နေပြည်တော်၊
မတ် ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊
ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မတ်လ (၄)ရက်နေ့ နံနက်ပိုင်းတွင် ပအိုဝ်း ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အတူ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ဆီဆိုင်မြို့နယ်၊
ဆိုက်ခေါင် လူငယ် သင်တန်းကျောင်းသို့ ရောက်ရှိပြီး၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့်
တည်ဆောက် ပြီးစီးခဲ့သော (၁) ထပ်ခန်းမဆောင်၊ (၂) ထပ်စားရိပ်သာ၊ ကျောင်းသူ (၂)ထပ် အိပ်ဆောင်များ၊
တည်ဆောက်ဆဲ ဖြစ်သည့် အုပ်ချုပ်မှုရုံး၊ ကျောင်းသား (၂)ထပ်အိပ်ဆောင်၊ (၆)ခန်းတွဲ (၂)ထပ်
ဝန်ထမ်း အိမ်ရာများနှင့် ကျောင်းခြံစည်းရိုး ကာရံခြင်း၊ မီးသွယ်ယူခြင်း၊ စက်ရေတွင်း
တူးဖော်ခြင်း လုပ်ငန်းတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ထောက်ပံ့ငွေဖြင့်
တည်ဆောက် ပေးထားသည့် ဆိုက်ခေါင် ကျေးရွာ၊ နမ့်ပါမူ ရေလှောင်ကန် တူးဖော် ဆောင်ရွက်ထားမှုအား
သွားရောက် ကြည့်ရှု စစ်ဆေး၍ မိုးတွင်း ကာလ ရေသိုလှောင်
ထားရှိနိုင်မှု အခြေအနေ၊ မြေသားတမံများ တည်ဆောက်ထားမှု အခြေ အနေနှင့် ရေလွှဲပေါက်တို့ကို
ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊
အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း တည်ဆောက်ရန် လျာထားသည့်
မြေနေရာအား သွားရောက် ကြည့်ရှု စစ်ဆေးပြီး ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်
သွားရေး မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဟိုပုံးမြို့နယ်၊
နမ့်ပေါ်ဟွန်း- ပါပန့်- သက်သာ- ပုံချောင်လမ်း (၅/၀)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ် နယ်စပ် ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်
ကျောင်းလွယ်၊ ပါပန့်၊ နမ့်ပေါ်ဟွန်း၊ ဘုရားဖြူ၊ လွယ်ပေါ်၊ ဟိုနမ့်၊ ရွာသစ် စုစုပေါင်း
ကျေးရွာ (၇)ရွာတွင် ဆောင်ရွက် ပြီးစီးခဲ့သော လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်းတို့အား
ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ထမ့်စမ်း-
စအွန်- ဒုံကောင်- စငေါ့လမ်း (၅/၀)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းအား ဆက်လက် ကြည့်ရှု
စစ်ဆေးကာ သတ်မှတ် ကာလ ပြီးစီးရေး အတွက် လမ်းလုပ်သား အင်အား တိုးမြှင့် ဆောင်ရွက်ရန်၊
လမ်းသားများ ညီညာရန်၊ ရေနုတ်မြောင်းနှင့် လမ်းပုခုံးများကို စနစ်တကျ ဆောင်ရွက်ရန် မှာကြားပြီး
လက်ရှိ ဖောက်လုပ်နေသော လမ်းနှင့် စငေါ့ကျေးရွာသို့ ရောက်ရှိရန် ကျန်ရှိနေသော (၀/၄)မိုင်
ဆက်လက် ဖောက်လုပ်ရေး ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇-
၂၀၁၈ ဘဏ္ဍာနှစ်၊ နယ်စပ် ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက် ပေးခဲ့သော ရွာသစ်ကျေးရွာမှ
ကျောက္ကချား ကျေးရွာထိ မီးသွယ်တန်းခြင်း လုပ်ငန်းအား လိုက်လံ ကြည့်ရှု စစ်ဆေးသည်။ ညနေ့ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး
တိုးတက်ရေး ဦးစီးဌာန၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး တည်ဆောက် ပြီးစီးမှု
အခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးကာ မီးသွယ်တန်းခြင်းနှင့် စက်ရေတွင်း တူးဖော်ခြင်း
လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်၊ (၂)ခန်းတွဲ
ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးရန်တို့ အတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment