နေပြည်တော်၊
ဧပြီ ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့က ပုသိမ်မြို့တွင်
ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့်
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကိုမှာကြားသည်။
ယင်းနောက် ပုသိမ် -ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်း ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊
အဆိုပါ လမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်)ကြိုးတံတား၊ မရမ်းချောင် - ရွာသစ် လမ်းပေါ်ရှိ
ကျွန်းကုန်းကြိုး တံတားနှင့် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မ လမ်းပေါ်ရှိ ရွှေလောင်းကြိုးတံတားများ၏
ကြိုးထိန်းခုံ၊ တာဝါတိုင်နှင့် ကြိုးဆိုင်းများ ပြုပြင်ရန်လိုအပ်သည့်အပိုင်းနှင့် အစားထိုးလဲလှယ်ရန်
လိုအပ်ချက်များရှိသည့်အပိုင်းများကို စစ်ဆေးပြီး အမြန်ပြုပြင် သွားရန် တာဝန်ရှိသူများအား
မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယင်းနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊
လမ်းကွန်ယက် ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတွင်ပါဝင်သော လမ်းအမှတ်(၁၀)၊ ဘိုကလေး - မော်လမြိုင်
ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်းပေါ်တွင် တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၂)မှ
တည်ဆောက်နေသော ကျွန်းပြဿဒ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တံတားရှင်းလင်း
ဆောင်ရှုရပ်မှ ဝါးခယ်မဘက်ကမ်း တံတားတိုင်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကျွန်းပြဿဒ်တံတားသည် ဧရာဝတီတိုင်းဒေသကြီး လမ်းအမှတ်(၁၀) ဘိုကလေး - မော်လမြိုင်ကျွန်း
- ကျုံမငေး - ဝါးခယ်မ - မြောင်းမြ လမ်းပေါ်တွင်တည်ရှိပြီး လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့်
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ တို့အား ဆက်သွယ်ထားသော တံတားတစ်စင်း ဖြစ်သည်။ လမ်းအမှတ်(၁၀)ပေါ်တွင်
တည်ဆောက်ရန် တံတား(၂)စင်း ရှိသည့်အတွက် အဆိုပါ တံတားများပြီးစီးသွားပါက လမ်းပန်းဆက်သွယ်ရေး
လွယ်ကူအဆင်ပြေချောမွေ့သွားမည် ဖြစ် သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းစု-ကျုံမငေး-ဝါးခယ်မ လမ်းပေါ်တွင်
ရေကြောင်းသွားသင်္ဘောများ လွတ်ကင်းအောင် မတင် / မချ ပြုလုပ်၍ရသည့် လမ်းသမိုင်တံတား အခြေအနေကိုလည်းကောင်း၊
အရှည်(၃၀၂၀)ပေ ဝါးခယ်မကြိုးတံတား ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ပြုပြင်ရန်လိုအပ်သည့်
အပိုင်းများကို တာဝန်ရှိသူများမှ အမြဲအပြတ် စစ်ဆေးပြုပြင်သွားရန် မှာကြားပြီး တံတားကြီး၏ကြိုးထိန်းတာဝါတိုင်အား
ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)

No comments:
Post a Comment