Thursday, April 12, 2018

ငါ့သရောက်မြို့နယ် သနပ္ပင်ကျေးရွာတွင် အဝီစိစက်ရေတွင်းသစ် တစ်တွင်း ထပ်မံ တူးဖော်ဆောင်ရွက်ပေးသွားမည်


ငါ့သရောက်  ဧပြီ    ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် UNICEF အဖွဲ့တို့ ပူးပေါင်း၍ ငါ့သရောက်မြို့ ကမ္မကျေးရွာအုပ်စု - သနပ္ပင်ကျေးရွာတွင် အဝီစိစက်ရေတွင်း ချို့ယွင်းမှုကြောင့် သောက်သုံးရေ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ဒေသခံ ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဧပြီ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ချို့ယွင်းပျက်စီးသွားသည့် အဝီစိစက်ရေတွင်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းနှင့် ထပ်မံ၍ ခန့်မှန်း အနက်ပေ (၇၀၀)ခန့်ရှိ (၄)လက်မ အဝီစိစက်ရေတွင်းသစ် တစ်တွင်း တူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


“မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ကမ္မကျေးရွာအုပ်စု - သနပ္ပင်ကျေးရွာမှာ ယခုလ ၁ ရက်နေ့က ဒေသခံပြည်သူတွေ သောက်သုံးရေအတွက် မှီခိုအားထားရတဲ့(၆)လက်မ အဝီစိစက်ရေတွင်းက တွင်းအောင်ပိုင်း ချို့ယွင်းမှုကြောင့် ရေထွက်အား သိသိသာသာ လျော့နည်းကျဆင်းသွားခဲ့တဲ့အတွက် အဆိုပါ ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူတွေ သောက်သုံးရေသုံးစွဲရာမှာ လုံလောက်မှုမရှိတော့ဘဲ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဌာနအနေနဲ့ အဲဒီသတင်းကို သိသိချင်းပဲ သနပ္ပင်ကျေးရွာကို ချက်ချင်းသွားရောက်ပြီး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ ဒေသခံရပ်မိရပ်ဖ ရေကော်မတီတွေက စက်ရေတွင်းက ယခင်က ရေထွက်အား တစ်နာရီကို ရေဂါလံ(၁၃၀၀)ခန့် ထွက်ရှိပြီး ယခုလ တစ်ရက်နေ့က စတင်၍ တွင်းအောက်ပိုင်း ချို့ယွင်း ပျက်စီးမှုကြောင့် တစ်နာရီကို ရေဂါလံ (၄၀၀)လောက်ပဲ ထွက်ရှိတော့တယ်လို့ ပြောပါတယ်။ ထွက်ရှိတဲ့ ရေဂါလံ(၄၀၀) နဲ့ ကျေးရွာရှိ အိမ်ခြေ(၃၁၇)အိမ်မှ လူဦးရေ(၁၈၀၀)ခန့်အတွက်  လုံလောက်မှုမရှိပဲ အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ပြောပြ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ညောင်ဦးခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယခုဆိုရင် သနပ္ပင်ကျေးရွာကို တစ်ရက်လျှင် ရေဂါလံ(၁၂၅၀)ဆံ့ ရေသယ်ယာဉ် (၅)စီးနဲ့ ဒေသခံ ကျေးလက်နေ ပြည်သူတွေကို သောက်သုံးရေ ဖူလုံစေရေး သွားရောက်ဖြန့်ဝေပေးနေပါတယ်။ ဒါ့အပြင် ဒေသခံ ပြည်သူတွေ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF အဖွဲ့တို့ ပူးပေါင်းပြီး နဂိုမူလရှိ ချို့ယွင်း ပျက်စီးသွားတဲ့ အဝီစိစက်ရေတွင်းကို ယခင်အတိုင်း ရေဂါလံအထွက်နှုန်း ပြန်လည်ရရှိအောင် ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ထပ်မံ၍ တွင်းအနက်ပေ(၇၀၀)ခန့်ရှိ (၄)လက်မ အဝီစိ စက်ရေတွင်းသစ် တစ်တွင်း တူးဖော်ခြင်း၊ အမြင့်(၂၀)ပေရှိ ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှာပဲ  စတင်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။  ချို့ယွင်းနေတဲ့ စက်ရေတွင်းကို ပြုပြင်ဖို့နဲ့ နောက်ထပ် အသစ် တူးဖော်ပေးမယ့် (၄)လက်မ အဝီစိစက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်(၂၀)ပေရှိ ဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျစရိတ် (၂၀.၆)သန်းခန့် ကုန်ကျမှာဖြစ်ပြီး ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF အဖွဲ့မှ ငွေကျပ်(၁၅)သန်း၊ လင်းလက်ပြည့်စုံအောင် ကုမ္ပဏီမှ ငွေကျပ်(၃)သန်း၊ ကျေးရွာပြည်သူလူထုထည့်ငွေကျပ်(၃)သန်း၊ စုစုပေါင်း ငွေကျပ်(၂၁)သန်းဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေ(ဒုတိယညွှန်ကြားရေးမှူး)၏ ပြောပြချက်အရ သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)



သတင်းပေးပို့သူအမည်                               ဦးရဲဝင်းနိုင် (ညောင်ဦး)
ရာထူး                                                    ဓါတ်ပုံကျွမ်းကျင် - ၂ (အင်အားပြ)
ဌာန/ အဖွဲ့အစည်း                                    ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဖုန်းနံပါတ်                                               ၀၉ - ၇၉၆၉၄၀၉၀၁
မှတ်ပုံတင်အမှတ်                          ၉ / ငသရ (နိုင်) ၀၀၄၂၀၆

           

No comments:

Post a Comment