမှ ရရှိတဲ့အကျိုးအမြတ်တွေ ခွဲဝေ အသုံးချမှုကဏ္ဍတို့ကို ဆွေးနွေးနိုင်ခဲ့ပြီး
ရလဒ် ၂၈ ချက်ကိုလည်း ထုတ်ဖော်နိုင်ခဲ့ပါတယ်။ အဲဒီရလဒ များအရ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ
အသင်းကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) မှာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
မေး
။ ။ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေအကြား အပြန်အလှန် ဘယ်လိုပြုမူ
ဆောင်ရွက်သွားသင့်တယ် ဆိုတာကို သုံးသပ်ပြောကြားပေးပါ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေဟာ
တောင်တန်း၊ မြေပြန့်၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းစတဲ့ သဘာဝပထဝီအနေအထား ကွဲပြားတဲ့
ဒေသအသီးသီးမှာ နေထိုင်ကြပါတယ်။ ပထဝီအနေအထားကွဲပြားမှုကြောင့် တိုင်းရင်းသား လူမျိုးတွေရဲ့
စကား၊ စာပေ၊ ယဉ်ကျေးမှုတွေ ကွဲပြား နေကြသော်လည်း တိုင်းရင်းသားတွေ အားလုံးဟာ လူသားများဖြစ်ကြပါတယ်။
ဒါကြောင့် လူသား အချင်းချင်းဖြစ်ကြတဲ့ တိုင်းရင်းသားတွေဟာ မိမိ လူမျိုးတွေကို တန်ဖိုးထားချစ်ခင်မြတ်နိုးကြသလို
အခြားသော တိုင်းရင်းသား ညီအစ်ကိုတွေကိုလည်း မိမိတို့၏ ဆွေမျိုးရင်းချာအဖြစ် သဘောထားကာအပြန်အလှန်လေးစားပြီး
ညီညွတ်မျှတစွာအတူ ယှဉ်တွဲ နေထိုင်သွားမယ် ဆိုရင် မိမိတို့ လိုလား တောင့်တနေကြတဲ့ ငြိမ်းချမ်းရေးနဲ့
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
ဒီနေ့အချိန်အခါမှာ နိုင်ငံတော်အစိုးရက
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူတွေနဲ
လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုကြိုးပမ်းဆောင်ရွက်မှု အောင်မြင်စေဖို့
အတွက် ပြည်ထောင်စုတိုင်းရင်းသားတွေ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြပါလို့ တိုက်တွန်းလိုပါတယ်။
ဦးမင်းအေးကို
ဒုတိယအမြဲတမ်းအတွင်းဝန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
မေး
။ ။ တိုင်းရင်းသားအရေး ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ထူးထူးခြားခြား ဆောင်ရွက်နိုင်ခဲ့မှုတွေ
ရှိပါသလား။ ရှိတယ်ဆိုရင် သိပါရစေ။
ဖြေ ။ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ညှိနှိုင်းမှု အရ တိုင်းရင်းသား လူမျိုးတွေရဲ့ နိုင်ငံသားစိစစ်ရေး
ကတ်ပြားတွေမှာ အကြောင်းကြောင်းကြောင့် လူမျိုးအမည်မှားယွင်းမှုရှိပါက လူမျိုးအမည်အမှန်
ပြင်ဆင်ပေးနိုင်ရေးအတွက် လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်နဲ့အညီ ကာယကံရှင်တွေ ကိုယ်တိုင်
ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွေမှာ လာရောက်လျှောက်ထား
နိုင်ပါတယ်။ လျှောက်ထားချက်အပေါ် စိစစ်၍ မှန်ကန်ပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန òန်ကြားရေးမှူး
ချုပ်၏ ခွင့်ပြုချက်နဲ့ ပြင်ဆင်ပေးနေတယ်လို့ သိရ ပါတယ်။
ဒါ့အပြင် အချို့ တိုင်းရင်းသားလူမျိုးတွေက
၎င်းတို့၏ အမည်တွေကို သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးရဲ့ ဘာသာစကားအရ အမည်မှာပါရှိတဲ့
ရှေ့ဆောင်စကားလုံးတွေ (ဥပမာ စော၊ စိုင်း၊ မင်း၊ နော်၊ နန်း၊ မိ) စတာတွေကို ရေးသွင်းလျှောက်ထားပါကလည်း
၎င်းတို့ဖော်ပြ လျှောက်ထားချက် အတိုင်း ကိုယ်ရေးမှတ်တမ်း တွေမှာ ရေးသွင်း ဖော်ပြပေးလျက်ရှိပါတယ်။
နိုင်ငံသားကိုယ်ရေး မှတ်တမ်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေမှာ သက်ဆိုင်ရာမှတ်ပုံတင်သူ၏
လိင်ကွဲပြားမှုကို သိရှိနိုင်ရန် ကာယကံရှင်မှ တင်ပြလျှောက်ထား ချက်အတိုင်း (ဥပမာ-စောလှမောင်၊
စိုင်းလှမောင်၊ ဆလိုင်းလှမောင်၊ မင်းလှမောင်၊ နော်လှလှရီ၊ နန်းလှလှရီ၊ မိလှလှရီ) စသည်ဖြင့်
ရေးသွင်းဆောင် ရွက်ပေးလျက်ရှိပါတယ်။
မေး
။ ။ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ ဖြိုးရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်တဲ့
လျှပ်စစ်ဓာတ်အားရရှိဖို့ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုစီစဉ်ဆောင်ရွက်နေပါသလဲ။
ဖြေ ။ ။ တိုင်းရင်းသားဒေသအချို့မှာ လျှပ်စစ်ဓာတ်အားမရရှိတဲ့အတွက်
လူမှုစီးပွားရေး ဘဝ နောက်ကျမှုတွေရှိနေကြောင်း သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများ၏ တင်ပြလာမှုတွေကို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး
ဦးစီးဌာနနဲ့ ညှိနှိုင်းပြီး အမျိုးသားလျှပ်စစ်ဓာတ်အား စီမံကိန်း (NEP) ဓာတ်အားလိုင်းနဲ့
၁ဝ မိုင်ကျော် ကွာဝေးတဲ့ ကျေးရွာတွေမှာ နေရောင်ခြည်သုံး ဓာတ်အားစနစ် (Solar System)
ရရှိနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ အစီအစဉ်အရ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးရှိ
ကျေးရွာ ၄၃ ရွာမှာ နေရောင်ခြည်သုံးဓာတ်အား စနစ်ကို ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ်နဲ့ ၂ဝ၁၈-၂ဝ၁၉
ဘဏ္ဍာရေး နှစ်မှာ ဆောင်ရွက်ပေးမယ်လို့ သက်ဆိုင်ရာဝန်ကြီး ဌာနက ပြန်ကြားထားပါတယ်။
မေး
။ ။ ဝန်ကြီးဌာနရဲ့ ဖွဲ့စည်းမှုနဲ့ လုပ်ငန်းတာဝန်တွေကို သိပါရစေ။
ဖြေ ။ ။ ဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနဲ့
တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန နှစ်ခုရှိပါတယ်။ ဝန်ထမ်း
ခန့်ထားမှုအနေနဲ အရာထမ်း ၆၂ ဦး အမှုထမ်း ၂၅၂ ဦး စုစုပေါင်း ၃၁၄ ဦး ခန့်ထားပြီး ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရှိ
ဦးစီးဌာန နှစ်ခု၏ ပြည်နယ်နှင့် တိုင်းဒေသကြီးရုံး တွေကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ
သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေက စီစဉ်ဆောင်ရွက်ပေးတဲ့နေရာမှာ
ရုံးတွေကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ မွန်ပြည်နယ် မော်လမြိုင်မြို့၊
ကရင်ပြည်နယ် ဘားအံမြို့၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊
စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊
ကယားပြည်နယ် လွိုင်ကော်မြို့၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ ချင်းပြည်နယ် ဟားခါးမြို့နဲ့
မကွေးတိုင်းဒေသကြီး မကွေးမြို့တွမှာ ရုံးတွေကို ဖွင့်လှစ်ခဲ့ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွေအတွက်
ပေ(၈ဝ × ၆ဝ) အရွယ် နှစ်ထပ် သံကူကွန်ကရစ် ရုံးအဆောက်အအုံ ဆောက်လုပ်ဖို့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှာ
ကယား၊ ကရင်၊ မွန်ပြည်နယ်များ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ရုံးအဆောက်အအုံအသစ်တွေ
တည်ဆောက်ရေးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာ ရုံးအဆောက်အအုံ အကြီးစားပြင်ဆင်ခြင်းကို
လည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပါတယ်။
ဦးဝင်းနိုင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုဦးစီးဌာန
မေး။
။ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနရဲ့ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နဲ့ နှစ်နှစ်တာကာလအတွင်း
လုပ်ဆောင်ချက် တွေကို ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ တိုင်းရင်းသားတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုတွေကို
ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ်တိုးတက် ခိုင်မာစေပြီး တိုင်းရင်းသားလူမျိုးတွေရဲ့
လူမှု ဘဝမြင့်မားတိုးတက်စေဖို့ မျှော်မှန်းပါတယ်။ ရည်ရွယ်ချက်တွေကတော့ တိုင်းရင်းသား
အချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ် အခြေခံ၍ ထာဝစဉ်
အတူတကွ လက်တွဲနေထိုင်ကြစေရေး၊ တိုင်းရင်း သားလူမျိုးတွေရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊
ရိုးရာဓလေ့ ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနဲ့ သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊
တိုင်းရင်း သားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားမှုနဲ့ ရိုင်းပင်းကူညီမှုတို့
တိုးတက်ဖြစ်ထွန်းစေရေး၊ တိုးတက်ဖွံ့ ဖြိုးမှု နည်းပါးနေတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့
ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ် ရေးစတာတွေပါဝင်တဲ့ လူမှုစီးပွားဖွံ့
ဖြိုးတိုးတက် ရေးတို့ဖြစ်ပါတယ်။
အစိုးရသက်တမ်း နှစ်နှစ်အတွင်း တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့
သက်ဆိုင်တဲ့စာပေ၊ ဘာသာ စကား၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်၊ ဓလေ့ ထုံးတမ်းများနဲ့စပ်လျဉ်းပြီး
သမိုင်းကြောင်းဆိုင်ရာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုအစရှိတဲ့ စာအုပ်စာတမ်းတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊
တေးသီချင်းတွေ၊ သတင်းမှတ်တမ်းနဲ့ ဆောင်းပါးတွေကိုစုစည်းပြီး ဌာနတွင်းစာကြည့်တိုက်အဖြစ်
ထားရှိခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဓလေ့ပုံပြင်စာအုပ် ''မြန်မာစကားမှသည်
တိုင်းရင်းသား ဘာသာစကားသို့'' ခေါင်းစဉ်ဖြင့် တိုင်းရင်းသား လူမျိုးရှစ်မျိုး စကားပြော
စာအုပ်တွေကို ဌာန အတွင်း ထုတ်ဝေခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရုံးတွေကို
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေး နှစ်မှာ မွန်ပြည်နယ်၌ လည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှာ ကရင်ပြည်နယ်၊
စစ်ကိုင်းတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့မှာဖွင့်လှစ်ပြီး
ရုံးချုပ်မှ အရာထမ်း၊ အမှုထမ်းတွေကို ယာယီပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်း၊ ပြောင်းရွှေ့တာဝန်
ထမ်းဆောင်ခြင်း ဆောင်ရွက်ခဲ့ ပါတယ်။
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး
ကာကွယ်စောင့်ရှောက်ရေးဥပဒေကို တိုင်းရင်း သားဘာသာစကားဖြင့် ဘာသာပြန်ဖြန့်ဝေ နိုင်ရေး
ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ဘာသာစကား ၄၄ မျိုးဖြင့် ဘာသာပြန်ဆိုဖြန့်ဝေပြီး ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ ဝေတဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေး စာစောင်တွေ၊ UNICEF
ကထုတ်ဝေတဲ့ နှိုးဆော်ပညာပေးပိုစတာတွေကို တိုင်းရင်းသားဘာသာနဲ့ ပြန်ဆိုခဲ့ပါတယ်။ ဒါ့အပြင်
ကျန်းမာရေး ဝန်ကြီးဌာနနဲ့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့တွေ ပူးပေါင်းပြီး
တိုင်းရင်းသား ဘာသာစကား ၅ဝ ခန့်ဖြင့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်တွေကို ဘာသာပြန်ဆိုပြီး
ထုတ်ဝေနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။
အဓိကလူမျိုးရှစ်မျိုး၊ အခြားမျိုးနွယ်စု
၃၂ စုနဲ့ပတ်သက်တဲ့ နောက်ခံသမိုင်း၊ တည်နေရာ၊ ထင်ရှားတဲ့နေရာတွေ၊ ရိုးရာပွဲတော်တွေ၊
အက တွေ၊ သဘာဝသယံဇာတ တွင်းထွက်တွေ၊ ရိုးရာ အစားအသောက်တွေအစရှိတဲ့ အချက်အလက် တွေပါဝင်တဲ့
လက်ကမ်းစာစောင်တွေကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ဝေပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့
လူမျိုးနွယ်စုတွေရဲ့အကြောင်းကို ထုတ်ဝေနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ
အဓိကလူမျိုးရှစ်မျိုးရဲ့ ဝတ်စားဆင် ယင်ထုံးဖွဲ့မှုတွေ၊ အသုံးအဆောင်တွေနဲ့ ရိုးရာ တူရိယာပစ္စည်းတွေကို
လူရုပ်တုတွေနဲ့လည်း ကောင်း၊ လူမျိုးစုတွေရဲ့ ဒေသဆိုင်ရာရှုခင်းနဲ နောက်ခံပန်းချီကားတွေကို
လည်းကောင်း ဝန်ကြီး ဌာန ပြခန်းမှာ ခင်းကျင်းပြသထားပြီး ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ဧည့်ကြိုဆောင်လှေကားနံရံနဲ့ အစည်းအဝေး ခန်းမအဝင်မှာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနဲ့
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနတို့မှ တိုင်းရင်းသားဝန်ထမ်းတွေရဲ့
ရိုးရာဝတ်စုံတွေနဲ ပြည်နယ်၊ တိုင်းဒေသကြီးတွေရဲ့ အထင်ကရ ဒေသရှုခင်းနောက်ခံများဖြင့်
''သွေးချင်းတို့တည် ရာမြေ'' ဓာတ်ပုံများ တပ်ဆင်ခြင်းဆောင်ရွက်ခဲ့ပါတယ်။
ဒေသခံတိုင်းရင်းသားစာပေ ဘာသာစကား သင်ကြားနေတဲ့
ပြင်ပပုဂ္ဂိုလ် ဆရာ၊ ဆရာမများ Teaching Assistant ခန့်အပ်ဖို့ ပညာရေး ဝန်ကြီးဌာနနဲ့
ညှိနှိုင်းဆောင်ရွက်ခဲ့ရာ တိုင်းဒေသ ကြီးနဲ့ပြည်နယ်တွေမှာ တိုင်းရင်းသား ဘာသာသင် ဆရာ၊
ဆရာမ ၅၁၆၁ ဦးကို နေ့စားလပေး ဆရာ၊ ဆရာမတွေအဖြစ် ပညာရေးဝန်ကြီးဌာနမှ ခန့်အပ နိုင်ရေး
ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်ရှိ စာပေနှင့်
ယဉ်ကျေးမှုအဖွဲ့အစည်းတွေက ပြည်ထဲရေးဌာနသို့ စာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့အစည်းများ
ဖွဲ့စည်းရန်အတွက် လျှောက်ထားရာမှာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနသို့
ထောက်ခံချက်များတောင်းခံခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့
တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများထံ အသိပေးထောက်ခံချက်များတောင်းခံပြီး ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် ကာလတွင် အခြေခံပညာသင်ကျောင်းများမှာ
တိုင်းရင်းသား စာပေ သင်ကြားရေးသင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း
ဆောင်ရွက်ခဲ့ပါတယ်။
ဒေါက်တာအယ်လ်တူးမိန်းဂေါင်၊
ဒုတိယညွှန်ကြားရေးမှူးချုပ်
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန
မေး။
။ ဦးစီးဌာနရဲ့ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေကို ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ ဦးစီးဌာနရဲ့ရည်မှန်းချက်က ဘာလဲဆိုတော့
တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေနဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝ ရရှိဖို ဆောင်ရွက်မှာပါ။
ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊
အများပြည်သူတို့ရဲ့ ကိုယ်ကျင့်တရား အကျိုးငှာပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ မဆန့်ကျင်ဘဲ ဆောင်ရွက်မှာ
ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ တိုင်းရင်းသားလူမျိုးတွေကြားထဲမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီးတော့
ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့
အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အငြင်းပွားမှုဖြေရှင်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့
ထိထိရောက်ရောက်ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။
မေး။
။ နှစ်နှစ်တာကာလအတွင်း ဦးစီးဌာနအနေနဲ့ တိုင်းရင်းသားတွေရဲ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး
အတွက် ဘာတွေ လုပ်ဆောင်ခဲ့လဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ လက်ရှိမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရုံးတွေ
ဖွင့်ထားခဲ့ပါပြီ။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်ထဲမှာ ရုံးငါးရုံး အဆောက်အအုံကို အပြီးဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဝန်ထမ်းတွေလည်း စေလွှတ်တာဝန်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဝန်ထမ်း များအနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့
ထိတွေ့မှုတွေစတင်ပြုလုပ်နေပါပြီ။ တစ်ဆက တည်းမှာပဲ တိုင်းရင်းသားတွေရဲ့ အဖွဲွဲ့အစည်းအသစ်တွေနဲ့
လက်တွဲဆောင်ရွက်နိုင်ဖို့ဆိုတဲ့ လုပ်ငန်း စဉ်အောက်မှာ စနစ်တကျ စီစဉ်ဆောင်ရွက်ပေး နိုင်ဖို့လုပ်ပါတယ်။
တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း
ဆောင်ရွက်ပေးနေပါတယ်။ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တဲ့ နည်းဥပဒေ မကြာခင် ရေးဆွဲပြဋ္ဌာန်းပြီး
ပေါ်ထွက်လာတဲ့အခါ နည်းဥပဒေကို ကျောထောက်နောက်ခံ ပြုပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို
ကာကွယ် စောင့်ရှောက်နိုင်မယ်။ တိုင်းရင်းသားအကျိုးတွေ ကို ပိုမိုဆောင်ရွက်နိုင်မယ်။
တိုင်းရင်းသား အချင်းချင်း အငြင်းပွားတဲ့ကိစ္စတွေမှာလည်း ပါဝင်ဆောင်ရွက်သွားနိုင်မယ့်
အနေအထား ဖြစ်ပေါ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆိုတာ
အဓိက အားဖြင့်တော့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအခန်း (၃)၊
ပုဒ်မ(၄)မှာ အချက် ၁ဝ ချက်ပြဋ္ဌာန်းထားတာ ရှိပါတယ်။
အဓိကကတော့ တိုင်းရင်းသားတွေရဲ့စကား၊ စာပေ၊
ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ အပိုင်း၊ နိုင်ငံတော်
ပညာရေးမူဝါဒတွေကို မထိခိုက်ဘဲ သူတို့ရဲ့ စာပေတွေကို သင်ကြားသင်ယူနိုင်ဖို့ဆိုတဲ့အပိုင်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ်တွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာ တိုင်းရင်းသား
ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ၊ တိုင်းရင်းသားတွေရဲ့ သမိုင်းဖြစ်စဉ်
တွေကို ထုတ်ဖော်ခွင့်နဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းခွင့်ဆိုတာတွေ ပါဝင်ပါတယ်။ အားလုံးပေါင်း
၁ဝ ချက်ပါပါ တယ်။ ဒါ့အပြင် သယံဇာတ တူးဖော်တဲ့ကိစ္စမျိုးတွေ၊ စီမံကိန်းကြီးတွေ ပြုလုပ်တဲ့အခါ
တိုင်းရင်းသားတွေရဲ့ သဘောတူညီမှုရယူပြီး ဆောင်ရွက်ရမယ်ဆိုတဲ့ အပိုင်းတွေလည်း ပါပါတယ်။
ဒါတွေက တိုင်းရင်းသားအားလုံးရဲ့အခွင့်အရေးပါ။
ဒီလို အခွင့်အရေး ဆောင်ရွက်တဲ့အခါမှာ လက်ရှိတည်ဆဲ ဥပဒေတွေနဲ့ နိုင်ငံတော် လုံခြုံရေးကို
မထိခိုက်ဖို့၊ ရပ်ရွာအေးချမ်းသာယာရေးကို မထိခိုက်ဖို့ အပိုင်းတွေလည်း ရှိပါတယ်။ ဒီအခွင့်
အရေးတွေကို စနစ်တကျနဲ့ရရှိဖို့၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခံရပြီ
ဆိုရင် စနစ်တကျနဲ့တင်ပြပြီး ဖြေရှင်းဆောင်ရွက်နိုင်ဖို့ကို မိမိတို့ဦးစီးဌာနက ပါဝင်ဆောင်ရွက်ပေးရမှာ
ဖြစ်ပါ တယ်။
ဆလိုင်းဟာကီး
ချင်းတိုင်းရင်းသား
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန
ပေါ်လာတာ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး အတွက် ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသား အများကြီးရှိထားတဲ့နိုင်ငံ ဖြစ်တယ်။ တိုင်းရင်းသား
အားလုံးအတွက် အလုပ်လုပ်မယ့် ဝန်ကြီးဌာန တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံမှာ ရှိသင့်တယ်လို့ကျွန်တော်မြင်တယ်။
တိုင်းရင်းသားများရဲ့ အခွင့်အရေး ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကတော့ ရှိသင့်ပါတယ်။ ဒီဥပဒေထွက်ပေါ်လာခြင်းအားဖြင့်
ကျွန်တော်တို့ တိုင်းရင်းသားဒေသအသီးသီးမှာ ခံစားခွင့်၊ ရပိုင် ခွင့်တွေကို လွတ်လွတ်လပ်လပ်
အားလုံးရရှိခံစား နိုင်ကြမယ်လို့ ကျွန်တော်ထင်တယ်။
စာပေကတော့ လူမျိုးအားလုံးရဲ့ အသက် ဖြစ်တယ်။
စာပေက လူမျိုးတိုင်းအတွက် လိုအပ်တယ်။ စာပေမရှိရင် ကြာရှည်တည်တံ့မှုကို ကျွန်တော်တို့
ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား အများကြီးရှိတယ်။
တိုင်းရင်းသားမျိုးနွယ်စုအကြီး တွေကနေ တိုင်းရင်းသားမျိုးနွယ်စု အသေးတွေ ရှိတယ်။ ဒါတွေအားလုံးကို
စုံစုံလင်လင်ထိန်းသိမ်း ချင်တယ်ဆိုရင် စာပေကို ဘာပဲဖြစ်ဖြစ် ထိန်းသိမ်း ပေးရမှာဖြစ်တယ်။
အဲဒီအတွက် စာပေသင်ကြား ပေးခြင်းက အဓိကကျတယ်။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ စာပေကို
မြှင့်တင်ပေးဖို့ အတွက် ဒီဝန်ကြီးဌာနက လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့အားလုံးအနေနဲ့
ကြိုဆိုရမယ့်ကဏ္ဍ ပဲဖြစ်တယ်။
လက်ကမ်းစာစောင်တွေကို အများကြီး တိုင်းရင်းသားစာပေတွေနဲ့
ထုတ်စေချင်တယ်။ ဒီခေတ်မှာ ကိုယ့်တိုင်းရင်းသားစာပေကို မတတ်တဲ့ တိုင်းရင်းသားလူငယ်တွေ
အများကြီးရှိနေပြီ။ ဒီလူငယ်တွေက ကိုယ့်တိုင်းရင်းသား ဘာသာစကားကို ပြန်လည်ရင်းနှီးဖို့က
ဒီလက်ကမ်း စာစောင်တွေက အများကြီး အထောက်အကူဖြစ် စေမှာဖြစ်တယ်။ ဗမာစကား၊ ဗမာစာမတတ်တဲ့
ကျွန်တော်တို့ရဲ့ သက်ကြီးရွယ်အို၊ ဘိုးဘွားတွေကလည်း တိုင်းရင်းသားဘာသာစကားနဲ့ ကျန်းမာရေးစောင့်ရှောက်မှု
ပိုစတာတွေ၊ အသိပညာပေးပိုစတာတွေကို ကြည့်ခြင်းအားဖြင့် သူတို့ ဘယ်လိုနေထိုင်ရမယ်ဆိုတာ
သူတို့ဆင်ခြင် လို့ရနိုင်မယ်။
ကိုယ့်တိုင်းရင်းသားဘာသာစကားနဲ့ ပိုစတာတွေ၊
ပညာရေးကဏ္ဍဖြစ်ဖြစ်၊ ကျန်းမာရေးကဏ္ဍ ဖြစ်ဖြစ် ထုတ်ပေးနိုင်မယ်ဆိုရင် ပိုပြီးတော့အဆင်ပြေလာမယ်။
ကိုယ့်တိုင်းရင်းသား ဘာသာစကားကို မဖတ်တတ်တဲ့ ကလေးတွေကလည်း အဲဒါတွေကို ကြည့်ခြင်းအားဖြင့်
အလွယ်တကူဖတ်တတ်လာမယ်။ ဗမာစကားနားမလည်တဲ့ သက်ကြီးရွယ်အို တွေကလည်း အဲဒါတွေကြည့်ခြင်းအားဖြင့်
ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲ လာနိုင်မယ်လို့ ထင်တယ်။ အဲဒါကြောင့် ဒီဗီနိုင်းတို့၊
ပိုစတာတို့ ဆိုတာ ကိုယ့်တိုင်းရင်းသား ဘာသာစကားနဲ့ ထုတ်ပြန်ပေးဖို့က ကျွန်တော့်အနေနဲ့
အားရ ဝမ်းသာကြိုဆိုရမှာပါ။
တိုင်းရင်းသားလူမျိုးအားလုံးမှာ၊ ပြည်နယ်နဲ့
တိုင်းဒေသကြီးတွေမှာ အမျိုးသားနေ့တို့၊ ပြည်နယ် နေ့တို့ရှိပါတယ်။ ဒီလို အမျိုးသားနေ့ဆိုတာ
ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေအသီးသီးနဲ့ သက်ဆိုင်တဲ့နေ့တွေ ဖြစ်တယ်။ အဲဒီတိုင်းရင်းသားတွေနဲ့
သက်ဆိုင်တဲ့နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့က ကျွန်တော်တို့အားလုံးက မျှော်လင့်
ထားတာဖြစ်တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့အမျိုးသားနေ့တွေကို စည်စည်ကားကား
မကျင်းပနိုင်ခဲ့တဲ့ ခုနှစ်တွေ လည်းရှိခဲ့တယ်။ ဒီနောက်ပိုင်းမှာတော့ ကိုယ့် အမျိုးသားနေ့တွေကို
အားလုံးက ပြန်လည်ကျင်းပ လာနိုင်တယ်။ နိုင်ငံတော်အကြီးအကဲတွေလည်း တက်ရောက်နိုင်ကြတဲ့အခါကျတော့
ဂုဏ်ယူ ပါတယ်။ ကျွန်တော်က ချင်းတိုင်းရင်းသား တစ်ယောက်အနေနဲ့ဆိုရင် ချင်းအမျိုးသားနေ့မှာ
နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်တယ် ဆိုရင် ဝမ်းသာတယ်၊ ဂုဏ်ယူတယ်။
စိုင်းထွန်းမင်းလတ်
ရှမ်းတိုင်းရင်းသား
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ပေါ်လာတာကို တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကြိုဆိုတယ်။ အရင်တုန်းက တိုင်းရင်းသားအခွင့်
အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ မရှိခဲ့တာတွေလည်း ရှိတယ်။ အခုဒီဝန်ကြီးဌာန အသစ် ပေါ်လာပြီဆိုတော့
တိုင်းရင်းသားတွေအနေနဲ့ လုပ်ပိုင်ခွင့် တွေရနိုင်မယ်လို့ ကျွန်တော်ထင်တယ်။
တိုင်းရင်းသား ကာကွယ်စောင့်ရှောက်ရေး
ဥပဒေကို ၂ဝ၁၅ တုန်းက ပြဋ္ဌာန်းတယ်။ နည်းဥပဒေက အခုပြဋ္ဌာန်းဖို့ရေးဆွဲနေတယ်။ တကယ်လို့ ဒီနည်းဥပဒေကို
အတည်ပြုပြဋ္ဌာန်းပြီဆိုရင် နိုင်ငံတော်ရဲ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို မဆန့်ကျင်တဲ့
တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု၊ ဘာသာတွေကို ပိုပြီးတော့ လွတ်လပ်စွာလုပ်ဆောင်နိုင်မယ်လို့
ထင်ပါတယ်။
လက်ကမ်းစာစောင်တွေနဲ့ ပတ်သက်ပြီးတော့
တချို့နယ်ဝေးဘက်မှာတော့ မရောက်ဘူးပေါ့၊ နီးစပ်ရာတွေ လောက်ပဲ၊ ဒါပေမယ့် ကိုယ့်ရဲ ဘာသာစကားနဲ့
ဖော်ပြတယ်ဆိုတာ တကယ် ကောင်းတဲ့အချက်ပါပဲ။ ဘာလို့လဲဆို တော့ ကိုယ်က တိုင်းရင်းသားတစ်ယောက်၊
ကိုယ့်ရဲ့စကားနဲ့ ဖော်ပြတယ်ဆိုရင် ပိုပြီးတော့ ထိရောက် တာပေါ့။
ရှမ်းပြည်နယ်က ကျယ်တယ်။ တိုင်းရင်းသား
ပေါင်းစုံနေတယ်။ ဆရာ၊ ဆရာမတွေခန့်ထားတဲ့ နေရာမှာ နည်းနည်းတော့ အားနည်းတယ်လို့ ပြောချင်တယ်။
တချို့ခန့်ထားတယ်ဆိုတာက စိစစ်ပြီးတော့ ခန့်ထားတာ မဟုတ်ဘူး။ တချို့စာပေ သင်တဲ့ ဆရာမက
ကိုယ်ကိုယ်တိုင်လည်း တိတိကျကျ ထဲထဲဝင်ဝင်မသိဘူး။ ဖြစ်စေချင်တာက အခြေခံပညာကျောင်းမှာခန့်မယ့်
တိုင်းရင်းသား ဆရာ၊ ဆရာမတွေကို ယဉ်ကျေးမှုကလာတဲ့ ဆရာ၊ ဆရာမတွေကို ခန့်ပေးစေချင်တာပေါ့။
ထဲထဲဝင်ဝင်သိမှ ကလေးတွေကိုသင်တဲ့အခါ ပိုပြီးတော့ ထိရောက်တယ်လို့ပြောချင်ပါတယ်။ စာပေဆိုတာ
လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောလို့ ပြောရမှာပေါ့။ စာပေပျောက်ရင် လူမျိုးပါပျောက်တယ်လို
ဆိုရိုးလည်းရှိပါတယ်။ ဒါကြောင့် စာပေက အရေးကြီးတယ်ပေါ့။
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန
ပေါ်လာတဲ့အတွက် ကောင်းပါတယ်။ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီး ပိုပြီး
တော့တိုးတက်လာမယ်။ ပိုပြီးတော့ ထွန်းကားလာမယ်။ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုနဲ့
စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အတူတကွ လက်တွဲရင် ငြိမ်းချမ်းရေးကိုရရှိမှာ
ဖြစ်တယ်။
တိုင်းရင်းသားများ၏ အခွင့်အရေးဆိုသည်မှာ
ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့်အညီ တိုင်းရင်းသားများ၏ ရပိုင်ခွင့်ပင် ဖြစ်သည်။
အခွင့်အရေးကို ရယူမည်ဆိုပါက တာဝန်လည်း တွဲပါလာမည်ဖြစ်သည့်အတွက် အခွင့်အရေးနှင့် တာဝန်ကို
ဒွန်တွဲပြီး တူညီသောတန်ဖိုးထားမှ မိမိတို့၏ လူ့အသိုက်အဝန်းသည် တိုးတက် နိုင်မည်ဖြစ်သည့်အတွက်
မိမိတို့အားလုံး အခွင့်အရေးနှင့် တာဝန်ကိုသိရှိပြီး မိမိတို့အသိုက်အဝန်း ပြည်ထောင်စု
ကြီး ငြိမ်းချမ်းတိုးတက်ရန် တက်ညီ လက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်
အရေးကြီးလှပါသည်။ ။
No comments:
Post a Comment