Thursday, April 12, 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ကမ္ဘာ့နိုင်ငံအကြီးအကဲများမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့


ဆားဘီးယားသမ္မတနိုင်ငံ

အဆွေတော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အဆွေတော်၏ တာဝန်ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်းနှင့် မြန်မာပြည်သူများ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါသည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဆားဘီးယား သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒြားဗူစစ်က သဝဏ်လွှာ ပေးပို့သည်။


အဆွေတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အဆင်သင့်ရှိသကဲ့သို့ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တိုးမြှင့်ရန်လည်း အဆင်သင့်ရှိပါသည်။ ကိုဆိုဗိုဒေသ၏ တစ်ဖက်သတ်လွတ်လပ်ရေး ကြေညာချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က အသိအမှတ်မပြုခဲ့သည့်အတွက် မိမိအနေဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။ နိုင်ငံတကာဥပဒေနှင့်အညီ တည်ရှိနေသည့် ဆားဘီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အဆွေတော်တို့ မြန်မာနိုင်ငံက ဆက်လက် ထောက်ခံနေမည်ဟု ယုံကြည်ပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဟန်ဂေရီသမ္မတနိုင်ငံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် အဆွေတော်အား ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ယူပါကြောင်း၊ ဟန်ဂေရီသမ္မတနိုင်ငံသမ္မတ မစ္စတာ ယာနော့စ်အာဒါက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

လွန်ခဲ့သည့်နှစ်များအတွင်း မိမိတို့နှစ်နိုင်ငံကြား နယ်ပယ်ကဏ္ဍ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေနပ်ပီတိ ဖြစ်ရပါသည်။ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားအတွက် မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးတက်နေမည်ဟု ယုံကြည်ပါကြောင်းနှင့် အဆွေတော်အနေဖြင့် ကျန်းမာချမ်းသာစွာဖြင့် မြန်မာပြည်သူများ အကျိုးစီးပွားအတွက် အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု

အဆွေတော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် အမေရိကန်ပြည်သူများကိုယ်စား လည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ ဒေါ်နယ်ထရမ့်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ သဝဏ်လွှာပေးပို့သည်။

မိမိတို့နှစ်နိုင်ငံကြား မိတ်ဖက်နိုင်ငံများအဖြစ် ကာလကြာရှည်စွာ တည်ရှိနေသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အမေရိကန် ပြည်ထောင်စုက တန်ဖိုးထားပါသည်။ မြန်မာနိုင်ငံက ကြိုးပမ်းအကောင် အထည်ဖော်နေသည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးမှုနှင့် လူ့အခွင့်အရေးလေးစားလိုက်နာမှုရှိရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အမေရိကန်နိုင်ငံက ဆက်လက်ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကတိပြုပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆွစ်ဇာလန်နိုင်ငံ

အဆွေတော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆွစ်ဇာလန်နိုင်ငံ သမ္မတ မစ္စတာ အလိန်းဘဲဆက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ သဝဏ်လွှာ ပေးပို့သည်။

မိမိတို့ နှစ်နိုင်ငံကြား ကာလကြာရှည်စွာတည်ရှိနေသည့် ဆက်ဆံရေးနှင့် မကြာသေးမီက ကျင်းပခဲ့သည့် နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် ၆ဝ ပြည့် အခမ်းအနားများကြောင့် လာမည့်နှစ်များအတွင်း ဆက်ဆံရေး ဆက်လက်တိုးတက်နေမည်ဟု ယုံကြည်ပါသည်။ နယ်ပယ်ကဏ္ဍအသီးသီးတွင် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ဆွစ်ဇာလန်- အာဆီယံ မိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံက ကြိုးပမ်း အကောင်အထည်ဖော်နေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်မှုများ အတွက် ဆွစ်ဇာလန်နိုင်ငံက ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ပါကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဥဇဘက်ကစ္စတန် သမ္မတနိုင်ငံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတရာထူးကို အဆွေတော်အား ပြည်သူများက ယုံကြည်စွာ အပ်နှင်းသည်ကို ကြားသိရသည့်အတွက် လွန်စွာဝမ်းမြောက်မိပါသည်ဟု ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှဖ်ကတ်မီတဲလ်ရက်ဖ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ သဝဏ်လွှာ ပေးပို့သည်။

