နေပြည်တော်
မတ် ၆
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမပုံမှန်
အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံးမှ
ပေးပို့ထားသော ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင် ကျေးရွာ ၂၃ ရွာ
တိုးချဲ့ ဖွဲ့စည်းခြင်း၊ ကျေးရွာ ၆၈ ရွာ ပယ်ဖျက်ခြင်းနှင့် ကျေးရွာ ၃၉ ရွာ အမည်ပြောင်းလဲ
ပြင်ဆင် ဖွဲ့စည်းခြင်းတို့နှင့် စပ်လျဉ်း၍
လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ
အရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ ဥပဒေ အကြောင်းအရာများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်
အတည်ပြုရန် ဇလွန် မဲဆန္ဒနယ်မှ ဦးအောင်မင်းက အဆိုတင်သွင်းရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက
ပြန်လည် ရှင်းလင်း ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။
ယင်းဥပဒေကြမ်း တစ်ရပ်လုံးအား လွှတ်တော်၏
အတည်ပြုချက် ရယူရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက
အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော
ဆောက်လုပ်ရေး ၀န်ကြီးဌာန အိမ်ရာ ဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်
အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း
၁၅ ဘီလီယံ ချေးယူရန် ကိစ္စနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် စီမံကိန်းနှင့်
ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးများက ရှင်းလင်ပြကြသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် စီမံကိန်း
အကောင်အထည်ဖော် ဆောင် ရွက်သူ ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ ပါဝင် ဆောင်ရွက်သူ ပုဂ္ဂလိကဘဏ်များ အားလုံးနှင့် ပေါင်းစပ် ညှိနှိုင်း၍
စီမံကိန်း အောင်မြင်စေရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အညီ ချေးငွေများ တာဝန်သိသိ
ပြန်လည် ပေးဆပ်နိုင်စေရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
အလားတူ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယ ၀န်ကြီး ဦးကျော်လင်းက ပြန်လည် ရှင်းလင်း တင်ပြသည်။ ယင်းနောက် လွှတ်တော်၏ အဆုံးအဖြတ်
ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ ဘက်စုံရင်းနှီး
မြှုပ်နှံမှု သဘောတူ စာချုပ်ကို ပြင်ဆင်သည့် ဒုတိယ အခြေပြစာချုပ်ကို မြန်မာနိုင်ငံမှ
အတည်ပြုရေးကိစ္စနှင့် စပ်လျဉ်း၍ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်နှင့် ရခိုင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေတို့က ဆွေးနွေးကြသည်။
ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်က အာဆီယံစီးပွားရေး
အသိုက်အ၀န်း ရည်မှန်းချက်ဖြစ်သည့် စီးပွားရေး ပေါင်းစည်းမှု ရရှိစေရန် အာဆီယံဒေသတွင်း
လွတ်လပ် ပွင့်လင်းသော ရင်းနှီးမြှုပ်နှံမှု ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး အာဆီယံဘက်စုံ
ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပထမအခြေပြစာချုပ်ကို ၂၀၁၄ ခုနှစ်
သြဂုတ်လတွင် နေပြည်တော်တွင် ကျင်းပခဲ့သည့် စီးပွားရေး ၀န်ကြီးများ အစည်းအဝေးတွင် လက်မှတ်
ရေးထိုးခဲ့ပါကြောင်း၊ အာဆီယံ ဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို မြန်မာနိုင်ငံ
အနေဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် လက်မှတ်
ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒုတိယအခြေပြ စာချုပ် အသက်ဝင်ရေး အတွက် မြန်မာနိုင်ငံ
အနေဖြင့် ပြည်တွင်း ထုတ်လုပ်မှုနှင့် လုပ်ထုံး လုပ်နည်းများ ပြီးစီးပြီ ဖြစ်ကြောင်းကို
အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည် ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ
အနေဖြင့် အာဆီယံနိုင်ငံများနှင့် ဘက်စုံရင်းနှီး မြှုပ်နှံများ တိုးတက်များပြားလာပါကြောင်း၊
သို့ဖြစ်ပါ၍ အာဆီယံ ဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယ
အခြေပြစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုရေး ကိစ္စအား လွှတ်တော်က အတည်ပြုသင့်ပါကြောင်း
ထောက်ခံဆွေးနွေး သည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး
ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ အနေဖြင့် အခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့်အတူ
လိုက်ပါ ဆောင်ရွက်နိုင်ရန် အာဆီယံ ဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်ကို ပြင်ဆင်သည့်
ဒုတိယအခြေပြစာချုပ် အာဏာ သက်ဝင်စေရေး အတွက် ပြည်တွင်း လုပ်ထုံး လုပ်နည်းများ ပြီးစီးပြီဖြစ်၍
အတည် ပြုကြောင်း အကြောင်း ပြန်ကြားစာအား အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရန်
လွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်း တင်ပြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်
ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့မှ
ပေးပို့သော ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာ ရေးနှစ် ပထမ ၆ လပတ် အခွန်ကောက်ခံ ရရှိမှု အခြေအနေ အစီရင်ခံစာနှင့်
၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်
အစီရင်ခံစာ (၄/၂၀၁၈) တို့နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက အခွန်နှင့်
ပတ်သက်၍ ပြည်သူများ နားလည်မှု အားနည်းနေသည့် အတွက် ပြည်သူများကို အခွန်ဗဟုသုတ ရရှိစေရန်
အခွန် ၀န်ထမ်းများက သေချာစွာ ရှင်းပြပေးရန် လိုအပ်ပြီး အခွန်ဝန်ထမ်းများ အနေဖြင့်လည်း
အခွန်နှင့် ပတ်သက်၍ ကျွမ်းကျင်မှုများ အားနည်းနေသည်ကို တိုးတက်အောင် လုပ်ဆောင် ပေးသင့်ပါကြောင်း၊
အခွန် နယ်ပယ်အတွင်း အဂတိ လိုက်စားမှုများ အဓိက ဖြစ်ပေါ်နေခြင်း၏ အကြောင်းရင်းမှာ အခွန်နှင့်
အခွန်ဆိုင်ရာ အသိပညာ နည်းပါးခြင်း၊ အခွန်၏ အကျိုးရလဒ်ကို သေချာစွာ မသိရှိခြင်း၊ အခွန်ပေးဆောင်ရာ၌
ပွင့်လင်း မြင်သာမှု၊ ရှင်းလင်း ပြတ်သားသော လုပ်ထုံး လုပ်နည်း၊ လျင်မြန် မှန်ကန် တိကျသော
အခွန် ကောက်ခံမှုစနစ် စသည်တို့ အားနည်းနေခြင်း ဖြစ်သောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်
တန်းတူ အခွင့်အရေး ရရှိရေး အတွက်လည်း စနစ်တကျ လုပ်ဆောင် သင့်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းများ
ရေရှည် ရပ်တည်နိုင်ရန်နှင့် လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အခွန်များဖြင့်
ဝန်မပိစေရန်၊ သင့်တင့် မျှတသော အခွန် နှုန်းထားများ ဖြစ်စေရန်လည်း လိုအပ်ပါကြောင်း ဆွေးနွေးသည်။
အလားတူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ
ဒေါက်တာ ခွန်ဝင်းသောင်း၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ပွင့်ဖြူမဲဆန္ဒနယ်မှ
ဦးထွန်းထွန်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးဇော်ဟိန်းတို့က ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော
ယဉ်ကျေးမှု ၀တ္ထုပစ္စည်းများ ခိုးယူမှု သို့မဟုတ် တရားမ၀င် တင်ပို့မှုအပေါ် UNIDROIT အပြည်ပြည်ဆိုင်ရာ
သဘော တူညီမှုကွန်ဗင်းရှင်း (၁၉၉၅) တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရေးကိစ္စနှင့်
စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ခင်စည်သူက
နိုင်ငံတိုင်း လူမျိုးတိုင်းသည် မိမိတို့ပိုင်ဆိုင်သည့် ယဉ်ကျေးမှု ၀တ္ထုပစ္စည်းများကို
ပြန်လည် ရှာဖွေနိုင်ရန်နှင့် ပြန်လည် ထိန်းသိမ်းနိုင်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍
UNIDROIT အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု ကွန်ဗင်းရှင်း ၁၉၉၅ ကို လက်မှတ်ရေးထိုးရန် လိုအပ်ပါကြောင်း၊
၂၀၁၃ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ယူနက်စကို ကွန်ဗင်းရှင်း ၁၉၇၀ ကို လက်မှတ်
ရေးထိုးပြီး ဖြစ်ပါကြောင်း၊ ၁၉၉၅ UNIDROIT ကွန်ဗင်းရှင်းသည် တရားမ၀င် သွင်းကုန် ထွက်ကုန်များနှင့်
ယဉ်ကျေးမှု အမွေအနှစ် ပိုင်ဆိုင်မှုများအား လွှဲပြောင်းခြင်းနှင့် ဆိုင်သော ကွန်ဗင်းရှင်း
ဖြစ်သည့် ၁၉၇၀ ယူနက်စကို ကွန်ဗင်းရှင်းတွင် ပါဝင်ခဲ့သည့် အချက်အချို့အား ထပ်လောင်း
ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့် ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ၏ မူလပိုင်ရှင်နိုင်ငံသည်
ခိုးယူခံရသော သို့မဟုတ် တရားမ၀င် ကုန်သွယ်ခြင်း ခံရသော ပစ္စည်းအား ပြန်လည် ၀ယ်ယူရန်
မလိုအပ်ဘဲ သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်းများအတိုင်း လျော်ကြေး တောင်းဆိုနိုင်ပါကြောင်း၊
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးသင့်ပါကြောင်း ဆွေးနွေးသည်။
ထို့အတူ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာမြသောင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ
ဦးမင်းသိန်း၊ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ သိန္နီမဲဆန္ဒနယ်မှ စိုင်းဦးခမ်း၊
ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၊
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်ထွန်းအောင်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်နှင့်
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် တို့က ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ သာသနာရေးနှင့်
ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံ အနေဖြင့်
အိမ်နီးချင်းနိုင်ငံများနှင့် ပင်လယ် ကမ်းရိုးတန်း နယ်နိမိတ် အပါအ၀င် နယ်မြေချင်း ထိစပ်ချင်းစပ်နေသည့်
မိုင်ပေါင်းမှာ ၅၀၀၀ ကျော်ရှိပါကြောင်း၊ အဆိုပါ ထိစပ်နေသည့် နယ်နိမိတ်မှ မြန်မာ တိုင်းရင်းသားတို့၏ တန်ဖိုးမဖြတ်နိုင်သည့်
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများမှာ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေပါကြောင်း၊
UNIDRIOT အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု ကွန်ဗင်းရှင်း ၁၉၉၅ အား မြန်မာနိုင်ငံ ပါဝင်လက်မှတ်
ရေးထိုးရေး ထိုးခြင်းမှာ အပိုင်းနှစ်ပိုင်း ရှိပါကြောင်း၊ ပထမတစ်ပိုင်းမှာ မိမိတို့နိုင်ငံမှ အခြားနိုင်ငံ များသို့ ရောက်ရှိနေသည့် ရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို ပြန်လည်
တောင်းယူရေး ကိစ္စဖြစ်ပါကြောင်း၊ ဒုတိယအပိုင်းမှာ ပြည်ပနိုင်ငံများသို့ တရားမ၀င် ရောက်ရှိမသွားစေရေး
အတွက် ယခုစာချုပ်ကို လက်မှတ် ရေးထိုးခြင်းဖြင့် ရောက်ရှိသည့် နိုင်ငံများသို့ ပြန်လည်
တောင်းယူနိုင်ရေး အပိုင်း ဖြစ်ပါကြောင်း၊ မြန်မာ တိုင်းရင်းသားတို့၏ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်
ပစ္စည်းများကို ထိန်းသိမ်း ကာကွယ်နိုင်ရန် အတွက် ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့်
ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားသည့် အတွက် နိုင်ငံတော် အတွက် များစွာ ဂုဏ်ယူမိပါကြောင်း
ပြောကြားသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ
လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။
မျိုးမြင့်၊
အေးအေးသန့်

No comments:
Post a Comment