Thursday, April 12, 2018

ညောင်ဦးမြို့တွင် နွေရာသီကာလ မီးဘေးအန္တရာယ် ကင်းဝေးစေရေး ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း စစ်ဆေး



ညောင်ဦး   ဧပြီ   ၁၂

ပူပြင်းခြောက်သွေ့သော နွေရာသီအချိန် ရောက်ရှိလာပြီဖြစ်သဖြင့် ညောင်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံး နစ်နာမှု မရှိစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိစေရန်တို့ကို ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်သော သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်နည်း သရုပ်ပြ ဆောင်ရွက်ခြင်းများ စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ညောင်ဦး - မြင်းခြံသွားလမ်းနှင့် ညောင်ဦး - ကျောက်ပန်းတောင်းသွား လမ်းဘေး (ဝဲ၊ ယာ) တစ်လျှောက်တွင် ရောင်းချနေသည့် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်(၂၀)အား နွေရာသီကာလ မီးဘေးအန္တရာယ် ကင်းဝေးစေရေး သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။


ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်(လက်ထောက် ညွှန်ကြားရေးမှူး)က ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များရှိ တာဝန်ခံများနှင့် တွေ့ဆုံပြီး ပူပြင်းခြောက်သွေ့သည့် နွေရာသီ အချိန်ရောက်ရှိလာပြီဖြစ်သဖြင့် စက်သုံးဆီဆိုင်များတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လျင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် မီးငြှိမ်းသတ် ပစ္စည်းများ စနစ်တကျ စီမံဆောင်ရွက်ထားရှိရန်၊ ရေလှောင်အုတ်ရေကန်များတွင် ရေများပြည့်အောင် ဖြည့်တင်းဆောင်ရွက်ထားရှိရန်၊ စက်သုံးဆီများ ရောင်းချရာတွင် သေချာစွာ စနစ်တကျ ကိုင်တွယ် အသုံးပြုရောင်းချသွားရန်နှင့် ဆီဆိုင် အဆောက်အဦများတွင် တပ်ဆင် အသုံးပြုထားရှိသည့် လျှပ်စစ်မီးကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ တို့ကို အခါအားလျော်စွာ ကြပ်မတ်စစ်ဆေးရန်တို့ကို ရှင်းလင်းဆွေးနွေး မှာကြားခဲ့ပြီး မီးဘေးနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လုပ်ဆောင်ထားမှု မရှိ/ မရှိ အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့အပြင် အလားတူ မီးဘေးအန္တရာယ် ကင်းဝေးစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက် မြို့နယ် ဦးစီးမှူး ဦးကျော်တေဇ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ ယနေ့ နံနက် ၉ နာရီက ညောင်ဦးမြို့၊ အမှတ်(၁၊ ၂) ရပ်ကွက်များသို့ တစ်အိမ် တက်ဆင်း သွားရောက်ပြီး ရပ်ကွက်နေပြည်သူများ မီးဘေးလုံခြုံမှု ရှိစေရန် လျှပ်စစ်မီးများအား စနစ်တကျ သုံးစွဲကြရန် ရှင်းလင်းဆွေးနွေး ပြောကြားပြီး မီးငြှိမ်းသတ်ပစ္စည်းများ ဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ စနစ်တကျ ပြုလုပ်ထားမှု ရှိ/မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ မီးငြှိမ်းသတ်ပစ္စည်းများ ပြုလုပ်ထားမှု မရှိသည့်နေအိမ်များအား အမြန်ဆုံး ပြုလုပ်ဆောင်ရွက်ထားရှိရန်တို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)

No comments:

Post a Comment