မြန်မာနိုင်ငံနှင့် ဥဇဘက်ကစ္စတန်နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေမည်ဟု ကျွန်ုပ်အနေဖြင့် အခိုင်အမာ ယုံကြည်ပါသည်။ နှစ်နိုင်ငံအကြား အပြုသဘောဆောင်သော နိုင်ငံရေးဆွေးနွေးပွဲ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပြန်အလှန်ကူညီပေးမှုများသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်ရုံသာမက နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုလည်း တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ပေးရာ ရောက်ပါသည်။ အဆွေတော် ကျန်းမာရေးကောင်းမွန်စွာဖြင့် မြန်မာပြည်သူ ပြည်သားများ၏ အကျိုးစီးပွားနှင့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေးရရှိရေးအတွက် သမ္မတရာထူးကို တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ပါစေကြောင်း ဆုတောင်း လိုက်ပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဘယ်လ်ဂျီယံနိုင်ငံ

အဆွေတော်အား မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်း အတွက် အလွန်ပင်ဝမ်းမြောက်မိပါကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဘုရင် ဖိလစ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ သဝဏ်လွှာပေးပို့သည်။

အဆွေတော်အား ပြည်သူများက ယုံကြည်စွာ အပ်နှင်းသည့် သမ္မတ ရာထူးကို အဆွေတော်အနေဖြင့် တာဝန်ကျေပွန်စွာ ရွက်ဆောင်နိုင်မည်ဟု ကျွန်ုပ်အနေဖြင့် ယုံကြည်ပါသည်။ မြန်မာနိုင်ငံပြည်သူများ ဒီမိုကရေစီစနစ်၏ အသီးအပွင့်များ ရရှိခံစားနိုင်ရန် သာမက နိုင်ငံ၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိ စေရန်နှင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း ပြန်လည် သင့်မြတ်စေရန် ဘယ်လ်ဂျီယံနိုင်ငံက အစဉ်အမြဲ ထောက်ပံ့ကူညီ ပေးလျက်ရှိပါသည်။

နှစ်နိုင်ငံပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ရှေ့တန်းတင်ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် အဆွေတော် ဦးဆောင်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်လျက်ရှိပါသည်။ ထိုသို့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် ၂ဝ၁၈ ခုနှစ် အောက်တိုဘာတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ကျင်းပမည့် အေဆမ်ထိပ်သီး အစည်းအဝေးပွဲသို့ အဆွေတော်အနေဖြင့် တက်ရောက်ချီးမြှင့်ပေးစေလိုသည်။ ဘယ်လ်ဂျီယံနိုင်ငံကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် မဟုတ်သော နိုင်ငံအဖြစ် ရွေးချယ်ခြင်းခံရရန် မြန်မာနိုင်ငံ၏ ကူညီထောက်ပံ့ပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည် ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

မွန်ဂိုလီးယားနိုင်ငံ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် အဆွေတော်အား မြန်မာပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့ခြင်း အတွက် မွန်ဂိုလီးယားပြည်သူများကိုယ်စားလည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း အဆွေတော်နှင့်ထပ်တူထပ်မျှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း မွန်ဂို လီးယားနိုင်ငံသမ္မတ မစ္စတာ ဟာ့ဂ်ျမားဂင် ဘာတူလ်ဂါက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ သဝဏ်လွှာ ပေးပို့ပါသည်။

မွန်ဂိုလီးယားနှင့်မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ကောင်းမွန် သော ဆက်ဆံရေးများ ပိုမိုခိုင်မာတိုးတက်ကောင်းမွန်လာမည် ဖြစ်သည့်အတွက် ကျွန်ုပ်အနေဖြင့် ကျေနပ်ဝမ်းသာမိပါသည်။ နောင်အနာဂတ်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တိုးတက်မှုရှိပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု၏ ရလဒ်ကောင်းများကို နှစ်နိုင်ငံပြည်သူများ ခံစားစေရမည်ဟု ကတိပြုပါသည်။ အဆွေတော် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး နိုင်ငံနှင့် လူမျိုးအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သ အပ်ပါသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကြေးမုံ

No comments:

Post a Comment