Tuesday, April 10, 2018

ညောင်ဦးမြို့နယ် သာယာကုန်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့မှုဖြင့် ဆောင်ရွက်သည့် ကျေးရွာအဝင် ကွန်ကရစ်လမ်း ဖွင့်ပွဲ ကျင်းပ


ညောင်ဦး   ဧပြီ    ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ စဥ့်ကူကျေးရွာအုပ်စု- သာယာကုန်းကျေးရွာတွင် ညောင်ဦး မြို့နယ် လူထုဗဟိုပြု စီမံကိန်း တတိယနှစ်စက်ဝန်း စီမံကိန်း ထောက်ပံ့ငွေနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် ဒေသခံ ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာမှု အဆင်ပြေစေရန် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာအဝင် ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁ဝ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ၌ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာအဝင် ကွန်ကရစ်လမ်းအနီး ယာယီ မဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေ (ဒုတိယညွှန်ကြားရေးမှူး)၊ လူထုဗဟိုပြု စီမံကိန်းရုံးမှ နည်းပညာ အကြံပေးခေါင်းဆောင် ဦးကျော်မိုဃ်းအောင်၊ စဥ့်ကူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းညွန့်ဦး၊ သာယာကုန်းကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းချမ်းတို့က ကွန်ကရစ်မုခ်ဦး ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေ (ဒုတိယညွှန်ကြားရေးမှူး)က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ ညောင်ဦးမြို့နယ် သာယာကုန်းကျေးရွာတွင် တတိယနှစ်စက်ဝန်း စီမံကိန်း ထောက်ပံ့ငွေနှင့် ကျေးရွာပြည်သူတို့၏ ထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်း၍ ဒေသခံ ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာမှု အဆင်ပြေစေရန် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာအဝင် ကွန်ကရစ်လမ်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျေးရွာရှိ စီမံကိန်း ကော်မတီမှ တာဝန်ရှိသူများက ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တစ်စပ်တည်းမှာပဲ နှစ်အလိုက် စီမံကိန်း လုပ်ငန်းများကို ကျေးရွာရှိ ရပ်မိ၊ ရပ်ဖများ အနေဖြင့် အားကြိုးမာန်တက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ နည်းပညာ အကြံပေးခေါင်းဆောင် ဦးကျော်မိုဃ်းအောင်က စီမံကိန်းလုပ်ငန်းများ အကြောင်း အသေးစိတ် ချပြရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းနောက် စဥ့်ကူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် သာယာကုန်း ကျေးရွာစီမံကိန်း ကော်မတီ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းတို့က စီမံကိန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တတိယနှစ်စက်ဝန်း စီမံကိန်းထောက်ပံ့မှုဖြင့် ကျေးရွာအဝင် ကွန်ကရစ်လမ်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးမှုအပေါ် ဝမ်းသာပီတိစကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ညောင်ဦးမြို့နယ် စဥ့်ကူကျေးရွာအုပ်စု-သာယာကုန်းကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာမှု အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာအဝင် ကွန်ကရစ်လမ်းမှာ အရှည်ပေ(၁၀၅၀)ပေ၊ လမ်းအကျယ်(၁၂)ပေ၊ ထု(၆)လက်ခန့် ရှိကြောင်း သိရသည်။ ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စက်ဝန်း စီမံကိန်း ထောက်ပံ့ငွေကျပ် (၁၀,၈၈၈,၂၀၀ိ/)နှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ်(၃၂၅,၀၀၀ိ/-)တို့ဖြင့် ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးသွားခဲ့ကြောင်း သိရသည်။

ယခုအခါ သာယာကုန်းကျေးရွာတွင် ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းထောက်ပံ့မှုဖြင့် ကျေးရွာအဝင် ကွန်ကရစ်လမ်း ခင်းကျင်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သဖြင့် ကျေးရွာ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက်များစွာ အထောက်အကူ ပေးနိုင်မည်ဖြစ်ရာ ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment